ချစ်လှစွာသော အပျိုကြီး တီတီနှင်း ( နှင်းနဲ့မာယာ)က ချစ်ခင်၍
တက်ဂ် ထားသဖြင့် ငယ်ငယ်က ရွှတ်နောက်နောက် ရွတ်ခဲ့ဖူးသော
မှတ်မိသမျှလေးများ ပြန်အံရလတ္တံ့ ။

တကယ်ဆိုရင် ကျွန်မရွတ်ခဲ့ဖူးတဲ့ ကဗျာလေးတွေကိုတော့ သိပ်မမှတ်မိတော့ပါဘူး။
ဒါပေမယ့် အမှန်ကို ၀န်ခံရမယ်ဆိုရင်တော့ ငယ်ငယ်က
ကြားခဲ့၊ ရွတ်ခဲ့ဖူးတဲ့ ကဗျာလေးတွေက ကျွန်မစိတ်ကို တကယ်လွှမ်းမိုးခဲ့တာပါ။
ခုလို ပြန်ရေးရတော့လဲ ငယ်ငယ်တုန်းက ဘ၀လေးတောင် ပြန်သတိရမိပါတယ်။

အိမ်ဘေးနားက ဦးငယ် ကဗျာလေး ရွတ်ပြီး ငယ်ငယ်ကချော့ခဲ့ဖူးတာ အမှတ်ရမိတယ်။
ဖိုးရွှေလမင်းရေ
သမီးကို ထမင်းဆီဆမ်းလို့ 
ရွှေလင်ဗန်းနဲ့ ကျွေးပါဦး။ တဲ့....

ဒီလိုလေးလိုက်ရွတ်ပြီး ချော့သိပ်တာခံခဲ့ဖူးတော့ ဖိုးရွှေလမင်းက
လိမ္မာရင်၊ အငိုတိတ်ရင်၊ ရွှေလင်ဗန်းနဲ့ ထမင်းဆီဆမ်းပြီး
လာကျွေးမယ်ဆိုတဲ့ အတွေးနဲ့ လိမ္မာအောင်ကြိုးစားဖူးတယ်။
အငိုလဲ တိတ်ဖူးတယ်။ ဖိုးရွှေလမင်းကျွေးတဲ့ ရွှေထမင်းဆီဆမ်း စားချင်တာကိုးးးးးးး
ခုတော့ လိမ္မာရင် ရေခဲမုန့် စားရမယ်ဆိုတဲ့ အသိလေး ရှိထားတော့
လိမ္မာဖို့ ကြိုးစားရပြန်ပေါ့။ အဟီးးးး

အရမ်းကိုကြောက်လန့်စေခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်လဲ ရှိပါတယ်။
ဂျာအေးပါ...

မုန့်လုံးကို စက္ကူကပ် ပါတဲ့
ကြာကလပ်နဲ့ ဆွမ်းတော်တင်
ပလ္လင်ပေါ်က မျောက်ကလေး
ဆင်းတယ်လို့ ပြေး ဂျာအေး
ဂျာအေးကို သူ့ အမေရိုက် မှောင်မိုက်မှာငို
ကိုလူပျို ထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလဲ
တွဲလဲနေပါဦး မိုးတောင်ကခြုန်း မုန့်လုံး မုန့်လုံး။

ဒီကဗျာလေး ရွတ်ခဲ့မိတုန်းကဆိုရင်တော့ ဂျာအေးက အမှောင်ထဲမှာ ငိုလို့ 
ကိုလူပျိုက ထရံပေါက်ကနေ သူ့ ခြေထောက်ကိုဆွဲပါတယ် ဆိုတဲ့ အသိလေးနဲ့
အမှောင်ထဲရောက်ရင် မငိုရဲပါဘူး။ ခြေထောက်အဆွဲခံရမယ် ဆိုပြီး အသေကြောက်တာပေါ့။
ငိုနေရင်းနဲ့ အမှောင်ထဲရောက်ရင်တောင် ချက်ချင်းတိတ်ပါတယ်ဆို။
ကိုလူပျို ဆိုတာကြီးကိုလဲ မသိဘူးလေ။ မဲမဲကြီး၊ အကောင်ကြီးကြီးနေမယ် ဆိုပြီး အရမ်းကြောက်ခဲ့ပါတယ်။ အဲလောက်တောင် ကဗျာလေးတစ်ပုဒ်က ကလေးတစ်ယောက်ရဲ့ စိတ်ကို လွှမ်းမိုးနိုင်ခဲ့တာပါ။

နောက်တစ်ခုကျတော့ ခုထိသုံးဖြစ်နေတဲ့ ကဗျာမဟုတ်စာမဟုတ်လေးပေါ့။
ရက်သုံးဆယ်မှာ စက်တင်ဘာ၊ ဧပြီ၊ ဇွန် နဲ့ နိုဝင်ဘာ ကျန်လများမှာ သုံးဆယ့်တစ်
ဖေဖော်ဝါရီ နှစ်ဆယ့်ရှစ်၊ ရက်ထပ်နှစ်မှာ တစ်ရက်တိုး ဖေဖော်ဝါရီ နှစ်ဆယ့်ကိုး။
အင်းးးးးး ခုချိန်ထိပါပဲ.... ဇူလိုင်လ ဘယ်နေ့ လကုန်မှာလဲဟေ့ လို့ များ အမေးခံရရင်ဖြင့်
ဒီဟာလေး ရွတ်ပြီးမှ အဖြေပေးနိုင်ခဲ့ပါတယ်။

ကျောင်းစာဆိုရင် မှတ်မိနေတတ်တဲ့ သူထဲမှာ ကျွန်မ မပါပါဘူး။
ဒါပေမဲ့ အောင်ဆန်းဇာနည်ဆိုတာလေးတော့ ခုထိမမေ့သေးဘူး။
ရင်ထဲမှာခုထိမှတ်မှတ်ရရရှိနေတုန်းပါပဲ။
အောင်ဆန်းဇာနည်
ဖေဖော်ဝါရီ ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့ နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင် သိကြများ ခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင်ဒေါ်စု သား
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့  ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် ဒို့ ဖခင်
ကောင်းစေချင်တဲ့ အမှာစကား ငါတို့ မမေ့အား
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား။
ချမှတ်သွား။ ချ..... မှတ်..... သွားးးးးးးးးးးးးးးးး ကျွန်မ ရွတ်တဲ့ စတိုင်ပါ။
ဒီကဗျာလေးက ခုချိန်ထိ ရင်ထဲကို အမှတ်ရစေတဲ့ ကဗျာလေးပါ။

ရှိသေးတယ်.... အရမ်းသဘောကျတဲ့ ကဗျာလေး....
ဘေးအိမ်က ငယ်သူငယ်ချင်း ဖိုးသာထူးဆိုတဲ့ ပိန်ပိန်သေးသေးလေး တစ်ယောက်ကို အမြဲစနောက်နေကျလေ။
ဖိုးသာထူး
ဖိုးသာထူး.... ဖိုးသာထူး၊ အလွန်ဝတဲ့ ဖိုးသာထူး
ဖိုးသာထူးက ၀မ်းပူပူ၊ ဖိုးဝကြီးနဲ့ တူ
တူပါသကွဲ့ မယုံငြား......ဒီမှာကြည့်ပါလား......... ၀ါးးးးးးးးးးး
ဆိုပြီး ပိန်ပိန်ညောင်ညောင် ဖိုးသာထူးကို ပါးတွေဖောင်းပြ၊ မျက်လုံးပြူးပြပြီး လိုက်စနေကျ ကဗျာလေးပါ။

စာတွေထဲက မမေ့နိုင်တဲ့ အကြိုက်ဆုံးတွေ အများကြီးပါ။
အဲဒါတွေထဲက တစ်ခုကိုလဲ မှတ်မှတ်ရရ ပြောလိုက်ချင်တယ်။
စားစရာ လာယူပါ။ လုမယူရ။ တဲ့။။ အဟီးးးးးးးး ခုထိသိပ်ကြိုက်.....

ချင်းတိုင်းရင်းသူလေး ဖြစ်တဲ့ ကျွန်မက စကားလဲ ၀ဲတဲတဲပါ။
ဒါကို သူငယ်ချင်းတွေက ချစ်လို့ ပဲ နေမှာပေါ့ စကြပါတယ်။
ဘယ်ကလာသလဲ၊ ဘယ်နယ်ကလဲ။ အလယ်ကလူ၊ စကားဝဲ၏။ တဲ့....
ကျွန်မနှစ်ခြိုက်ပါတယ်။ ကိုယ်လဲ လိုက်ရွတ်ဖူးတယ်လေ။

အတန်းထဲက ကောင်လေးတစ်ယောက် ကိုရင်ဝတ်တော့
ပိုက်ဆံ ငါးပြား ချေးစမ်းပါ၊ ချီးဘူးးးးးးး ချီးဘူးးးးးးးးးး ဆိုပြီး သူငိုအောင် လိုက်စဖူးသေးတယ်။

ရန်ဖြစ်ဖူးတဲ့ ငတိမလေးတစ်ယောက်ကိုတော့ စက္ကူစလေးနဲ့ပေါက်ပြီး
နင့်ခေါင်းပေါ်မှာ အမှိုက်ကြီး၊ နင့်အမေ ဗိုက်ကြီး။ ဆိုပြီး ဘာရယ်မဟုတ် ရန်စွာဖြစ်ခဲ့ပါသေးတယ်။

၁၀တန်း အောင်စာရင်းတွေ ထွက်တဲ့ မနက်မှာ သူငယ်ချင်းတွေနဲ့ ဂစ်တာတစ်လက် ကိုင်ပြီး
ကော်ဖီဆို ဂျာဗာ၊ ကော်ဖီဆိုဂျာဗာ၊ ကောဖီးဆို ဂျားအားဗာ...
ကော်ဖီဆို ဂျာဗာ၊ ကော်ဖီဆိုဂျာဗာ၊ ကောဖီးဆို ဂျာဗာ... ကော်ဖီဆို ဂျာဗာ...
ဆိုပြီးကျောင်းရှေ့မှာ ပေါက်ကရ အော်ဖြစ်ခဲ့ပါတယ်။ အဲတုန်းကတော့ သိပ်မငယ်တော့ ပါဘူး။
ဒါပေမယ့် ကလေးလိုပဲ စိတ်လွတ်ကိုယ်လွတ် အော်ခဲ့တာလေ။

ကဲ... တီနှင်းရေ.... ဒီလောက်ပဲ မှတ်မိတော့တယ်။
နောက်လ မကူးခင် အမြန်ဆပ်တာနော် အဟီးးးးးး
အကြွေးဆပ်လိုက်ပြီဖြစ်၍ .... ရေခဲမုန့်လာစားတော့မည်.... ဒါပဲ......
ကျေနပ်နိုင်ပါစေ။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
31.7.09 ( Fri; )
11:40 Pm

18 comments:

ပိုက်ဆံ..ငါးပြားချေး..စမ်းပါ..
ချေးဘူး..ချေးဘူး..
ဟီးးး..ကြိုက်တယ်..
ပျော်ရွှင်မူတွေ..ဆိုက်ရောက်ပါစေ.
နဒီမိုးညို။

အခု ဂျာအေးက မှောင်မှာ မကြောက်တော့ဘူး။မီးစက်နှစ်လုံးတောင် ဝယ်ထားတယ်။တလုံးက မီးထွန်းဖို့ တလုံးက ကက်ဆက် ဖွက်ဖို့(မဆင့် အသံနဲ့တူအောင်)
နောက်တာပါရှီးးးးးးးးးးးးး။ :P
ညီမရေးတော့ ဗိုလ်ချုပ်ကဗျာလေးက
အာဇာနည်အမှတ်တရဖြစ်သွားတာပေါ့။
နောင်ကလေးလေးတွေ ဒီကဗျာမျိုးတွေ ရွတ်နိုင်ကြပါ့မလားနော်။ဟီးးဟီးး မသိဘူး။

ငယ်ငယ်က ကဗျာလေးများလာဖတ်သွားသည်။

ကဗျာရေးပေးတာတော့ ကျေးဇူးတင်ပါတယ်...
နောက်ဆက်တွဲက ရေခဲမုန့်ကို နားမလည်လို့...
ဘာဖြစ်လို့ရေခဲမုန့်စားချင်တာလဲဟင်...
ပြောခဲ့မိလို့လား
ဒီက မေ့တေ့တေ့ရယ်နော်...

ရောက်တယ် ဖိုးသာထူး ရေ ။။။
ဂျာဗား ကော်ဖီတိုက် ပါ ။။ ရေခဲမုန့်  မကြိုက်လို့ ..

ခိခိ ..ရယ်သံ ( မောသံ မဟုတ် )

ကလေးအငိုတိတ်အောင် အရိပ်အယောင်လာပြသည်

ဟယ်...မန့်ခဲ့တာ ဘယ်ပျောက်... pw မှားသွားတယ်ထင်ပ....။ ဟင့်ဟင့်... ပြန်ရေးရမယ်..
ခုနရေးထားတာ အများကြီးပဲ.... ကိုလူပျို ခြေထောက်ဆွဲမှာ ကြောက်တဲ့အကြောင်း ၊ လတွေ ဘယ်နှစ်ရက်နဲ့ ကုန်လဲ ... အဲ့ဒီ ကဗျာလေးနဲ့ မှတ်တဲ့အကြောင်း..၊ ချီးဘူး ကို မသိတဲ့အကြောင်း.... ဟိဟိဟိ .... ခုတလော....ငယ်ဘ၀ ကိုတကယ်လွမ်းတယ်ကွယ်...။

ကြည့်ရတာငယ်ငယ်တုန်းက ကဲကဲလေးနော်

ကော်ဖီဆို ဂျာဗား ကော်ဖီဆို ဂျာဗား ကော်ဖီဆို ဂျာဗားးးးးးးးးးးးး
အတူတူလိုက်အော်တယ်နော် ဟိဟိ
ဒါနဲ့ ကော်ဖီတိုက်ပါလားဟင် ဂျာဗားကော်ဖီသောက်ချင်လို့ပါ နော်နော်နော်

ဗိုလ်ချုပ်ကဗျာလေးကိုအမှတ်ရနေတယ်ဆိုလို့
ဝမ်းသာတယ် ဂုဏ်ယူတယ် ငါတောင်မေ့တေ့တေ့ဖြစ်နေပြီဟ
ငယ်ငယ်ကအစအနောက်သန်လိမ့်မယ်ထင်တယ်
ဖိုးလမင်းကထမင်းဆီဆမ်းရွှေလင်ဗန်းမပေးနိုင်ဘူးထင်တယ်
သူကိုယ်တိုင်တောင်မှငတ်တစ်လှည့်ပြတ်တစ်လှည့်
ကြည့်ပါလား ပိန်လိုက် ဖောင်းလိုက်နဲ့ကောင်းကင်မှာဖြစ်ပျက်နေတာ ဟီးး
ညကတောင်စောင့်သေးတယ် youtubeကtwilightဇာတ်လမ်းကိုလှဲကြည့်နေရင်း တခါထည်းအိပ်ပါပျော်သွားတာ ခုမှပဲလာမန့်ရတော့တယ် :)

ငှက်ကလေး said...

မမအိန်ဂျယ်ရေ ဟိဟိ အောင်ဆန်းကဗျာလေး ကူးသွားတယ်နော် သိလား အစ အဆုံးမရဘူး အောက်ဆုံးနားလေးပဲ ရတော့တာ အခုလို ပြန်ဖော်ပြပေးတာ ကျေးဇူးပါ မမရေ

ဘိုင်

ရက်သုံးဆယ်မှာ စက်တင်ဘာ
ဧပြီဂျွန်နဲ့ နိုင်ဝင်ဘာ
ကျန်သောလမှာ ၃၁
ဖေဖော်ဝါရီ ၂၈
ရက်ထပ်နှစ်မှာ ၁ရက်တိုး ဖေဖော်ဝါရီ ၂၉..
အဲ..ဘာလိုလိုနဲ့ လခ ထုတ်ရက်တောင်ရောက်လာပါပေါ့လား
လခထုတ်ရင် အမြန်တိုး
ဖေဖော်ဝါရီ ၂၉....
ဖြစ်နိုင်ရင် ၃၁ တွေဖြစ်နေရင်ပိုကောင်းမယ်..ဟဲ..

ငယ်ငယ်တုန်းကတော့ ပြန်တွေးကြည့်တိုင်း ပျော်စရာတွေချည်းပဲပေါ့ဗျာ။ အခုတော့ အားလုံး လွန်ခဲ့ပါပြီလေ။

ကော်ဖီဆို ဂျားဗား။
ကျနော်လဲ အော်သွားတယ်။ =)

ရောက်ပါ၏

ပထမဆုံးအကြိမ်ပါ...
ငယ်ဘဝကိုသတိရသွားတယ်

ညောင်ပင်တစ္ဆေ
ဝေဝေလေလေ
နင်ဘယ်ကိုင်းမှာနေ
ညောင်ကိုင်းမှာနေ
နင်ဘာသီးစားညောင်သီးစား
နင်ဘာရည်သောက် ညောင်ရည်သောက်.. ဟားဟားဟား

ပျော်ရွှင်ပါစေ
စည်သူ။

ကဗျာလေးတွေ လိုက်ရွတ်ပြီး ပျော်သွားတယ်
:)

ခင်မင်စွာဖြင့်
သီဟသစ်

နင့်ခေါင်းပေါ်မှာ အမှိုက်ကြီး၊ နင့်အမေ ဗိုက်ကြီး။ ဆိုတဲ့ စာလေးဖတ်ပြီး ပြုံးမိတယ်။ ညီမလေးက ငယ်ငယ်လေးက စာချိုးတတ်တာပဲ ....:D

တော်လိုက်တာ မရောင်ဆို ဘာမှမှတ်မိတော့ဘူး။ ဟီး