ဒီတက်ဂ်လေးဟာ ကိုသားကြီးဆီကနေ မမျှော်လင့်ပဲ ရရှိလိုက်ရတဲ့ ပထမဦးဆုံးသော တက်ဂ်လေး ဖြစ်သလို၊ နောက်အကျဆုံးသော (အသုံးမကျဆုံးသော)သူ ဖြစ်သွားမိလို့  ဦးဆုံး ကိုသားကြီးကို တောင်းပန်ရင်း ကျေးဇူးတင်စကားလဲ ပြောလိုက်ပါရစေနော်။

Angel Shaper ဆိုတာ ပေးဆပ်သူက သမီးရဲ့ Good Shaper တစ်ယောက်ဖြစ်တဲ့ ကိုလွင်မင်းခန့် ပေးလိုက်တဲ့ နာမည်လေးပါ။ သူက လောကကြီးမှာ Shape ဖို့ လိုအပ်နေတဲ့ Shapee တွေကို ကောင်းမွန်စွာနဲ့  Shape ပေးနိုင်မဲ့ သူတစ်ယောက်ဖြစ်စေလိုသော ဆန္ဒလေးနဲ့  ပေးလိုက်ခြင်းဖြစ်ကြောင်း နာမည်လေးကို လျှာရှည်စွာဖြင့် မိတ်ဆက်လိုက်ရပါ၏။ (ဘယ်သူမှမမေးလို့ ၊ ဝင်ရှည်ရတယ်လေ...အဟိ...)

ဒီဘလော့စမလုပ်ခင် ပထမဆုံးလုပ်ဖြစ်တာက Angel Shaper ရဲ့ဇာတိ ကလေး၊ စစ်ကိုင်းတိုင်းအထက်ပိုင်းက တစ်မြို့တည်းသားဖြစ်တဲ့ ကိုနောင် (naung83)ကပဲ ucoz ကနေ www.angeldim.do.am ဆိုတဲ့ site လေး စပြီး လုပ်ပေးခဲ့တယ်။ ကဲ တစ်ခုခုရေးဟေ့ ဆိုပြီး စာစရေးခိုင်းတော့၊ ဘာစာရေးရမှာတုန်းပေါ့။ သူက မင်းအကြောင်း စရေးချလိုက်ပါကွာတဲ့။ ဆိုတော့ ကိုယ့်အကြောင်းလေးကို ချရေးလိုက်မိတယ်။

သူက " ကောင်းတယ်၊ နောက်ထပ် ဆက်ရေး၊ဆက်လုပ်နော် " ဆိုပြီး ကွန်မန့်နေရာမှာ စာရေးထားခဲ့တယ်လေ။ အဲလိုနဲ့ သူက ပထမဆုံးရောက်လာတဲ့ ဧည့်သည် ၀င်မန့် ခဲ့တဲ့သူပဲပေါ့။ အဲဒီ စာလေးတွေ့တော့ ပျော်လိုက်တာ ပါဆို၊ ရှိသမျှသူငယ်ချင်းတွေကို လိုက်ကြွားပြီး ၀င်ခိုင်းရတယ်။ တစ်ချို့ က မရဘူးတဲ့။ အာ... ဘာလို့ မရတာလဲ ဆိုပြီးတော့ ပြသနာရှာတယ်... စိတ်ကောက်တာပေါ့။ သူငယ်ချင်း အောင်ကို ၀င်လည်သွားပြီး လာလည်တယ် ဆိုတာလေးကို ပျော်လို့မဆုံး။ ဒါပေမယ့် နောက်နေ့တွေ ဘာမှကို မလုပ်ဖြစ်တော့သလို ကိုနောင်က "ဘာတွေ တင်ဖြစ်ပြီလဲ" မေးရင် ကိုယ်ကဘာမှမလုပ်တတ်ရှာတော့ ဘာမှမလုပ်ဖြစ်သေးဘူးပေါ့။ သူလုံးဝ သဘောမကျ ပါဘူး။ သူ့မှာ တော်တော်လေး ညစ်သွားပုံရတယ်။ ညစ်မှာပေါ့........ လို့ Angel Shaper.... ငယ်ငယ်ကတည်းက "ကျွန်တော်၏အကြောင်း" လို စာစီစာကုံးတောင် ဖြစ်အောင်ရေးတတ်တာ မဟုတ်ဘူးလေ။ သီချင်းသာ ဆုန်သင်းပါရ်တို့  တင်ဇာမော်တို့ ရှုံးအောင်ဆိုတတ်တာ။ (ဟဲ.. ဟဲ....ကြော်ငြာဝင်ခြင်းဖြစ်၏။)

ကိုနောင်လည်း နောက်ပိုင်း အွန်လိုင်းတက်မလာနိုင်တော့ ၁လကျော်၊ ၂လလောက် သူနဲ့ အဆက်အသွယ် လုံးဝ ပြတ်သွားတယ်။ ကိုယ်ကတော့ ကဗျာလေး တစ်ပုဒ်လေး နှစ်ပုဒ်လေး စမ်းရေးမိတယ်။ ပေးဆပ်သူက ကိုလွင်မင်းခန့်၊ ကိုနိုင်ကြီး၊ သူငယ်ချင်း အောင်ကို၊ သူငယ်ချင်း Richard (မှော်ဘီ)၊ မောင်လေး အားလီတို့တွေ သနားပြီး၊ နှစ်သိမ့်တဲ့ အနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့ ၀င်ပြီး မန့်ပေးကြရှာပါတယ်။ မမန့်ရင်လဲ ပြသနာအရှာခံရလို့ ပါမှာပေါ့။ သူတို့ မန့်ခဲ့တာလေးတွေကို ကိုယ့်မှာ ဖတ်လို့မဝ၊ ရှုလို့ မဝ ဖြစ်ခဲ့ရတယ်လေ။ ကိုယ်ကသာ ဘာမှမရေးတတ်တာ။

နောက်တော့ "မင်းဆိုဒ်လေးက လှပါရဲ့ မျက်စိကြိမ်းလိုက်တာဟယ်၊ မှောင်မည်းနေတာပဲ၊ တခုခုတော့လုပ်ပါဦး" ဆိုတဲ့ ကွန်မန့်တွေများလာတာနဲ့ပဲ တာချီလိတ်က သူငယ်ချင်းဟိန်းနီကို ဝင်ကြည့်ခိုင်းလိုက်တယ်။ ငါ့ဆိုဒ်လေးကို ဝင်မွှေပေးသွားပါပေါ့။ သူက သိပ်နားမလည်ပါဘူးဟာ။ Blogspot ပဲလုပ် အဲဒါလွယ်တယ်။ ငါလုပ်ပေးမယ် ဆိုပဲ။ အဲလိုနဲ့  သူက ကိုယ့်ကို ကူညီသင်ပေးရင်း နှစ်ယောက်သား ဘလော့စပေါ့လေးစတင်လုပ်ဖြစ်သွားတယ်။

အဲလိုနဲ့ သူငယ်ချင်းနှစ်ယောက် ဘလော့လေးကို စလုပ်ရင်း ဘလော့ Title လေး ဘာပေးမလဲဆိုတော့ အွန်လိုင်းမှာ ဖွန်ကြောင်နေတဲ့ အကိုတစ်ယောက်ကို လှမ်းမေးရတယ်။ "အကို ဘလော့ လုပ်မလို့ ဘာနာမည် ပေးရမလဲ" မေးတော့ သူ့ဟာသူဆေးလိပ်သောက်ချင်တာကို ဆေးလိပ်သွားသောက်ချင်တယ်မပြောပဲ၊ ပညာရှိ စတိုင်နဲ့ "ခနလေးစောင့် ငါသွားစဉ်းစားလိုက်ဦးမယ်" တဲ့။ သူဆေးလိပ်သောက်တာ...အဲ... သွားစဉ်းစားတာကို စောင့်လိုက်ရသေးတယ်။ ခနနေတော့ ဖြူစင်ကြယ် လို့ ပေးလိုက်ပါတဲ့။ ဖြူစင်တဲ့ ကြယ်ကလေးတွေလို လူတွေကို အလင်းပေး၊ လမ်းပြပေးနိုင်တဲ့သူ ဖြစ်စေချင်တဲ့ ဆန္ဒလေးနဲ့တဲ့။ "အင်း...ဟုတ်ကဲ့ ကောင်းတယ်၊ အဲဒါပဲပေးမယ်" ဆိုပြီး ဟိန်းနီကို ပြောပြလိုက်တော့။ သူကလဲ လျှာရှည်တယ် တကယ်... " ဟေးးး ကြယ်ဖြူစင် မဟုတ်ဘူးလား၊ နင့်ဟာက မှားနေတယ်" တဲ့။ "အာ..ရှည်လိုက်တာဟယ်၊ ငါ့အကို အဲလိုပဲပေးသွားတာ၊ ဖြူစင်ကြယ်ပဲ ပေးမယ်" ဆိုတော့မှ သူလဲမတတ်နိုင်လို့  "အိုကေ" ဆိုပြီး လိုက်လျောလိုက်ရ တော့တာပေါ့။ အဲလိုနဲ့ ဖြူစင်ကြယ်ဆိုတဲ့ ဘလော့လေးဖြစ်လာတယ်။ အဲဒီညမှာပဲ Do We Have Good Manners? ဆိုတာလေးရေးပြီး တင်ကြည့်တယ်။ ဘယ်သူမှလာမဖတ်ဘူးလေ။ မြန်မာလိုလည်း သိပ်မရိုက်တတ်တော့ နောက်ပိုင်းဒီလိုပဲ ပစ်ထားမိတယ်။

အားတဲ့အချိန်တိုင်းတော့ ကိုနိုင်ကြီးတို့ရဲ့ ပေးဆပ်သူ ဆိုတဲ့ ဘလော့လေးမှာတော့ သွားပြီး ဝင်ဖတ်လေ့ရှိပါတယ်။ သူတို့ တင်တဲ့ စာလေးတွေက ဗဟုသုတအပြင် သင်ခန်းစာလေးတွေ မှတ်စရာ၊ လိုက်နာစရာလေးတွေပါတော့ အဲဒီပဲရောက်ဖြစ်တယ်လေ။ ဘယ်သူ့ ဘလော့မှလဲ မသိသေးတော့ အဲဒီပေးဆပ်သူပဲ ကိုယ့်မှာအဖော်ရှိတာကိုး။ ချတ်တင် ကလဲ ကိုယ်ကသိပ်စိတ်မရှည်တာနဲ့ ဘယ်သူနဲ့မှ ရေရေလည်လည် မချတ်ဖြစ်ခဲ့ပါဘူး။

တစ်နေ့ တော့ ပေးဆပ်သူမှာ တင်သမျှ အဟောင်းအသစ်တွေ အကုန်ဖတ်ပြီးလို့  လုပ်စရာမသိဖြစ်နေချိန်မှာ ဒီနေရာတွေလည်း သွားလည်ပါဆိုတဲ့ စာကြောင်းလေးအောက်မှာ သင်ပုန်းကြီးဖတ်စာဆိုတာလေးကို သွားတွေ့ လို့  ဝင်ကြည့်လိုက်တော့ (အကိုလား၊ မောင်လား မသိတဲ့) ရေတမာ ရေးထားတာလေးတွေ အများကြီးပဲ ဖတ်လို့ ကောင်းလိုက်တာ။ မသိတဲ့လူတွေ ဝင်မန့် လို့ မရဘူးထင်လို့ ၊ ဘာမှမမန့် ပဲ စာတွေ အကုန်ဖတ်သွားလိုက်တယ်။ အဲဒီကတဆင့် ကိုသားကြီး၊ မနိုင်းနိုင်းစနေ စတဲ့............ တွေ့သမျှ ဘလော့တွေ ဝင်မွှေကြည့်တယ်။ ဖတ်လို့ သိပ်ကောင်းလိုက်တဲ့ စာတွေပါဆို။

ကိုသားကြီးဆီရောက်သွားတော့ ကျားကလေးရဲ့ ပုံပြင်လေးနဲ့ တန်းတိုးတာပဲ။ ဝင်ဖတ်ပြီးတော့မှပဲ "It is My ရင်ဘတ်၊ and you can leave your ခြေရာ၊ But, not ဖနှောင့်၊ P; thank you" ဆိုတာလေးကို တွေ့တော့ သဘောကျလို့  ဝင်မန့် ကြည့်လိုက်တာ၊ ရသွားလို့ ပျော်လည်းပျော်၊ ကြောက်လဲကြောက်သွားသေးတယ်။ ချက်ချင်းပြန်လှည့်ပြေးလာတယ် တန်းနေတာပဲ.... ခစ်ခစ် (တစ်ခါမှ မမန့် ဘူးလို့ လေ)။ သူလိုက်လာပြီး လာလည်သွားကြောင်း၊ တန်းပလိတ်ချိန်းဖို့ မသွားကြောင်း၊ လာလည်သွားတာ ကျေးဇူးတင်ကြောင်း ရေးသွားတာ တွေ့တာ ပျော်ကြောက်ကြီး ဖြစ်ပြီး အဲဒီည အိပ်လို့တောင် မပျော်ဘူး။

အဲလိုနဲ့  ငှက်ကလေးရဲ့စာမျက်နှာ၊ ကောင်းကင်ပြာ၊ သူ့ဆီက တွေ့တဲ့ လက်လှမ်းမှီတဲ့ ဟာတွေ အကုန် ဝင်မွှေ လိုက်တာ။ မန့် မိတာတွေ မန့် ခဲ့နဲ့ တော်တော် ညဥ့်နက်လို့ ကျေနပ်သွားမှ အိပ်ယာဝင်လိုက်မိတယ်။ မနက်နိုးလို့  ဖြူစင်ကြယ်လေး ဖွင့်ကြည့်လိုက်တော့ ကိုသားကြီး၊ မကောင်းကင်ပြာ၊ ငှက်ကလေး၊ Dream ၊ မနန်းတို့ ဝင်လည် ဝင်မန့် သွားကြတယ်။ အားလားးးး လားးးးး ပျော်လိုက်တဲ့အပျော်ဆိုတာလေ၊ ပျော်တယ်ဆိုတဲ့ စကားထက်ပိုရင် ပိုများနေမလားမသိပါဘူး။ ရင်ထဲမှာပီတိတွေဖြစ်တာ မပြောပါနဲ့တော့။ မမျှော်လင့်ရဲခဲ့သလို၊ ထင်လည်းမထားပဲ ရောက်လာကြတယ်လေ။ ကိုယ်ကရဖူးတဲ့ forward လေးတွေ၊ ရေးမိရေးရာတွေလျှောက်ရေးပြီး တင်ထားတယ်။ သူများတွေလိုလဲ ရေးတတ်တာ၊ တော်တာလည်းမဟုတ်လို့လေ။

အင်း.......... အားလုံးကို အားတော့ နာမိသား။ ဘာလို့ လဲ ဆိုတော့ (ကြော်ငြာနောက်တစ်ခုဝင်ရမယ်ဆိုရင်ဖြင့်) ငယ်ငယ်တုန်းက သိုင်းဝတ္ထု သိပ်ကြိုက်တာ။ ဖတ်ပြီးလို့ရှိရင် အိမ်ပေါ်ကနေပဲ ခုန်ချလိုက်ရင် အောက်မရောက်ပဲ ပျံသွားတော့မှာလိုလို၊ လူကတက်ကြွတာ၊ လေထဲမှာသိုင်းကျင့်ရင်များ ပျော်စရာသိပ်ကောင်းမှာပဲ ဆိုတဲ့ ပေါကြောင်ကြောင် အတွေးတွေ တွေးမိဘူးလောက်အောင်ကို ဖတ်ခဲ့ဖူးတယ်လေ။ တစ်နေ့  သိုင်းဝတ္ထုတစ်အုပ် ဖတ်ရင်းနဲ့  (စာရေးဆရာ မမှတ်မိတော့လို့ မပြောတော့ပါဘူး) သိုင်းသမားနဲ့  ရန်သူတွေ လမ်းမှာတွေ့ပြီး ဖိုက်ကြတဲ့ အခန်းပေါ့။ ကိုယ်က စာဖတ်တာ ဈာန်ဝင်နေပါတယ်ဆိုမှ စာရေးဆရာ လုပ်ချလိုက်ပုံကို ကြည့်ဦး "မည်သို့ လုပ်လိုက်သည်မသိ၊ လူငါးဦးလဲကျသွားသည်" တဲ့။ တိန်...အာ ဘာကြီးလဲပေါ့။ ရေးနေတဲ့ သူတောင် မသိလိုက်ရင် ငါကဘယ်လိုလုပ် သိမလဲ??? ဆိုတာလေးတွေးမိပြီး မကျေမနပ်ဖြစ်မိလို့ နောက်ပိုင်း သိုင်းဝတ္ထု မဖတ်ချင်တော့ဘူး။ ခုထိပါပဲ သိုင်းဝတ္ထု သိပ်မဖတ်ဖြစ်တော့တာ။ ခုကိုယ်တိုင်လဲ အဲဒီလိုပဲ ဘာမှမရေးတတ်ပဲ၊ မသိနားမလည်ပဲ ရေးချင်ရာလျှောက်ရေးနေတဲ့ သူကိုမှ (ဘာပဲဖြစ်ဖြစ်ပေါ့)လာပြီးအားပေးကြ၊ ခင်မင်မှုလေးတွေ ပြသပေးနေကြတော့ အတိုင်းထက်အလွန် ၀မ်းသာကြည်နူးရကြောင်းလေးပါ။ အားလုံးရဲ့ ဖိတ်ခေါ်မှု၊ လက်ခံမှု လေးတွေ၊ အားပေးမှုလေးတွေက Angel Shaper လို ဘာမှမဟုတ်တဲ့ ကောင်မလေး တစ်ယောက်အတွက် အားဆေးလေး တစ်ခွက်ဖြစ်ခဲ့ရပါတယ်။

နောက်ပိုင်း တွေမှာလည်း ချင်းမလေး၊ မကိကိ၊ မမြူး၊ ဂျပန်ကောင်လေး၊ ကိုရီနို၊ မေဇင်၊ မီးမီးချစ်၊ မမမေ၊ ယောကျာင်္းလေး အမှတ်နဲ့ ညီရေလို့  အားပေးခဲ့တဲ့ ကိုကြယ်သောကြာ၊ အနမ်း၊ မမိုးခါး၊ ချစ်ပါးလုံး၊ တလနွန်၊ ရေတမာ၊ ကြယ်ကလေး၊ မမဟာဆန်၊ ကိုနွေဆူး၊ ဇော် တို့ နဲ့ အားလုံးသော သူငယ်ချင်းတွေက သူတို့ ရဲ့ ဖြူစင်ပြီး ချစ်ဖို့ ကောင်းတဲ့ အားပေးနှစ်သိမ့်မှု၊ ခင်မင်မှုလေးတွေ လာပြီး ပေးသွားကြတယ်လေ။ အဲဒါလေးတွေအားလုံးက Angel Shaper ရဲ့ ရင်ဘတ်ထဲကို တိုက်ရိုက်ဝင်ရောက်လာလို့  စိုင်းစိုင်းခမ်းလှိုင်လို မြန်မာလိုပဲ ပြောလိုက်ချင် ပါတယ်။ Angel Shaper အားလုံးကို အရမ်း ကျေးဇူးတင်ရင်း ခင်မင်မိပါတယ် လို့လေ။

(ရေးချင်သလို၊ လျှောက်ရေး လိုက်မိတာလေး၊ ကိုသားကြီးတစ်ယောက် ကျေနပ်မိပါစေလို့ )

ချစ်ခြင်းများစွာဖြင့်
Angel Shaper
19.7.09 ( Sun; )
12:45 Am

11 comments:

အွန်လိုင်းမှာ ဖွန်ကြောင်နေတဲ့ အကိုဆိုတဲ့လူ
ဆေးလိပ်သောက်ပြီးပေးလိုက်တဲ့နာမည်လေးက
အရမ်းကိုလှပပြီးအဓိပ္ပါယ်ရှိလှပါတယ်
တော်ပါတယ်
သိုင်းဝတ္ထုဖတ်တဲ့လူတော်တော်များများတွေ့ဖူးတယ်
ငယ်ငယ်ကဆို အဲဒီစာအုပ်ဖတ်တဲ့လူကြီးတွေကိုတွေ့ရင် သူတို့လည်း သိုင်းတတ်ကြမှာပဲဆိုပြီးကလေးအတွေးတွေးမိတယ်
ပြန်စဉ်းစားရင်ရယ်ချင်တယ် သူတို့သိုင်းတတ် မတတ်မသေချာပေမယ့် စာဖတ်တာတော့တော်တော်မြန်သွားကြတယ်ဟ
သိုင်းဝတ္ထုတွေက အုပ်နဲ့သင်းနဲ့ ဇာတ်လမ်းတွေကလည်း အရမ်းရှည်လျားထွေပြားတာကိုးဟ
tagလေးကိုအခုလိုအချိန်ကုန်ခံပြီးလိုလိုလားလားရေးပေးတာ
ကျေးဇူးပါသူငယ်ချင်းလေးရေ.....
ရှေ့ဆက်ပြီး“ဖြူစင်ကြယ်”ဆိုတဲ့နာမည်အတိုင်း
ကြယ်လေးတွေလို လူတွေကို အလင်းပေး လမ်းပြပေးနိုင်ပါစေ...။

တက်ဂ်ပို့စ်လေးဖတ်သွားပါတယ်ဗျာ

good luck

ခင်မင်စွာဖြင့်
သီဟသစ်

တို့လဲ ဖတ်သွားတယ် ဖြူစင်ကြယ် လေးရေ၊ စာက ရေးရင်နဲ့ ရေးတတ်လာမှာပါ၊ ကြိုးစားရေးပါ၊ မမ တို့တောင် ခုထိ သေချမရေးတတ်သေးပါဘူး၊ ကြိုးစားရေးနေရတာ၊ များများရေးနော်

အယ် မမ ညီမဆီမှာ မမပို့စ်က အသစ်ဆိုပြီးလဲ မတက်ဘူး ဒါနဲ့ မလာတာ မမရေ ဂယ်ပဲ အိမ်က လင့်ခ်လေ ဘာဖြစ်နေမှန်းကိုမသိဘူး မမရေ ဟိဟိ

ရယ်ရတယ် နော် မမဖြစ်လာပုံကလဲ ဟားဟားးးး

မည်သို့လုပ်လိုက်သည်မသိက သမိန်ပေါသွပ်မလား ဘူးထွားထွားလေ ခိခိ

လမင်း said...

အရမ်းကို ချစ်ဖို့ ကောင်းတဲ့ ဖြူစင်ကြယ်လေးပါ။
ကြိုးစားပြီးရေးပေါ့။ ဖြစ်လာပါလိမ့်မယ်။
အောင်မြင်ပါစေဗျာ။

သိတာနောက်ကျသွားတယ် အရင်ထဲကသာသိရင် ငါ့နာမည်လည်း ပါမှာ..ဟဲဟဲ
ခင်ခင်မင်မင်နောက်မိတာပါ...။
ဒီလိုပါပဲ စာကတော့ အားလုံးကြိုးစားပြီး ရေးရတာပါပဲ
အားပေးပါတယ်..။

ကြယ်မောင်နှမနော်
post တင်ရင်အသိပေးနော်

စာများများရေးနော်
အားပေးမယ်

ဟိတ်
ငါမလာဖြစ်တာကို အပြစ်မတင်လို့တော်သေး တာပေါ့ကွာ ဟူးးးးးးးးးးး
အခုမှ စိတ်ပေါ့တော့တယ် လာလည်တယ်နော်
ပျောက်သွားတယ်လို့ မပြောနဲ့တော့ကြားလား
ဟီးးးးးး
ခင်မင်သူ
ဟိန်းနီ

သိုင်းဝတ္ထုအကြောင်းလေး ရေးထားတာ သဘောတကျပြုံးမိတယ်။ ညီမလေးရေ နောက်ဆုံးမှ ဆုံဖြစ်ပေမယ့်လည်း အားပေးနေပါတယ်။

ရေးထားတာ ချစ်စရာလေးပဲ။း)
အခုတော့ ပြုံးနိုင်နေပြီပေါ့။ ဖြစ်လာပါတယ်။း)

နန်း said...

ရင်နှင့်ရင်းပြီး အပေးခံလိုက်ရတဲ့ ပထမဦးဆုံးသော တက်ဂ်ပို့စ်လေးမှာ ပြန်ဝင်မန့်သွားတယ်.... :P :P