ပထမဆုံး Angel Shaper လုပ်တဲ့ အလုပ်က စပြောရမယ်ဆိုရင် ဖက်ရှင် အင်္ကျီဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ အရောင်းစာရေးပေါ့။ ဒီနေ့ သောကြာနေ့ဆိုတော့ ဈေးဝယ်နဲနဲ များပါတယ်။ အလုပ်လဲ နဲနဲ ရှုပ်တယ်။ ဝန်ထမ်းလဲ သိပ်မလောက်တော့ နဲနဲပင်ပန်းတာပေါ့လေ။ အဲလို အလုပ်များနေတဲ့ကြားထဲက တတ်နိုင်သလောက် ဈေးဝယ် သူတွေကို လိုက်ကူညီပေးနေရပါတယ်။ ရှုပ်နေတာတွေ ရှင်းရင်းနဲ့ Local ဈေးဝယ်သူနှစ်ယောက် ဂျင်းဘောင်းဘီ လိုက်ဖွနေတာတွေ့တော့ သူတို့ဆီသွားပြီး ဘာကူညီရမလဲ မေးလိုက်ပါတယ်။ တစ်ယောက်က သူ့ဆိုဒ်လိုချင် တယ်လို့ပြောပါတယ်။ တို့လဲ သူ့ဆိုဒ်က ဘာဆိုဒ်လဲ ပြန်မေးတာပေါ့။ အဲလိုနဲ့ သူ့ဆိုဒ် လိုက်ရှာပေးတယ် ဆိုပါ တော့။ တို့ဆီမှာက သူလိုချင်တဲ့ဂျင်းဘောင်းဘီဆိုဒ် ကုန်နေပါတယ်။ တခြား ဂျင်းဘောင်းဘီ ပုံစံ ဒီဇိုင်းအမျိုးမျိုး
လိုက်ပြပေးပါတယ်။ သူက အခြားတစ်ခုကို လှမ်းဆွဲပြီး ဈေးနှုန်းကပ်တဲ့ Label လေးမရှိတော့ ကိုယ့်ကိုမေးတယ်။ ဒီလိုနဲ့ ဘယ်လောက်မှန်းမသေချာဖို့ ဈေးနှုန်းကို ကွန်ပျူတာမှာ သွားစစ်ပေးမယ်ဆိုပြီး လှမ်းထွက်မယ် အလုပ်မှာ တစ်ယောက်က စိတ်မရှည်စွာ သူတို့ Arabic လို ထဆဲပါတယ်။

ဒီနေရာမှာ ဆဲတယ်လို့ ပြောလိုက်ရပေမယ့် တို့ Arabic လို မတတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကို ဆဲမှန်းသိနေတယ်။ ခံစားနေရတယ်လေ။ ဗိုက်ထဲက ပုဏ္ဏားလေး ပြောပြတာပဲနေမှာပေါ့။ အဲဒီလူဆဲတော့ ဘေးက မန်နေဂျာမလေး ဖြတ်ကနဲ အဲဒီလူကို မျက်လုံးပြူးပြီး ကြည့်လိုက်သလို၊ တို့လည်းရပ်ပြီး သူ့ကို ဖျတ်ခနဲ ပြန်လှည့်ကြည့်လိုက် ပါတယ်။ ကိုယ်ကလဲ သူ့ကို စိတ်ရှည်ရှည် လိုက်ကူညီပေးရသေးတယ်။ အဲလို ဘလိုင်းကြီးထဟောင်တာတော့ Angel Shaper မခံစားနိုင်ပါဘူး။ တော်တော်ဒေါသထွက်မိပါတယ်။

ငယ်ငယ်ကတည်းက အဖေ ဆုံးမထားတာ တစ်ခုရှိပါတယ်။ "သမီး။ သူများတွေက သမီးကို ဘယ်လိုပြောပြော၊ ဆဲဆဲ သည်းခံတတ်ပါစေ။ စိတ်မဆိုးပါနဲ့။ အလွန်ဆုံး ချီးထုတ်လေး၊ ခွေးမလေး ပြောရင်တောင် စိတ်မဆိုးပါနဲ့ ကွယ်။ ဘာလို့လဲဆိုတော့ ငါ့သမီးက ချီးထုတ်မှ မဟုတ်တာ။ ခွေးမလေးမှ မဟုတ်တာနော်" လို့ အရာရာမှာ စိတ်တို၊ စိတ်ဆတ်ပြီး၊ ဒေါသထွက်လွယ်တဲ့ စိတ်မရှည်တဲ့ တို့ကို ဖေဖေ အဲလို ဆုံးမခဲ့ဖူးပါတယ်။ တို့ ရဲ့ Shaper ကြီး တစ်ယောက်ဖြစ်တဲ့ အကို၊ အဘ၊ ဘကြီးမိုး ကလဲ ခံစားလွယ်၊ စိတ်တိုလွယ်တဲ့ တို့ကို "Try To Watch Your Feeling And Know That What Your Mind's Happening, So That You Can Control Yourself " ဆိုပြီး သေချာဆုံးမထားဖူးပါတယ်။ အဲလို ဆုံးမ ခဲ့ကြပါရက်နဲ့ ဒီနေ့  စိတ်လိုက်မာန်ပါ ပြန်ရန်စွာမိတဲ့ အတွက် ဒီနေရာ ကနေ သူတို့ကို တောင်းပန်လိုက်ပါတယ်။ နောက်ကို စိတ်ထိန်းနိုင်အောင်လည်း ကြိုးစားပါ့မယ်လို့ မချင့်မရဲ ဂတိထပ်ပေးပါတယ်။

ဒီနေ့တော့ အင်မတန် ဒေါသထွက်မိတာ အမှန်ပါ။ ဘာသိဘာသာ နေလိုက်ရင် ရမဲ့ ကိစ္စလေးပါ။ ဒါပေမယ့် မနေတတ်ခဲ့ပါဘူး။ သူတို့ကို ပြန်ပြောမိပါတယ်။ "တို့ကို အဲလိုမဆဲပါနဲ့။ လူလိုပြောပါ။ နားလည်အောင်ပြောပါ။ တို့ဟာ ဒီမှာ ဈေးဝယ်သူကို ကူညီဖို့  အလုပ်လုပ်နေတာပါ။ အဓိပ္ပာယ်မရှိတဲ့ စကားမျိုး သုံးပြီး မစော်ကားပါနဲ့" လို့  ပြန်စွာမိပါတယ်။ သူတို့ ကိုယ့်ကို အဲလို ထဆဲစရာ ဘာအကြောင်းမှ မရှိတာပါ။ သူ့ဟာသူ Local မကလို့  မိုက်ကယ်လ် ဖြစ်နေရင်တောင် လုံးဝ ဂရုမစိုက်ပါဘူး။ မကြောက်ပါဘူး။ (ရန်ကုန်မှာ Kick Boxing ထိုးလာ ခဲ့သူပါ။ Akido လည်း နဲနဲ ရသေးတယ်။ ဟဟားးးး သူတို့လောက်တော့ မဖြုံပါဘူး။ မလန့်မိပါဘူးလေ။) Angel Shaper ကိုယ့်ကိုယ်ကို တန်ဖိုးထားပါတယ်။ အလုပ်ကိုလဲ သိက္ခာတရား၊ ကိုယ်ကျင့်တရားနဲ့ တတ်နိုင်သလောက် ကောင်းမွန်စွာ ကြိုးစားပြီးလုပ်ပါတယ်။ သူတို့စိတ်ရှိတိုင်း အသားလွတ်ဆဲတာ ခံနေရအောင် ကိုယ်ဟာ အပေါစား ဈေးသည်၊ အောက်တန်းစား ဈေးသည်လည်း မဟုတ်သလို၊ မကောင်းတာ လုပ်စားနေတာလည်း မဟုတ်ပါဘူး။ အဲဒီတော့ လုံးဝကို ဂရုမစိုက်ပါဘူး။ ကိုယ့်ကို အဲလို ဆဲတာ မကြိုက်ပါဘူး။ အဲဒါကြောင့်ကိုယ်လဲ မဆဲပါဘူး။

ဘယ်သူ့ကိုမှ မကြောက်လို့  ဒူဘိုင်းကိုလာတာပါ။ Angel Shaper ဒီလို နိုင်ငံကို လာပြီး အလုပ်လာလုပ်ဖို့ ဘယ်သူမှ မတိုက်တွန်းပါဘူး။ ကိုယ့်ဘာသာ ဆုံးဖြတ်ပြီးမှ လာတာပါ။ မြန်မာပြည်ကနေ အဝေးသင်ဘွဲ့လေး တစ်ခုတောင် မယူခဲ့ရတဲ့ တို့ ဟာ ရန်ကုန်မှာ IELTS ဖြေပြီး နိုင်ငံခြားကျောင်းတက်နိုင်ဖို့  ထွက်လာခဲ့တာပါ။ ကျောင်းလခတွေလည်း သွင်းပြီး သွားပါပြီ။ အားလုံး ဆင်သင့်ဖြစ်နေပေမယ့် ဗီဇာ တင်တဲ့ နေရာမှာ မပြည့်စုံလို့ နောက်နှစ် စာသင်နှစ် ရွေ့လိုက်ရပါတယ်။ ဒီတော့ အဲဒီ တစ်နှစ် အတွင်း ဘာသင်တန်းတွေ တက်ရမလဲ၊ ဘာလုပ်ရင်ကောင်းမလဲ စုံစမ်းရင်းနဲ့ အလုပ်အင်တာဗျူးခေါ်တာတွေ့တော့ လျှောက်ကြည့်တယ်။ အင်တာဗျူးကို ဘာရယ်မဟုတ် အတွေ့အကြုံရအောင် ဝင်ဖြေကြည့်မိပါတယ်။ အတူဖြေတဲ့ သူတွေက ဘွဲ့တွေလည်းရပြီး အလုပ် အတွေ့အကြုံ ဘယ်စင်တာ၊ ဘယ်ပလာဇာ၊ ဘယ်ဆိုင်မှာ ဘယ်နှနှစ် အတွေ့အကြုံရှိ၊ ဆိုတာတွေ မြင်ရပါတယ်။ ကိုယ်ကျတော့ ၁၀တန်းအောင်ပြီး ဘာအလုပ်မှမလုပ်ဖူးဘူး။ ကျောင်းတက်ဖို့လုပ်နေဆဲလူတစ်ယောက်ဆိုတော့ နဲနဲတော့ ရယ်ရတာပေါ့လေ။ ကုမ္ပဏီရဲ့ Area Manager ကိုယ်တိုင် ဒူဘိုင်းကနေလာဗျူးတာပါ။ သူက အလုပ်နဲ့  ပတ်သက်တာ တစ်ခုမှ မမေးပါဘူး။ မေးရင်လဲ ဖြေတတ်မှာ မဟုတ်ဘူးလေ။ အဲလိုနဲ့ ဒူဘိုင်းကို သွားရမှာနော်တဲ့။ အင်တာဗျူးဖြေဖို့ လာကတည်းက ဒူဘိုင်းဆိုတာ မြန်မာပြည် ရဲ့ ဒေသ တစ်ခုခုလို့  ထင်ထားခဲ့လို့ လာလျှောက်တာပါ။ ဟဟားးး အဲလောက် ဗဟုသုတ ကြွယ်ပါတယ်။

အဲလိုနဲ့ အင်တာဗျူးအောင်တယ်ပေါ့။ ဗီဇာကျပြီလဲဆိုရော စဉ်းစားရပါတော့တယ်။ ၃၊ ၄နှစ် ကျောင်းသွားတက် ပြီးရင် အလုပ်ကို လုပ်ရမှာပါပဲ။ ပြီးတော့ အဲဒီ ၃၊ ၄ နှစ်မှာ ကုန်ခဲ့တဲ့ငွေတွေကို ပြန်ရှာဖို့ တော်တော်လေး ပြန်ကြိုးစားရမယ်။ အတွေ့အကြုံလည်းလိုအပ်လာမယ်။ ခုမထင်မှတ်ပဲ အလုပ်ရတော့ လုပ်ကြည့်မှပါပေါ့။ ပြီးတော့ ကိုယ်က တစ်နှစ်ကြီးတောင် အားနေတာပဲ။ မုန့်ဖိုးတောင် စုဖြစ်ဦးမယ် ဆိုပြီး ဖေဖေ့ကို ဖုန်းဆက်၊ အိမ်ပြန်ပြီး အားလုံးကိုနှုတ်ဆက် ဆုံးမစကားတွေနာယူပြီး ထွက်လာခဲ့တာပါ။ တကယ်ဆို မရင့်ကျက်သေးတဲ့ ကလေးဆိုးသာသာတို့ကို အဘွားဆို ခုထိ စိတ်မချပါဘူး။ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်တတ်တဲ့ ခပ်စွာစွာ ကလေးတစ်ယောက်ပါဆိုပြီး တဖွဖွနဲ့ အဆင်ပြေ၊ မပြေ စိတ်ပူကြတုန်းပါ။ ဒီအသက် ဒီအရွယ်နဲ့ ဒီကိုလာပြီး အလုပ်လာလုပ်တာ မချမ်းသာတဲ့ တို့ရဲ့မိသားစု အတွက်သက်သက်ပါ။ သိပ်ချစ်ရတဲ့ အဘွား၊ အဖေနဲ့အမေ မောင်လေး၊ ညီမလေးတွေနဲ့ မကျန်းမာတဲ့ ဦးလေး မိသားစု၊ ငယ်ငယ်ရွယ်ရွယ် မုဆိုးမ ဖြစ်ရရှာတဲ့ အဒေါ်တို့ သားအမိ၊ မိသားစုအားလုံး အတွက် အနစ်နာခံပြီး ကြိုးစားနေတဲ့၊ အရမ်းပင်ပန်းနေပြီဖြစ်တဲ့ စကာင်္ပူက တို့ရဲ့ အဒေါ်၊ လုပ်ချင်တာကို လုပ်ခွင့်မရသေးတဲ့ ဒေါ်လေးတို့အတွက်ပဲ ကြိုးစားပြီး စွန့်စားချင်မိတာပါ။

Angel Shaper ရဲ့ ပင်ကိုယ်စိတ်ကိုက အရမ်းကြီး ချမ်းသာကြွယ်ဝ ချင်တဲ့ ဆန္ဒလဲ မရှိလှပါဘူး။ လှချင်ပချင်တာ၊ ဝတ်ချင်စားချင်တာ၊ ဟိုဟာလိုချင် ဒီဟာလိုချင်တာ သိပ်မရှိသလောက်ပါပဲ။ အလှအပအတွက် အချိန်ကုန်၊ ငွေ အကုန်ခံပြီး ဘာမှ ထူးခြားလာမှာမဟုတ်တဲ့ ကိုယ့်ရဲ့ ပင်ကိုယ်ရူပကာအစွမ်းကို သိထားလို့ စိတ်မဝင်စားမိတာလဲ ဖြစ်ချင် ဖြစ်မှာပေါ့လေ။ ဘယ်လောက်တောင်လဲဆို တစ်ချို့  အလှပြင်ဘူးတွေ၊ ပစ္စည်းတွေကို ဖွင့်တောင် မဖွင့် တတ်ပါဘူး။ ဟဟားးး အဲလောက်ကို မိန်းမဆန်ပါတယ်။ Angel Shaper ဟာ သီချင်းလေးတွေရယ်၊ ဂစ်တာ တစ်လက်ရယ် ရှိပြီး၊ ရေခဲမုန့်  ပုံမှန်စားနေရရင် ကျေနပ်နေသူ။ ရော့ခ်သီချင်းကောင်းလေးတွေနဲ့ ကော်ဖီ ကောင်းကောင်း တစ်ခွက် ရှိနေရင် ပြည့်စုံတယ် ထင်တတ်သူပါ။

ခုချိန်မှာ မိသားစုကို လိုချင်တဲ့ ပုံစံရောက်အောင် ပြန်မလုပ်ကျွေးနိုင်သေးတာကိုတော့ ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်ရပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ ကြိုးစားရဦးမယ် ဆိုတာကိုတော့ နှလုံးသွင်းပြီး အားမွေးထားပါတယ်။ ဒီအလုပ်က ကိုယ့်အတွက် ပထမဦးဆုံး အလုပ်အတွေ့အကြုံဆိုတော့လဲ အင်မတန် ညစ်စရာတွေ များပါတယ်။ ဒီလို မိသားစု အတွက်ပဲ စွန့်စားချင်တဲ့ အတွက် ဘယ်လို အခက်ခဲ ပဲရှိနေပါစေ၊ သူတို့ အားလုံး အတွက် လုပ်နေရ တာပဲ ဆိုတာတွေးကြည့်မိရင် ပိုပြီးသည်းခံလာနိုင်သလို၊ အကုန်လုံးနီးပါး အဆင်ပြေလာပါတယ်။ ကြိုးစားချင် စိတ်လည်း ပိုရှိလာပါတယ်။ ချစ်စရာကောင်းတဲ့ မောင်အငယ်ဆုံး သားငယ်လေးက ဘယ်လိုစာရေးပြီး အားပေးသလဲဆိုရင် "မမရေ... အဆင်ပြေလား၊ ကျွန်တော်တို့ ညတိုင်း ဆုတောင်းပေးတယ်နော်။ ဘာမှအားငယ် နဲ့ သိလား။ ဘယ်သူ့ကိုမှလဲ မကြောက်နဲ့နော်။ အိမ်မှာလိုပဲ ခပ်စွာစွာနေ သိလား" တဲ့။ Angel Shaper မျက်ရည်တောင် ဝဲခဲ့ရတဲ့ အားဆေး တစ်ခွက်ပေါ့။

ဟိုးလွန်ခဲ့တဲ့ ၃၊ ၄ လောက်က တို့ ဆိုင်ကို ကုမ္ပဏီရဲ့ ဘော့စ်ဆိုသူ လာပါတယ်။ ဖြစ်ချင်တော့ မန်နေဂျာရဲ့ နားရက်ပါ။ တစ်နေ့ကပဲ ဒီနွေရာသီမှာ မရောင်းရတဲ့ အနွေးထည်တွေကို အပြင်မထုတ်ပဲ Stock Room ထဲမှာပဲ ထည့်ထားမိကြတာပေါ့။ သူအင်မတန်ဒေါသထွက်ပါတယ်။ ရှိသမျှ လူအကုန်ခေါ်ပြီး ဆူပါတယ်။ ဘာလို့ ဒီဂျာကင် အားလုံး ဒီထဲရောက်နေတာလဲလို့ တို့ကို မေးတယ်။ "ဒါတွေကို သမီးတို့ မန်နေဂျာက အထဲ ခနထားမယ် ဆိုလို့ ထားတာပါ" လို့ ဖြေခဲ့ပါတယ်။ သူက "ဒါဆို ပြတင်းပေါက်ကနေ ခုန်ချလို့ ငါခိုင်းရင် ခုန်ချမလား" တဲ့။ တော်တော် အဓိပ္ပာယ်မရှိတဲ့ စကားပါ။ "မခုန်ပါဘူး။ ဘာလို့ ခုန်ချရမှာလဲ။ အဓိပ္ပာယ်မရှိတာ" ဆိုတော့။ သူက "ဘာလို့ လဲ" တဲ့။ "ရော် သေမှာပေါ့ဗျ" လို့  ပြန်ဖြေခဲ့တယ်လေ။ သူက "ကဲ အဲလိုနင်တို့် ကို နာကျင်မယ် ဆိုတာသိတတ်ရင်၊ နင်တို့ခုလို ပေါ့ရော့တာ ငါ့စီးပွားရေးကို ထိခိုက်စေတယ်။ င့ါကို နာကျင်စေတယ်ဆိုတာ နားမလည်ဘူးလား" တဲ့။ "အယ်... ဒါကတော့ မန်နေဂျာက အဆင်ပြေအောင် လုပ်တာလေ။ ထားစရာနေရာလဲ မရသေးလို့ပါ" လို့ ပြန်ပြောတော့။ "ဒါဆို နင်တို့မန်နေဂျာထက် ငါ ပိုပြီး အာဏာရှိတယ်ဆိုတာ မြင်ချင်တာလားတဲ့ (အရေးထဲ အာဏာရူးနဲ့ လာတွေ့နေတယ်။ တို့ကြားဖူးတဲ့ နိုင်ငံ တစ်နိုင်ငံက အုပ်ချုပ်သူလို စိတ်မျိုး ဝင်နေသေးတယ်။ အာဏာလိုချင်တာ၊ ပြချင်တာ ကိုပြောတာပါ)။ လုပ်ပြမယ်တဲ့။ Dim မင်းကို နောက်တပတ် အိမ်ပြန်ပို့မယ်" တဲ့။ မဆီမဆိုင်လေ.... ပျော်ပျော်ကြီးပေါ့။ ကြားချင်တာကြာပေါ့ ထိုစကား။ တို့အပြုံးမပျက် "ဟုတ်ကဲ့။ အိုကေ။ ပို့ပါ။ ပြန်မယ်" လို့  အဖြေပြန်ပေးလိုက်ပါတယ်။ ဒီလိုကိစ္စလေးနဲ့ အိမ်ပြန်ပို့ မှာလား၊ ပို့ စမ်းပါလားဗျာ။ ပျော်လွန်းလို့ ကပြီးတောင် ပြန်မယ့်သူပါ။

သူက ပြောပါသေးတယ်လေ... "နင်တို့ မြန်မာနိုင်ငံမှာ ငွေဈေး ဘယ်လောက် ရှိတယ်။ အလုပ်လုပ်ရတာ ဘယ်လောက်ခက်ခဲတယ် ဆိုတာ ငါသိတယ်။ ဘယ်လိုအခြေအနေရှိတယ်" ဘာညာနဲ့ တို့နိုင်ငံကိုများ ရာရာနဲ့ စစ သူက အထင်သေးတဲ့စကား၊ စော်ကားချင်တဲ့ စကားတွေ လာပြောနေပါသေးတယ်။ ကိုယ့်အမိမြေထိရင် မခံတဲ့ Angel Shaper ပါ... ပြန်ပြောပါတယ်။ "ဟုတ်ပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် အမှန်အတိုင်း ပြောရမယ် ဆိုရင် သမီး ဒီကိုမလာခင် အလုပ်မလုပ်ဖူးသလို အလုပ်မရှိပါဘူး။ သင်တန်းတွေ၊ ကျောင်းတွေပဲ တက်ရပါတယ်။ အဲဒီအချိန် သမီးတို့အိမ်မှာ ထမင်းကို ပုံမှန်စားနိုင်သလို လူလိုသူလိုဝတ်ရပါတယ်။ ခု သမီး ဒီမှာ အလုပ်လာလုပ် တယ်။ ကျန်ခဲ့တဲ့ မိသားစုတွေ ချမ်းသာမသွားပါဘူး။" လို့ ပြန်ဖြေလိုက်ပါတယ်။ အိမ်ပြန်ရင်တောင် ကိုယ့်နိုင်ငံမှာ ငတ်သေမသွားဘူး ဆိုတာ ပြတာပါ။

သူက အံ့သြပါတယ်။ "Dim, I'm not Making you Fun, I'M Telling You Seriously" တဲ့။ "ဟုတ်ကဲ့ပါ၊ ဟုတ်ပါပြီ၊ အိုကေပါတယ်။" ဆိုပြီး ပြုံးပြုံးလေးပါပဲ။ အတူတူ အဆူခံရတဲ့ ဖားမကတော့ ငိုပြပါတယ်။ မပို့ပါနဲ့ပေါ့။ Angel Shaper ကတော့ မပြောပါဘူး။ ကိုယ့်ကိုယ်ကို မှားတယ်လို့ မှ မထင်တာ။ မန်နေဂျာအနေနဲ့လည်း အဓိပ္ပာယ်မရှိပဲ၊ ဒီလိုမလုပ်ဘူး ဆိုတာ ယုံကြည်ထားတယ်။ အကြောင်းရှိလို့ အထဲ ခနပို့ တာပဲလေ။ ဒီလိုနဲ့ ပဲ ဘောစ့်ဆိုသူက "နောက်တစ်ခါ မင်းတို့ မန်နေဂျာ လုပ်ခိုင်းတိုင်း လိုက်မလုပ်ပါနဲ့ အဓိပ္ပာယ်မရှိဘူး ထင်ရင် မေးပါ။" လို့ ပဲ နောက်ဆုံး လေပြေပြန်ထိုးသွားပါတယ်။

Angel Shaper ပြောချင်တာက ကိုယ့်နိုင်ငံမှာ ခက်ခဲနေပေမယ့် တစ်ခုခု ရှာကြံလုပ်ပြီး နေထိုင်စားသောက်လို့ ရပါသေးတယ်။ ဒီလို သူများနိုင်ငံမှာ အလုပ်လာလုပ်တာဟာလည်း အနဲဆုံး ပိုက်ဆံ ပိုရမယ်၊ ပိုစုမိမယ် ထင်လို့  လာခဲ့ကြတာမလား။ ကျွန်လာခံတာမှမဟုတ်တာ။ အလုပ်လာလုပ်တာပါ။ ဒီလို ကောင်းကောင်းမွန်မွန် အလုပ် လာလုပ်တာကို လူသားချင်းချင်း လာနှိမ်ချင်တယ် ဆိုရင်တော့ Angel Shaper လက်မခံတတ်ပါဘူး။ ကိုယ် ကောင်းတယ်ထင်ရင်လဲ ငြိမ်ခံမနေပါဘူး။ ဘယ်သူ့ကိုမှ ဂရုမစိုက်တာပါ။

Angel Shaper ဒီပိုစ့်ရေးတာ အင်မတန် ခံပြင်းလွန်းလို့ရယ်။ နောက်မှရောက်လာတဲ့ မောင်ငယ်၊ ညီမငယ်တွေ ဂျူနီယာလေးတွေကိုအဓိက ပြောချင်တာပါ။ သူများ ဘာပြောပြော ငြိမ်ခံပြီး အလျော့မပေးစေချင်တာပါ။ ရိုးရိုးသားသားနဲ့ အလုပ်ကို ကြိုးစားပါ၊ အမှားနည်းအောင်လည်း ကြိုးစားလုပ်ပါ။ အထက်လူကြီးပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ် သူများ လေးစားအောင်ကြိုးစားပြီး ကျင့်ကြံနေထိုင်ပါ။ အပြောမခံရအောင်လည်း နေပါ။ လာပြောရင်လဲ မခံပါနဲ့။ အထိခိုက်မခံပါနဲ့ ။ အနှိမ်မခံပါနဲ့။ အလုပ်လုပ်တာ သခင်လိုပဲလုပ်ပါ။ ကျွန်လို မလုပ်ပါနဲ့။ ကိုယ်လည်းလူ၊ သူလည်းလူပါ။ လူဟာလူပဲ ဘာမှမကွာပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်း တောင် ပညာပြ၊ အနိုင်ကျင့်တတ်တဲ့ သူတွေ ကြားရ၊ တွေ့ရပါတယ်။ Angel Shaper ကတော့ လုံးဝကို အနိုင်ကျင့် မခံသလို၊ ကိုယ်လဲ ပြန်မလုပ်တတ်ပါဘူး။ ဘယ်နိုင်ငံခြားသားမှ ဇွတ်မှိတ် အထင်မကြီးသင့်သလို၊ ခေါင်းငုံ့ခံပေးစရာလည်း မလိုဘူးလို့ မြင်ပါတယ်။ လူလူချင်းဟာ လူစိတ်မွေးပြီး Respect ပေးသင့်တယ် လို့ ပဲ ထင်ပါတယ်။ ဒီလောက်ပဲလေ။ ဘာကိုမှ မကြောက်ပဲ၊ စိတ်ဓာတ်ကြံ့ခိုင်ကြစေချင်ပါတယ်။ Angel Shaper တော့ တော်တော် ဆရာလုပ်တာပဲလို့ မမြင်စေချင်ပါဘူး။ ရင်ဘတ်ထဲက စေတနာမေတ္တာနဲ့ ခံပြင်းစိတ်လေးတွေကို နားလည်ပေးကြပါကုန်...........
အားလုံး အဆင်ပြေလို့ အောင်မြင်ပျော်ရွှင်ကြပါစေနော်။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
29.8.09 ( Sat; )
3:45 Am

34 comments:

လေးစားပါတယ်။ ဒီလို စိတ်ဓါတ်မျိုးရှိတာ ချီကျူးပါတယ်။

ဖတ်သွားပါတယ် ..

ဟုတ်တယ် တကယ်တော့ သိပ်ကြောက်ပြနေရင် မကောင်းဘူး...။ ကိုယ်မှန်တယ် ထင်ရင် ပြန်ပြောရဲတဲ့ သတ္တိတော့ ရှိဖို့လိုတယ်..။း))

မငုံ said...

သိပ်ကောင်းတယ်။ အခုလို ပြန်ပြောရဲတာ။ ပြန်မပြောချင်လို့ နေနေရင် အတယ်ထင်ပြီး ပိုနိုင်ချင်ကြတယ်နော်။ ကိုယ်မှန်ရင်တော့ တခွန်းချင်းစီ ပြန်ရှင်းနိုင် ပြန်ယှဉ်ပြီး ပြောနေရတယ်။ စားစရာမရှိလို့ အလုပ်လာလုပ်တယ်များ မှတ်နေသလား မသိဘူးနော်။ Dim ကြိုးစားထား။ ရေတမာနဲ့ ဒီတခါတော့ တည့်သွားပြီပေါ့။ ဒီလိုစိတ်ဓာတ်ရှိတာ ချီးကျူးတယ်။

အလုပ်အကြောင်းလေးတွေဖတ်သွားပါတယ်
အဆင်ပြေပါစေဗျာ

ဟုတ်ပါတယ်....

ဖတ်၇င်းဖတ်ရင်းနဲ့ ဒေါတောင်ကန်လာတယ်..
ကောင်းပါတယ်.. ဖြစ်သင့်ပါတယ်.. ပြောသင့်ပါတယ်..

ကိုယ့်ရဲ့အခြေအနေလည်း ရှိသေးတာပေါ့လေ..

ဟုတ်ပါတယ်.. အမှန်အတိုင်းပဲလုပ်ပါ..
ကြာက်စရာ မလိုပါဘူး..

ပြန်ပို့ရင်လည်း.. ဘာတတ်နိုင်မှာလဲ..

ဒါပေမယ့် ..တစ်ခုတော့ ပြောချင်ပါတယ်..

သည်းခံ သင့်မသင့် ကိုတော့ .. ကိုယ်ဖာသာကိုယ် ဆုံးဖြတ်လို့ရပါတယ်..

နိုင်ငံခြားထွက်တဲ့လူတိုင်းကတော့ ကလေးတွေ မဟုတ်ကြဘူးလေ..

ကိုယ်ပိုင်အသိ.. ကိုယ်ပိုင်ဦးနှောက် ရှိကြပါတယ်..

ခင်မင်စွာဖြင့်
စည်သူ။

နင့် မကျေနပ်မှုတွေကို သေချာဖတ်သွားတယ်
သူငယ်ချင်း သည်းခံသင့်တာတော့ သည်းခံပေါ့
ပလိန်းကြီးလာ စော်ကားလို့ ကတော့ တွယ်သာ
လွှတ် ......
ခင်မင်လျှက်
ရန်ကုန် :D

“မြန်မာဟေ့”လို့ဆိုလိုက်ရင် အထင်သေးချင်နေကြတဲ့
ကူလီအမျိုးလို့ပဲထင်ချင်နေကြတဲ့
လူအပေါင်းကိုကျွန်ုပ်နားရင်းတီးချင်နေပါ၏
သယ်ရင်းလေးပြောသလိုပဲ
ငတ်လို့သူတို့ဆီလာလုပ်တာမဟုတ်ပါဘူး
ကိုယ့်အိမ်မှာလည်းကိုယ့်ဘာသာကိုအနေသာကြီးပါ
ဟုတ်မလားလို့လာလုပ်ကြည့်တာ
အဲလိုလူမျိုးနဲ့ချီပြီးနှိမ်မယ်
ဆိုရင်တော့ sorryပါပဲ သူဋ္ဌေးမကလို့
bill gatesရဲ့ယောက်ဖဖြစ်နေပါလေ့စေ
“မကျေနပ်ရင် ရော့ခြေမစုပ်”လို့ပဲ ပြောချင်ပါတယ် ကိုဆိုရင်သူဋ္ဌေးသမီးမွေးနေ့မှာသူဋ္ဌေးနဲ့ထထိုးမယ်လုပ်လို့ ညတွင်းချင်းအလုပ်တန်းပြုတ်တာ အိမ်လည်းရောက်ရော ဝီစကီလေးမော့ ကာရာအိုကေလေးနဲ့ကြော့လို့
စာရင်းထဲတောင်မရှိဘူးသူတို့ပေးတဲ့လစာကို တော်ပြီကွာ အိမ်ပြန်ပြီးလူမိုက်ပဲလုပ်တော့မယ် ဟေးးးး
အခွေထုတ်မယ်ဆိုပြောဦးဟ....

အဆိုတော်လုပ်မယ်ဆိုရင်ပါ
ရေခဲမှုန့်လိုအေးတဲ့အစာတွေရှောင်စေ
ချင်တယ် ။

စွာတေးလန်ကို လာအားပေးပါတယ်..
နောက်နောင်မှာလဲ ဒီလိုပဲ စွာကြတာပေါ့နော်...
မှန်တယ်ထင်ရင် လုပ်သာလုပ် စွာသာစွာ
အားပေးတယ် ကောင်းတယ်...
ဗလ အားကိုးနဲ့ဆိုတော့ မိုက်လို့ကောင်းတာပေါ့နော်...
ဟဲဟဲ

မနှင်း

မကြောက်နဲ့လို့တော့ ပြောသွားတာပဲ...
ဒါပေမယ့် ကစ်ဘောက်ဆင်သင်ခဲ့တယ်ဆိုတော့ အိမ်လာလည်ရမှာတောင် လန့်နေတယ်...

းဝ)

ဟုတ်တယ်..မှန်တယ်
ဆက်ဆွဲ..သူငယ်ချင်း အားပေးနေတယ်...
စတာနောက်တာကို သည်းညည်းခံလို့ရပေမယ့်..
ရင့်တာကြောတာကိုတော့ ငြိမ်မနေနဲ့...
စိတ်ဆိုးအောင်လုပ်တာကို မညိုညင်ပေမယ့်...စိတ်နာအောင်တော့
လာ မလုပ်နဲ့...
ဒီလိုမဟုတ်မခံ ပြန်ပြောတတ်လို့ ရိုင်းတယ်အပြောခံရတယ်...ဟုတ်တယ် ရိုင်းချင်ရိုင်းတယ်အပြောခံချင်ခံရမယ် .....လူ့ဂွစာအထင်ခံချင်ခံရမယ်..အမှန်တရားအတွက်
No worries..
..ဒါပေမယ့်..
ငါတို့တွေ မကောက်ကျစ် မယုတ်မာဘူး...အသားလွတ် ရိုင်းပြနေတာမဟုတ်ဘူး..ငါတို့ကြောင့် ဘယ်သူ့ကိုမှ မထိခိုက်မနစ်နာစေခဲ့ဘူး...ငါတို့ နှလုံးသားကို ငါတို့ ရဲရဲကြီး စစ်တမ်းအကောက်ခံရဲတယ်...သို့သော်
အမှန်အတွက် ပြန်လည်ချေပနေတယ်..ဆက်လုပ်..
အစစအရာရာ အဆင်ပြေပါစေ...သူငယ်ချင်း ရေ..
စိတ်လျှော့..စိတ်လျှော့..ဟဲ..ဟဲ..မြှောက်ပေးပြီးမှ..
ပျော်ပါစေ

ညီမရေ.. ဖတ်ပြီး မောသွားပါတယ်။
သည်းခံသင့်တာခံ အမှန်အတွက်လည်း သတ္တိရှိ အန္တရာယ်တွေကိုလည်း ရှောင်ရင်း အလုပ်မှာ အောင်မြင်ပျော်ရွှင်ပါစေလို့

ဝေး Bravo
မိုက်တယ်
အဲလိုစိတ်ဓါတ်မျိုးရှိတာကောင်း၏
:)


ခင်မင်စွာဖြင့်
သီဟသစ်

နိင်ငံတိုင်းမှာ ဒီလိုလူတွေအများကြီးရှိနေပါတယ်
သူတို့ကနဂိုစိတ်ဓါတ်သေးသိမ်မှုကြောင့်ရော
အထင်သေးလောက်အောင်ဖြစ်နေတဲ့လူတွေအုပ်ချုပ် ထားတဲ့ နိင်ငံကလာမှန်းသိလို့ရောကြောင့် ဒီလိုတွေ ဆက်ဆံနေကြတာပဲ။

မဟုတ်မခံစိတ်ကို ချီးကျူးပါတယ်။
ဘာပဲဖြစ်ဖြစ် အဆင်ပြေအောင်နေစေချင်ပါတယ်။

*clap* *clap* *clap*
အရမ်းကောင်းတယ်။ အတူတူပဲ။ မင်းအလုပ်ပြုတ်မှာ၊ ပြန်ပို့မှာ မကြောက်ဘူးလားတဲ့။ ငါလုပ်နိုင်တာ အကောင်းဆုံးငါလုပ်နေတယ်လို့၊ နောက်
အလုပ်သိပ်လုပ်စရာမလိုဘဲ ထမင်းစားနိုင်တာ၊
ခြံတွေဝင်းတွေ၊ တိုက်တွေနဲ့ နေနိုင်တာ၊ အကြွေးသိပ်မရှိတာ (လုံးဝ မရှိတာ)၊
စတိုးဆိုင်ဖွင့်ထားတယ်လို့ ပြောလိုက်ရင် စင်္ကာပူရီးရန်း တွေ မျက်နှာ ဇီးရွက်လောက်ပဲရှိတော့တယ်။
ဘာလူမျိုးဖြစ်ဖြစ် အဲ့လိုဖြစ်မှာပါ။ မြန်မာနိုင်ငံ အဲ့လောက် ကောင်းတာ သူတို့ မသိကြဘူး။
ဗဲရီး ဂွတ်။ အားရလိုက်တာ။း) (အခြေအနေနဲ့ အချိန်အခါ တော့ ကြည့်ပေါ့နော့်၊ သူတို့ အရမ်းတင်းနေရင် လျှော့ထားလိုက်၊ သူတို့ ဒေါသလျော့သွားရင်တော့ ကိုယ့်အလှည့်ပဲ)

ကြိုးစားပါညီမလေး စိတ်ဓာတ်မကျပါနဲ့
ဒီ့ထက်အောင်မြင်ပါစေညီမငယ်..

အမရေ ပြန်သာပြောဗျ အမှန်တော့ ဒီကောင်တွေက နှိမ်ချင်တဲ့သဘောနဲ့ ကိုယ့်ကိုဖြဲတာဗျ အထူးသဖြင့် မူစလင်တွေ အရမ်းမိုက်ရိုင်းတယ်.. လူလိုမသိတဲ့ကောင်တွေဗျ ။ ဒါပေမဲ့ သတိတော့ထား ဒီကောင်တွေ စိတ်ဓာတ်က အရမ်းအောက်တန်းကျတာဗျ...။ သူတို့အကြောင်း သိချင်ရင်တော့ ကျနော့်ဘလော့မှာ လင့်တွေ ပေးထားတယ် လာသာဖတ်ကြည့်ပေတော့ဗျို့။ မူစလင်ပန်း ဆိုတဲ့စာရဲ့ ကွန်မန့်ထဲမှာလဲ ရေးထားတယ်။ စီဘောက်မှာလဲ ရေးထားတယ်ဗျ...။ ဖြစ်နိုင်ရင် အဲဒီမှာ ရှိတဲ့ လူတွေ ကိုဖတ်စေချင်တယ်ဗျာ...။

သဘောကျတယ် ဖြူစင်ရေ
နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ ကိုက ရဲရဲရင့်ရင့်ရှိရမယ်
ဘာမှ ကြောက်စရာမရှိဘူး
မဟုတ်တာကို ငုံ့ခံစရာလဲ မလိုဘူး
ကို့နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလွန်းလို့သာ တိုင်းတစ်ပါးမှာ အလုပ်လာလုပ်ရတာ ပညာလာရှာရတာ စိတ်ဓာတ်ကိုမြှင့်တင်ထား သူငယ်ချင်း
ကို့အမှားမဟုတ်ဘဲ သူဌေးဖြစ်ဖြစ် ခွေးဖြစ်ဖြစ် လာပြောရင် ချက်ကျလက်ကျသာ ပြန်ဝေဖန်လိုက် သူတို့ နောက် နိုင်ထက်စီးနင်းမလုပ်ရဲဘူး
ဖြူစင် သတ္တိရှိတာကို သဘောကျတယ်
ပိုသဘောကျတာက ကစ်ဘောက်ဆင်ထိုးတတ်တာကို
ဟေ့ တို့တွေ အပြင်မှာများ တွေ့ဖြစ်ရင် တပွဲတလမ်းလောက် စမ်းထိုးကြည့်ရအောင်လေ နော့် ဟိဟိ

ငါ့အစ်မလို့ မပြောရဘူး စပ်စပ်ထိမခံ ပါလား ဟဟဟ ကောင်းတယ် မဟုတ်ဘူးဆိုရင် ပြန်ပြောနိုင်ရမယ် ဟုတ်တယ်မလား ကိုယ်မှ မမှားတာနော့်

မေ့သမီးကြီးအိန်ဂျယ်ရေ fighting ကွ ဟဟဟဟ အဂျားအဂျား ကြိုးစားထား ဟိဟိ ကိုရီးယားကားထဲကလို ပြောသွားတာ အဟက် ဘိုင်

အင်း အဆုံးသတ်ကို ကြည့်ရရင်တော့ စိတ်ဓါတ်ကိုတော့ လေးစားသွားပါတယ် ... ဒါတွေအားလုံးရဲ့  တရားခံကို ပြန်ကြည့်ရင်တော့ အုပ်ချုပ်သူလူတန်းစားတွေပါပဲ ... ပြည်သူတွေ ဒီဘ၀ရောက်အောင် ဖန်တီးခဲ့တာ သူတို့လေ .... အဓိက တရားခံက စစ်တပ်ပဲဗျ ... အုပ်ချုပ်မှုယန္တယားကြီး တခုလုံး ပျက်စီးနေမှတော့ တိုင်းပြည်လဲ မွဲပြာ ကျပြီး လူငယ်တွေ နိုင်ငံတကာမှာ မျက်နှာငယ်နဲ့ အလုပ်သွားလုပ်နေရတာကိုး .... အင်းနောက်ထပ်လဲ မရေးခြင်တော့ပါဘူး...

စိတ်လျှော့ .. စိတ်လျှော့။ =P

သူငယ်ချင်းရေ
မှန်တယ်ထင်ရင် ပြန်ပြောရဲတာကို ချီးကျုးတယ်။ စာကိုဖတ်ရင်း သူငယ်ချင်းအတွက်တောင် ခံပြင်းသွားတယ်.
အစစအရာရာအဆင်ပြေပါစေဗျာ

ခင်မင်လျက်

ကိုယ့်နိုင်ငံကို သိပ်ချစ်တတ်ပါတယ် မျိုးချစ်မြန်မာတစ် ယောက် အနေနဲ့ ကိုယ့်နိုင်ငံကို လက်မထောင်ပြလိုက် ချင်တာပါ ဒါပေမယ့်လေ ဘယ်သူတွေ ဘယ်လိုပဲမြင်မြင် သမီးပျိုကတော့ “ဒါမြန်မာဟေ့“လို့ မဟစ်ကြွေးနိုင်သေးတဲ့ အခြေအနေဖြစ်နေတော့ ကိုယ့် နိုင်ငံကို အားမရဖြစ်မိသလို အားလည်းငယ်မိတယ် သယံဇာတတွေပေါကြွယ်လှတဲ့နိုင်ငံဖြစ်ပါလျှက်နဲ့ လူတွေ အထင်သေးတဲ့နိုင်ငံအဖြစ်ရပ်တည်နေရတာ မိုက်ရိုင်းလိုက်လေခြင်း

မဟုတ်ရင် မခံနဲ့ ကွ
အားပေးတယ် ။
ကိုယ်မှန်နေရင် ကြောက်နဲ့  ။

ရရင်ရ မရရင်ချ ..ဟဲဟဲ .
(ကိုယ်တော့ ရှေ့ ဆုံးက ပြန်ပြေးပြီ)

ဒေါသရှေ့ ထား မှားတတ်သည် ဆိုတာလေးတော့ မမေ့စေချင်ဘူး ကွယ် ( လေပြေ ပြန်ထိုး ပါသည် )။

ညီမလေးရေ.... ဖတ်ရင်နဲ့ ခံပြင်းလိုက်တာ....
ပြောချင်တာကို သွေးအေးအေးနဲ့သာပြော... သွေးမဆူမိစေနဲ့........ အပြုံး မပျက်စေနဲ့နော်....
ဗမာဆိုတာ.... တည်ငြိမ်တဲ့လူမျိုးလေ.....
ဘဝတူခြင်းတွေ... အမြဲ အားပေးနေပါတယ်....

baravo!

right.....

ရိုးရိုးသားသားနဲ့ သာ အလုပ်ကို ကြိုးစားပါ၊ အမှား မပါအောင်လဲ ကြိုးစားလုပ်ပါ။ အပြောမခံရအောင်လဲ နေပါ။ လာပြောရင်လဲ မခံပါနဲ့ ။ အထိခိုက်မခံပါနဲ့ ။ အနှိမ်မခံပါနဲ့ ။ အလုပ်လုပ်တာ သခင်လိုပဲလုပ်ပါ။ ကျွန်လို မလုပ်ပါနဲ့ ။
ကိုယ်လဲ လူ၊ သူလဲလူပါ။ လူဟာလူပဲ ဘာမှမကွာပါဘူး။
လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်းတောင် ပညာပြ၊ အနိုင်ကျင့်တတ်တဲ့ သူတွေ ကြားရ၊ တွေ့ ရပါတယ်။ ကျွန်မကတော့ လုံးဝ အကျင့်မခံသလို၊ ကျွန်မလဲ မလုပ်တတ်ပါဘူး။
ဘယ်နိုင်ငံခြားသားမှ ဇွတ်မှိတ် အထင်မကြီးသင့်သလို၊ ခေါင်းငုံ့ ခံပေးစရာလဲ မလိုဘူးလို့ ကျွန်မမြင်ပါတယ်။
လူလူချင်းဟာ လူစိတ်မွေးပြီး Respect ပေးသင့်တယ် လို့ ပဲ ထင်ပါတယ်။ ဒီလောက်ပဲလေ။
ဘာကိုမှ မကြောက်ပဲ၊ စိတ်ဓာတ်ကြံ့ခိုင်ကြစေချင်ပါတယ်။
totally right.

oh! great girl.
I am really proud to know you

နွေးနေခြည် said...

ဒီလိုစိတ်ဓာတ်မျိုးလေးစားပါတယ်
သဘောထားတွေကို လက်ခံပါတယ်။
Yayyy!!! Bravo! ;D

ပြည်ပမှာ တ၀မ်းတခါး ရှာဖွေ စားသောက်ရတဲ့ ဒုက္ခကို ကြုံဖူးတဲ့သူတွေမှပဲ သိနိုင်တာပါ...
ကိုယ့်ယုံကြည်မှုအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်ရဲတဲ့ စိတ်ဓါတ်ကို လေးစားပါတယ် ငါ့ညီမရေ့...

မကြီးရေ တွယ်သာတွယ် အားပေးတယ်။ အခုဒီပို့စ်လေးကို ဖတ်မှပဲ ပါးလုံးနဲ့တောင် တူသလိုပဲ။ သမိးလည်း ဒီမှာ တကယ်ကိုအတိုက်အခံပဲ။ မဟုတ်ရင်မခံနဲ့အမ ချသာချ အားပေးတယ်။ အချက်အလက်နဲ့သာတွယ်။ သမီးကတော့ တခုခုဆို အချက်အလက်နဲ့ ပြန်ချတာပဲ။ အားပေးတယ်။ ဟုတ်တယ်လေ လူလူချင်းကို ဘာကျွန်မှခံစရာမလိုဘူး။ အလုပ်ဟူသမျှ ဂုဏ်ရှိစွပဲ။ ချသာချ။ အဟိမြှောက်ပေးတာမဟုတ်ဘူးနော်။ အဲ့လိုကတော့ တကယ်ဘလိုင်းကြီးကိုနော်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

အဲ့လို ပြောရဲဆိုရဲတဲ့ သတ္တိမျိုးရှိအောင် အခုတည်းက ကျင့်ထားရမယ်နော် ... ဒါမှ အလုပ်ဝင်ရင် အဆင်ပြေမှာ... ကျေးဇူးပဲ အစ်မ
လေးစားပါတယ်...

ဒီလိုပဲ

အလုပ်လုပ်ရင် ကြုံတွေ့ရတာလေးတွေက

အနည်းနဲ့ အများ ခါးသီးရတာချည်းပဲ....


အဆင်ပြေပါစေးးး


နေမကောင်းလို့ အိမ်လည်မထွက်ဖြစ်ဘူး...

အိမ်ကိုအမြဲလာပြီး ဆုတောင်းပေးတဲ့ အတွက် ကျေးဇူးတင် ဝမ်းသာမိပါတယ်...


အဆင်ပြေပျော်ရွင်ပါစေနော်

ချစ်ခင်စွာဖြင့်

ဖိုးစိန်

အဲဒီလိုစိတ်ဓါတ်မျိုး
ကိုပဲကြိုက်တာ....ဒီလောက်ဆို
သွေးသောက်ညီအမဖွဲ့လို့ရတယ်.....
Cheers

မဟုတ်မခံ စိတ်နဲ့ သည်းခံပါကွယ်..း)