သူဟာ သာသနာအတွက်၊ သားသမီး၊ မြေးတွေအတွက်၊ အမျိုးတွေ၊ မိတ်ဆွေတွေအတွက်၊ ရပ်ဆွေရပ်မျိုးတွေ အတွက် စေတနာနဲ့ ကူညီလုပ်ဆောင်ခဲ့တဲ့သူ တစ်ယောက်ပါ။ သူချစ်တဲ့ ဘုရားနဲ့ ဘုရားသားသမီးတွေအတွက် ဘုရားကျောင်းတစ်ဆောင် လိုအပ်မှုကြောင့် ခရီးဝေးသွားပြီး ပင်ပင်ပန်းပန်း အလှုငွေတွေ လိုက်လံကောက်ခံ ခဲ့တယ်။ ဘယ်သူမှ သူ့ ကိုမခိုင်းပါဘူး၊ သူ့အတွက် ဘာအကျိုးအမြတ်မှလဲ သူမရသလို မမျှော်ကိုးခဲ့ပါဘူး။ ဘုရားကျောင်းအသစ် ဖြစ်လာဖို့ သူကြိုးပမ်းပြီး ဒီဇိုင်းတွေဆွဲပါတယ်။ ဘုရားကျောင်းပုံစံကို သူကိုယ်တိုင် စိတ်တိုင်းကျ စီစဉ်ဆောင်ရွက်ခဲ့တာပါ။ လုပ်အားပေး လုပ်ရတော့လဲ သူကိုယ်တိုင်ပဲ ဦးဆောင်ပြီး သူ့အသက် သူ့အရွယ်နဲ့ မမျှတော့လောက်အောင် ကျင်းတွေတူးခဲ့တာတွေ၊ ဘုရားကျောင်းခြံတွေ ရှင်းခဲ့တာတွေ မှတ်မိ နေပါသေးတယ်။ နေပူကျဲတဲတဲထဲမှာ ဦးထုပ်လေး တစ်လုံးဆောင်းပြီး စက်ဘီးလေးတစ်စီးနဲ့ လိုအပ်တဲ့ သစ်တွေ တိုင်တွေကအစ လိုက်ပြီးစီမံခဲ့တာတွေ၊ သူ့ ရဲ့ လုပ်ဆောင်မှုတွေအားလုံးကို ဘယ်သူမှ အသိအမှတ်မပြုခဲ့ပေမဲ့ သူ့ရဲ့ ပေးဆပ်မှုတွေအတွက် ကောင်းကင်ဘုံမှာ သူရမဲ့ဆုသရဖူလေးဟာ ကြယ်ပွင့်လေးများစွာ လင်းလက်နေမှာ မြင်ယောင်မိပါတယ်လေ။

မိသားစုအခြေအနေအရ ငယ်ငယ်ကတည်းက ပညာကိုဆုံးခန်းတိုင်အောင် မသင်ခဲ့ရပဲ ၉နှစ်အရွယ်ကတည်းက အရွယ်နဲ့ မလိုက်အောင် အလုပ်တွေစလုပ်ခဲ့ရတဲ့ သူ့ ဘဝဟာ သူ့ ရဲ့ ရိုးသားဖြောင့်မတ်မှု၊ ကြိုးစားမှု၊ သူ့ရဲ့ဇွဲလုံ့လ တွေကြောင့် ကြီးပွားလာခဲ့ပါတယ်။ သူမွေးတဲ့ သားသမီးတွေကို သူသိပ်လိုချင်၊ သိပ်ဖြစ်ချင်ခဲ့တဲ့ ပညာတတ်ကြီး ဖြစ်စေချင်တဲ့ ဆန္ဒနဲ့  ကောင်းပေ့ ဆိုတဲ့ ကျောင်းတွေ၊ ကျူရှင်တွေ၊ ဘော်ဒါတွေမှာပို့ ခဲ့တယ်။ သူကြိုးစားပြီး ရှာဖွေထားတဲ့ ငွေကြေးတွေကို သူ့ သားသမီးတွေ ပညာရေးအတွက်။ ကျန်းမာရေးအတွက် သူကျေကျေနပ်နပ် ကြီးကို ပေးဆပ်ခဲ့တယ်။ သူ့ စေတနာကို နားမလည်တဲ့ သူ့သားသမီးတွေဟာ သူ့လိုထက်မြက်တဲ့ ဦးနှောက် လေးတွေ ကိုယ်စီ ပိုင်ဆိုင်ထားကြပါလျက်နဲ့  မကြိုးစားခဲ့ကြဘူး။ ပေါ့လျော့ခဲ့ကြတယ်။ သူဖြစ်စေချင်တဲ့ နေရာကို ရောက်အောင် မသွားနိုင်ခဲ့ကြဘူး။ သူရစေချင်တဲ့အရာကို အရမယူနိုင်ခဲ့ကြဘူး။ သူတို့ဘ၀တလျှောက်လုံး သူ့ ရဲ့ ဖြည့်ဆည်းပေးမှု၊ ဦးဆောင်မှုတွေနဲ့ပဲ အသက်ရှင်သွားနိုင်မယ်လို့ ထင်နေခဲ့ကြ၍ များလားမသိပါဘူး။

သူဟာ တစ်ချိန်က သူ့ အမျိုးတွေထဲမှာ ပထမဦးဆုံး တိုက်အိမ်ဆောက်နိုင်ခဲ့တဲ့သူ၊ ကားတွေ အများကြီးပိုင်တဲ့သူ၊ အိမ်ခြံတွေ အများကြီးပိုင်ဆိုင်တဲ့သူဆိုပြီး လူတွေလေးစားအားကျရတဲ့ သူတစ်ယောက်ဖြစ်ခဲ့သလို၊ အကူအညီ အမြဲတမ်းလိုအပ်နေတတ်တဲ့ သူ့အမျိုးတွေအတွက်သူဟာအားကိုးရာဖြစ်ခဲ့ပါတယ်။ သူ့ရဲ့စေတနာ၊ မေတ္တာတွေကို နားမလည်တဲ့ သူ့ အမျိုးတွေကတော့ သူ့ကိုရက်ရက်စက်စက် လိမ်ခဲ့ကြတယ်၊ ညာခဲ့ ကြတယ်လေ။ သူသိခဲ့ပေမဲ့ ဘာအပြစ်မှ မယူရက်ခဲ့ပါဘူး။ သူဟာ အပြောမချိုတဲ့ ဖြောင့်မတ်မှန်ကန်သူ၊ စိတ်ဆတ်၊ စိတ်မရှည်တဲ့ ရိုးသားသူ၊ သဘောကောင်းသူ တစ်ယောက်ပါ။ သူဟာ Angel Shaper ရဲ့ ဟီးရိုးကြီး တစ်ယောက်ဖြစ်သလို လမ်းပြရှင် မီးပြတိုက်လဲ ဖြစ်ပါတယ်။ အားကိုးရာလဲဖြစ်တယ်။ လိုအပ်မှုတိုင်းကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးခဲ့တဲ့ လိုတရ မီးခွက်လေးလဲ ဖြစ်ပါတယ်။

သူ့ ကို ချစ်ခင်သူ သူ့ မိတ်ဆွေတွေက ဦးတင်ရွှေ လို့ ခေါ်ပြီး၊ သူ့အမျိုးတွေက ပါဆွမ်း (Pa Suan)၊ ပူဆွမ်း (Pu Suan) လို့ခေါ်တယ်။ သူ့ချစ်ဇနီးက (U ThangSuan) လို့ခေါ်ပြီး၊ သူ့သားသမီးတွေက (Pa) လို့ ခေါ်တယ်၊ သူ့မြေးတွေက (PU) လို့ခေါ်တဲ့ Angel Shaper ရဲ့ ချစ်လှစွာသော (Pu) အဘိုးဖြစ်ပါတယ်။

သူ့ မကောင်းကြောင်းလေး တစ်ခုလောက်ထည့်ပြောရမယ်ဆိုရင် သူက ကားမောင်းသိပ်မကျွမ်းပါဘူး။ လုံးဝ မမောင်းတတ်တဲ့သူနီးပါးကို မကျွမ်းကျင်တာပါ။ တစ်နေ့သူ ကားအရမ်းမောင်းချင်လို့ဖြစ်မယ် အိမ်သားတွေ မနိုးခင် အစောကြီးထ ကားကိုဂိုထောင်ထဲက ခပ်တည်တည် ထုတ်မောင်းပြီး ပြန်သွင်းထားခဲ့ပါတယ်။ မိုးလင်းလို့ ကားထုတ်ကြတော့မှ ကားရှေ့နားလေး ပွန်းနေတာတွေ့ ကြတယ်။ဘယ်သူ့လက်ချက်လဲ လိုက်မေးနေကြပေမယ့် တစ်အိမ်လုံးသိပါတယ်။ သူနဲ့အတူအိပ်တဲ့ Angel Shaper ဆို သိပ်သိတာပေါ့။ သူရှက်မှာစိုးလို့မပြောကြတာပါ။ ကြိတ်ကြိတ်နဲ့တော့ ပြုံးကြတာပါပဲလေ။ သူ့ မှုာ အဲလို ချစ်စရာကောင်းတဲ့ အကျင့်လေးတွေလဲရှိပါတယ်။

Angel Shaper ငယ်ငယ်တုန်းကဆို သူ့ နာမည်ပြောလိုက် စားချင်တာ အကုန်စားရတယ်။ အကုန် အဆင်ပြေ ခဲ့တာလေ။ ရေခဲမုန့်သိပ်ကြိုက်တဲ့ Angel Shaper တို့ အိမ်ရှေ့ မှာ စိန်ဂေါ်လီ ဆိုတဲ့ အအေးဆိုင်ကြီးရှိတယ်။ ရေခဲစက်ကြီး နဲ့ကို ဖွင့်ထားတာပါ။ ရေခဲမုန့်စားချင်လာရင် Angel Shaper ဘာသွားလုပ်တယ် ထင်ပါသလဲ? ရေခဲစက်ထဲ သွားပြီး အဲဒီက ရေခဲမုန့်တွေ၊ ရေခဲချောင်းတွေ လုပ်တဲ့ ဦးလှထွန်းကို " ဦးလှထွန်း၊ ဦးလှထွန်း ကျွန်တော့်အဖိုးက ရေခဲမုန့် နှစ်ခု ယူခိုင်းတယ်ဗျ " ဆိုရင်ဟိုက ဘာရယ်မဟုတ်ပေးလိုက်ရတယ်လေ။ အဲလို...စားချင်တိုင်း အဘိုးနာမည်ပြောလိုက် စားရပါတယ်။ မယုံမရှိနဲ့နော်။

Angel Shaper ဝက်သားပြုပ်ချိုဆိုတာလဲ သိပ်ကြိုက်ခဲ့ပါတယ်။ သိန်းရွှေ ဆိုတဲ့စားသောက်ဆိုင်က မန်နေဂျာ စားဖိုမှုးကို "ဦးဘပု၊ ဦးဘပု ကျွန်တော့်အဘိုးက ဝက်သားပြုပ်ချိုတစ်ပွဲ တဲ့ဗျ" ဆိုရင် မြန်မြန်လုပ်ပေးရရှာပါတယ်။ အဲလိုပါပဲ တစ်ရပ်ကွက်လုံးမှာ လိုချင်တာ၊ စားချင်တာ၊ လုပ်ချင်တာ သူ့နာမည်တပ်ပြီး ပွေလီခဲ့တာပါ။ အိမ်လာပြီး ဓာတ်ဆီ၊ ဒီဇယ်ဆီဖိုးတွေလာရှင်းရင်တော့ အဖိုးမှာ ဖြေရှင်းရတော့တာပေါ့နော်။ ငါမယူပါဘူးလို့ သူငြင်းရင်... တစ်ဖက်ကလဲ ဟိုတစ်နေ့က ဦးတင်ရွှေမြေးကြီးလာယူတာလေ ဆိုရင် သူ့မှာပါးစပ်ပိတ်ပြီးအံ့သြနေရတယ်လေ။ သိပ်ချစ်စရာကောင်းတာတစ်ခုက နောက်တစ်ခါ သူလာယူရင် မပေးပါနဲ့လို့ သူဘယ်တော့မှ မပြောခဲ့တာကိုပါ။

အိမ်ခွဲသွားပြီ ဖြစ်တဲ့ ဦးလေးတွေ၊ အဒေါ်တွေ ဆီလဲ တစ်ခါတခါ စိတ်ကူးရရင် သွားပြီး ဒီနေ့ အဘိုးက ထမင်း အတူတူ စားဖို့ ခေါ်ခိုင်းလိုက်တယ် ဆိုပြီး သွားခေါ်တတ်တယ်။ တစ်ခါဆို ကြီးတော်က အလုပ်များနေတဲ့ အချိန် ဆိုတော့ "ဟုတ်လား အတော်ပဲ ငါမအားဘူး။ ဘာမှ မချက်နိုင်ဘူး။ နင့်ဒေါ်လေးတွေ နဲ့ အမေချက်မယ် မို့လား။ ငါပြီးမှလာခဲ့မယ်နော်" ဆိုပြီး စားခါနီးညနေစောင်းမှ မိသားစုချီတက်လာလို့ကတော့ အိမ်မှာစားစရာ ဘာမှ မရှိတတ်ပါဘူး။ သူတို့ က ဘာလို့  ယုံတာလဲဆိုရင်၊ အိမ်မှာ တနင်္ဂနွေနေ့တိုင်းနီးပါး မိသားစုစုံ ထမင်းဟင်း ချက်စားလေ့ရှိတာကိုး။ အဘွားနဲ့အမေကတော့ မိန်းမသားပီသစွာ ခုဘာကျွေးမလဲ။ ဘာညာနဲ့ဆူတတ် ကြပါတယ်။ အဘိုးကတော့ သူ့မြေးကို ဘာမှပြောမနေ။ ဆူမနေတော့ပါဘူး။ သိန်းရွှေတို့၊ မိသားစု တို့၊ နောင်နောင် ထမင်းဆိုင်တို့မှာ ထမင်းဟင်းတွေ ပြေးဝယ်ခိုင်းတတ်ပါတယ်။ အဲလိုလေးတွေကအစ သူ့မြေး ဘာလုပ်လုပ် ဖြေရှင်းပေးတတ်ခဲ့တာပေါ့။

သူက သူ့သားသမီးတွေကမွေးတဲ့ သူ့မြေးစုတ်လေးတွေကိုသာ ချစ်တာ။ အိမ်မှာကလေးတွေ စုပြုံနေရင် မကြိုက်ပါဘူး။ ရပ်ကွက်ထဲမှာက တီဗွီရှိတဲ့ အိမ်တိုင်းမှာ ညတိုင်း ကလေးတွေ ပြုံတာကိုး။ ဒီတော့ တီဗွီ မ၀ယ်ပါဘူး။ ဒါကြောင့် Angel Shaper တို့မောင်နှမတွေ ငယ်ငယ်တုန်းက သူများအိမ်မှာ တီဗွီလိုက်ကြည့်ခဲ့ ရပါတယ်။ သူမကြိုက်တော့ကိုယ်ကလဲ မပူဆာမိပါဘူး။ ပူဆာရကောင်းမှန်းလဲမသိခဲ့ဘူးလေ။ အဲ..ကာရာအိုကေ ဆိုတဲ့ ဗီစီဒီစက်ကြီးတွေပေါ်လာတော့ ငယ်ငယ်ကတည်းကအဆိုတော် ရူးရူးတဲ့ Angel Shaper အငြိမ်မနေနိုင် တော့ပါဘူး။ ရသမျှ မုန့်ဖိုးတဝက်ဟာ သီချင်းခွေဖိုး။ ကာရာအိုကေဖိုးနဲ့ ကုန်နေတာကိုး။ တီဗွီဝယ်ပေးးးးးးးးးးး ဝယ်ပေး.... ဗြဲ...အီးးးးဟီးးးးး ဆိုပြီး ငိုယိုပါတယ်။ အစာငတ်ခံပြီး တစ်ရက်ဆန္ဒပြလိုက်တာ မြေးချစ်တဲ့အဘိုး မခံနိုင်ဘူးလေ။ သူ့မြေးကြီးကိုသနားတော့လဲ ဝယ်ပေးလိုက်ရတာပေါ့။ အဲဒီအချိန်ကစ မီးလာရင်တီဗွီရှေ့က မခွာတော့ပဲ အသံပြဲကြီးနဲ့ ပတ်ဝန်းကျင်ကို ဒုက္ခပေး အမြဲတမ်းသောင်းကျန်းဖြစ်တဲ့ ကိုယ့်ကို ဆူညံသံတွေ မနှစ်သက်တဲ့ အဘိုးက သူချစ်တဲ့ သူ့မြေးရဲ့ သောင်းကျန်းတဲ့ ဒဏ်မို့ ကြံ့ကြံ့ခံခဲ့ပါတယ်။ ဘာမှမပြောခဲ့ရှာပါဘူး။

ဆိုင်ကယ်တွေ အမောင်းကြမ်းတဲ့ Angel Shaper ယာဉ်မောင်းလိုင်စင်မရခင်ကပေါ့ မော်တော်ပီကယ်တွေက ဖမ်းလို့၊ ဆီးလို့ရှိရင် ဦးတင်ရွှေမြေးဗျ လို့ ပြောလိုက်၊ ချက်ချင်း ပြန်လွှတ်ပေးရပါတယ်။ ကိုယ့်ကို မသိတဲ့ မော်တော်ပီကယ်တွေကို "ကျွန်တော်တို့အိမ်လာပြီး ဆီလာထည့်ရင် ပိုက်ဆံတောင် ပြည့်အောင်မပေးပဲနဲ့၊ အကြွေးတွေလဲ လာထည့်သေးတယ်" ဘာညာ လူကြားသူကြား ပြန်ပြီးရန်စွာတတ်တဲ့ ကိုယ့်ကို အဘိုးဆီမှာ ပြန်တိုင်တတ်ကြပါတယ်။ ဦးတင်ရွှေမြေးက တော်တော်စွာတယ်တဲ့။ အိမ်မှာ အရင်တုန်းက လောင်စာဆီ ရောင်းဝယ်ရေးလဲ လုပ်ခဲ့တာလေ။ ဒီလိုနဲ့ နောက်ပိုင်းတွေမှာ Angel Shaper ဆိုတဲ့ ကလေးဆိုးရှိရင် ဆီကို အကြွေးတောင် သိပ်မယူရဲသလိုပဲ။ ကိုယ့်ကိုဆို ကလေးမြို့ က ဘဲဥတွေ နောက်တစ်ခါ ဖမ်းလဲမဖမ်းရဲ တော့ပါဘူး။

ကျောင်းတက်ရင် သူငယ်ချင်းတွေကြား မျက်နှာမငယ်ရအောင် မုန့်ဖိုးများများပေးတတ်ခဲ့တာတွေ၊ အောင်စာရင်း ထွက်တဲ့မနက်ခင်းတွေမှာ ကိုယ်တွေမနိုးခင် သူ့မြေးတွေ စားချင်တဲ့ ပဲအီကြာကွေး၊ ပဲပလာတာ၊ စတဲ့ မနက်စာ စားစရာတွေ အများကြီးဝယ်လာတတ်ပြီး မိသားစုမနက်စာ ကျေးဇူးတော်ချီးမွမ်းပြီး သုံးဆောင်ခဲ့ရတာတွေဟာလဲ မမေ့နိုင်စရာပါ။

အိန္ဒိယကျောင်းသွားတက်တုန်းက အိမ်ကိုဖုန်းဆက်တဲ့ တစ်ရက်မှာပေါ့... ဖုန်းလိုင်းမကောင်းလို့ ဖုန်းက ဘာမှ မပြောလိုက်ရပဲ ကျသွားပါတယ်။ လာကိုင်တာက အဘိုးပေါ့။ အကြိမ်ကြိမ်ပြန်ခေါ်ပေမယ့်မရတော့ပါဘူး။ စိတ်မရှည်လို့ အဲဒီနေ့ ပြန်မခေါ်ဖြစ်တော့ပါဘူး။ အဘိုးက သူ့မြေးခေါ်တယ်ဆိုပြီး တစ်ညလုံး ထိုင်စောင့် နေပါသတဲ့။ စဉ်းစားရင်း အဘိုးကို သနားလွန်းလို့ စိတ်မရှည်တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်မိပါတယ်။ ကျောင်းပိတ် ပြန်လာတော့ ကျေးဇူးတော်ကြောင့် လမ်းခရီးဖြောင့်ဖြူးလို့  ပုံမှန်ရောက်မဲ့ ရက်ထက် တစ်ရက်စောတာနဲ့ပဲ အိမ်ကို Surprise လုပ်နေကျ ကိုယ်က ဒီတစ်ခါလဲ လုပ်မယ်ဆိုပြီး ဖုန်းမဆက် အကြောင်းမကြားခဲ့ပါဘူး။ အိမ်သားတွေအားလုံးက နောက်တစ်ရက်ရောက်မယ်လို့ ပြောနေကြပေမယ့် သူက မဟုတ်ဘူး ငါ့မြေးဒီနေ့ ရောက်မှာလို့ အတတ်ပြောနိုင်တာ။ အဲလိုလေးတွေကအစ သူ့စိတ်က အလိုလိုကို သိနေတာတွေဟာ ဆန်းကြယ်တဲ့ သူ့ ရဲ့ မေတ္တာ တန်ခိုးတွေကြောင့်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ်လဲ တကယ်ရောက်ရော နေမကောင်းလို့  ပိန်နေတဲ့ အဘိုးက...... ကဲ ငါမပြောဘူးလားဆိုပြီး ပြုံးလို့ရွှင်လို့။ အိမ်သားတွေအားလုံးမှာ တအံ့သြနဲ့ပေါ့။

သူနေမကောင်းလို့ ဆေးရုံတက်ဖို့ ဆေးရုံမှာ Register လုပ်တာ အကြာကြီးစောင့်ခဲ့ရဖူးတယ်။ သူက ပြောတယ် " ငါက ငါ့သားသမီးတွေ င့ါမြေးတွေကို ဆရာဝန်ဖြစ်စေချင်တာ ဒီလို ဒုက္ခတွေ ရှိတတ်လို့ပေါ့၊ တစ်ယောက်ယောက်သာ ဖြစ်ခဲ့ရင် ဆရာဝန်ဘယ်သူရဲ့ အဖေ၊အဘိုး ဆိုပြီး ဦးစားပေးခံရမယ်။ ပိုအဆင်ပြေမယ်လေ" လို့ တသသပြောနေတတ်တယ်။ ကိုယ်ကလဲ အကျင့်အတိုင်းပဲ "အဘိုးရေ ဘာမှ စိတ်မကောင်းမဖြစ်နဲ့နော်။ အဘိုးမြေး ဆရာဝန်ဖြစ်မလာပေမယ့် အဘိုးကို မြေးဆရာဝန်ရအောင် လုပ်ပေးမယ်လေ....သိလား.... ဆရာဝန်တစ်ယောက် ယူလိုက်မယ်လေ၊ ဟိဟိ " လို့ရွှတ်နောက်နောက် နဲ့ သူ့ ခံစားချက်တွေ ပြေပျောက်အောင် အဲလိုဖျောင်းဖျခဲ့ဖူးတယ်။

သူအားငယ် စိတ်ဓာတ်ကျနေမှာစိုးလို့ ရယ်စရာတွေ ဘေးနားထိုင်ပြောတတ်တဲ့ ကိုယ့်ကို "ရယ်ရတာ ဗိုက်တောင် နာလာပြီ။ မပြောနဲ့တော့ ရယ်အောင်ထပ်မလုပ်နဲ့တော့ မောတယ် " ဆိုပြီး မျက်ရည်ဝဲ လောက်အောင် ရယ်မောခဲ့တဲ့ သူ့ မျက်နှာလေးကို ခုထိမြင်ယောင်မိပါတယ်။

သူနေမကောင်းဖြစ်ပြီး ဝေဒနာခံစားနေရချိန် စိတ်ပူနေကြတဲ့သူ့မိသားစုကို သူကတောင် ပြန်ပြီး နှစ်သိမ့်ပေးခဲ့ ပါသေးတယ်။ "ငါ အားလုံးရဲ့ လက်ကိုကိုင်ပြီး နှုတ်မဆက်ပဲ ဒီလောကကနေ ထွက်ခွာမသွားပါဘူး၊ စိတ်မပူကြပါနဲ့ " လို့ ဂတိစကားဆိုခဲ့တဲ့ အတိုင်း သူ့ရဲ့နောက်ဆုံး ထွက်သက်လေးမှာ သူချစ်တဲ့ ဇနီးနဲ့ သူ့သားသမီးမြေးတွေ အားလုံးကို တစ်ယောက်ပြီးတစ်ယောက်နာမည်ခေါ်ပြီး လက်လေးကမ်းပေးခဲ့တယ်။ မသိနားမလည်တဲ့ ကိုယ်တို့တွေက ဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ ဆိုပြီး သူကမ်းပေးတဲ့လက်ကို ဆုတ်နယ်ပေးခဲ့ကြတယ်။ အားလုံးရဲ့ လက်ကိုသူ ကိုင်တွယ်ခဲ့ပြီးမှ သူ့ရဲ့အသက်ရှုသံ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားခဲ့တယ်။ တကယ့်ကို ဖြေးညင်းစွာ သူအားလုံးကို နှုတ်ဆက်သွားခဲ့တာပါ။ Angel Shaper တို့ ခရစ်ယာန် သဂြိုင်းတွေက လက်ဝါးကပ်တိုင် ပုံလေးတွေပေါ်မှာ RIP လို့ ရေးထားတဲ့စာသား ရောက်ဖူးသူ၊ မြင်ဖူးသူတွေ သတိထားမိမလား မသိဘူး။ အဲဒီ RIP က Rest In Peace လို့ အဓိပ္ပာယ်ရပါတယ်။ ကျေးဇူးတော်ပါပဲ။ အဖိုးလည်း တကယ့်ကို ငြိမ်းချမ်းစွာ အနားယူသွားခဲ့တာပါ။

သူတစ်ယောက်တည်းက ဒီအခြေအနေ၊ ဒီအရွယ်ထိ ပြည့်စုံစွာ သူ့သားသမီး ၇နှစ်ယောက်။ မြေး ၉ယောက်ကို ရှာကျွေးခဲ့၊ ထားနိုင်ခဲ့ပေမယ့် သူ့သားသမီးမြေးတွေအားလုံးက သူ့တစ်ယောက်တည်းကို စိတ်ချမ်းသာစွာ၊ ပြည့်စုံစွာ ထားနိုင်ခဲ့ကြဖို့နေနေသာသာ စိတ်ဆင်းရဲအောင် လုပ်မိခဲ့ကြတာတွေ ပိုမယ်ထင်ပါတယ်။ နောင်တဆိုတာ နောင်မှ တတဲ့အရာမှန်း ကောင်းကောင်းနားလည်ခဲ့ပါပြီ။

ခုချိန်မှာ မြေးဦး တစ်ယောက်၊ သမီးကြီး တစ်ယောက်အနေနဲ့ ရခဲ့တဲ့ မေတ္တာ၊ အကြင်နာနဲ့ ပြုစုပျိုးထောင် ပေးမှုတွေ၊ ဒီအရွယ်အခြေအနေထိရောက်အောင် တွန်းပို့ ခဲ့မှုတွေအတွက် မြူမှုန်လေး တစ်မှုန်စာတောင် ပြန်မလုပ်ပေးဖြစ်ခဲ့တဲ့ ကိုယ့်ကိုယ်ကို နောင်တ ရရုံ။ အပြစ်တင်ရုံ။ အားမလိုအားမရဖြစ်နေရုံက လွဲလို့ ဘာမှ မတတ်နိုင်တော့တဲ့အတွက် အသက်ရှင်နေသေးတဲ့ အဘွားနဲ့  အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်တွေကို သမီး အားလုံးအတွက် ကြိုးစားနေပါပြီ။ သမီးပြန်ပြီးလုပ်ကျွေးနိုင်ဖို့ အသက်ရှည်အောင် ကျန်းမာအောင်သာ ကြိုးစားပြီး ဆုတောင်းပေးကြပါ၊ ကောင်းကြီးပေးကြပါ " လို့သာ ဂတိပေးနိုင်ခဲ့ပါတယ်။ ခုချိန်ထိ ဖြစ်ချင်တဲ့ အနေအထား မရောက်နိုင်သေးတာ၊ မလုပ်ပေးနိုင်သေးတာတွေဟာ ကိုယ်ညံ့လို့ဖျင်းလို့လား ကံကြမ္မာက မျက်နှာသာမပေး သေးတာလား မဝေခွဲ မစဉ်းစား တတ်တော့ပါဘူးလေ။

စုန်ရေနဲ့ဆန်ရေအကြောင်း အကိုတစ်ယောက်နဲ့တစ်ခါ ဆွေးနွေးဖြစ်တယ်။ မိဘတွေက သားသမီးတွေကို သိပ်ချစ်ကြတယ်။ လုပ်ကျွေးခဲ့ကြတယ်။ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးခဲ့ကြတယ်။ အဲလိုပါပဲ သားသမီးတွေကလဲ မိဘချစ်သလောက် ပြန်မချစ်နိုင်ရင်တောင် ယေဘုယျအားဖြင့်တော့ အားလုံးက ကိုယ့်မိဘကို ကိုယ်ချစ်ကြတာချည်းပါပဲ။ ဒါပေမယ့် မိဘတွေက ငယ်စဉ်ကတည်းက ပြုစုလုပ်ကျွေးခဲ့ကြတယ်။ အဆင်မပြေလို့ ဆိုပြီး ဘယ်မိဘမှ ကိုယ့်သားသမီးကို အငတ်တော့မထားခဲ့ကြပါဘူး။ အချိန်နဲ့အမျှ သားသမီး လိုအပ်ချက်တွေကို သူတို့အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့ကြတယ်လေ။ ကိုယ်တို့ သားသမီးတွေကျတော့ ငယ်ငယ်ကတည်းက တွေးဖူးကြတာပဲလေ။ မိဘကိုပြန်လုပ်ကျွေးမယ် တဲ့။ ဘယ်တော့လဲ? ကြီးလာရင်ပေါ့။ နည်းနည်းကြီးလာရင်တော့ တစ်ချိန်ချိန်ပေါ့။ ခုကြိုးစားမလို့။ ကြိုးစားနေတုန်း၊ လုပ်တုန်း တဲ့။ ဆင်ခြေတွေ အများကြီးပေးပြီး မိဘကို လုပ်ကျွေးဖို့ အချိန်တွေဖြုန်းတီးမိခဲ့ကြတယ်နော်။ အင်းးးးးးးးး Angel Shaper တွေးမိတယ်... မိဘတွေကလဲ သားသမီးတွေလိုပဲ တစ်ချိန်ကျမှ၊ အဆင်ပြေမှသာ ကျွေးမွေးပြုစု ခဲ့ကြမယ်ဆိုရင် တို့တတွေ လူတစ်လုံး၊ သူတစ်လုံး ဖြစ်လာနိုင်ပါ့မလား လို့ပါ။

ဒီတော့အဘိုးရေ..... သမီးတို့လိုသာ အဘိုးတစ်ချိန်ကျမှ ကျွေးမွေးပြုစုခဲ့မယ်ဆိုရင် သမီးတို့တွေ ဒီလို လူတစ်လုံး သူတစ်လုံး ဖြစ်လာမှာမဟုတ်ပါဘူး။ ကျေးဇူးပါ အဘိုးလို့ ပါးစပ်လေးနဲ့ ပြောလိုက်ရုံလေးနဲ့ မလုံလောက်နိုင်မှန်း သိသိကြီးနဲ့ပဲ အဘိုးကိုကျေးဇူးတင်သလို သိပ်လဲလွမ်းမိပါတယ်။ ဘုရားရှင်ရဲ့ ရင်ခွင်တော်ထဲကနေ သမီးတို့ကို ကြည့်ပြီး စိတ်ချမ်းသာစွာ ပြုံးနေနိုင်ရဲ့လား။ စိတ်ပူနေတုန်းပဲလား။ အဘိုးပြုံးရွှင်စွာ ကြည့်နေနိုင်ဖို့ သမီးတို့ ချစ်ခင်စွာနဲ့ ကြိုးစားနေပါ့မယ်နော်။ အဘိုးနဲ့အတူ ပြန်ဆုံပြီး သခင်ယေရှုရဲ့ ရင်ခွင်တော်မှာ ကျေးဇူးတော် အတူချီးမွမ်းမဲ့နေ့ရက်လေး မချင့်မရဲ လိုချင်တမ်းတနေမိပါပြီလေ။
(ချစ်သောအဖိုး ထာဝရအိမ်တော်ပြန်သွားတာ ၃နှစ်ပြည့်တဲ့နေ့၊ သတိရအောက်မေ့ခြင်း အမှတ်တရ ပိုစ့်လေးပါ။)

ချစ်ခြင်းများစွာဖြင့်
Angel Shaper
21.9.09 ( Mon; )
5:10 Am

28 comments:

ဒင်းမ်ရေ...ဖတ်ရတာစိတ်မကောင်းသလို အဲဒီလို အဖိုးတစ်ယောက်လိုချင်မိတာအမှန်ပဲ ဒင်းမ်ကံကောင်း ခဲ့ပါတယ်လေ အဖိုးချစ်တဲ့မြေးဖြစ်ခွင့်ရခဲ့လို့ပေါ့နော် အဖိုးကိုပေးဆပ်မယ့်မေတ္တာတွေ မိဘတွေကိုပေးဖို့ အချိန်မီသေးတယ်သိလား သူငယ်ချင်း...အောင်မြင်ပါ စေဟာ

ခင်တဲ့
သမီးပျို

သားသမီးအချစ် ။ မြေးအနှစ်ဆိုတာ ဒါမျိုးနေမှာပေါ့ နော် ။
ဒို့ မှာတော့ အဖေ ဖက်က အဖိုးဆိုတာရော၊
အမဖက်က အဖိုးဆိုတာရော မမှီလိုက်ရလို့
အဲ့ လိုချစ်စရာ အဖိုးမျိုးလိုချင်မိခဲ့တာ ....
ကလေးမြို့  လေးကိုလည်းရောက်ဖူးချင်သားကွယ်..

အိန်ဂျယ်လေးက ကံကောင်းပါတယ် လေ ။
ခုရော ... ဗိုလ်ကျနေတုံးပဲလား လို့..

(သမီးကြီးနဲ့  သားကြီးတို့  လိမ်လိမ်မာမာ နေကြဟေးး )

ချစ်တဲ့ အဖိုးနဲ့ တ၀ကြီး ဖုန်းတွေ ပြောနိုင်ပါစေဗျာ..

yu ya

ညီမ Angel ရေ

ချစ်ခင်လေးစားစရာ အဘိုးအကြောင်းဖတ်သွားပါတယ်။ ညီမကံကောင်းလိုက်တာ။ ငါတို့ဆို အဘိုးနဲ့ အဲလောက် ရင်းရင်းနှီးနှီးမနေလိုက်ရဘူး။

အဘိုးဖြစ်စေချင်တဲ့ ကောင်းရာမွန်ရာတွေ ဆက်လက်လုပ်ဆောင်ရင်း နောင် အခါ ကောင်းကင်ဘုံမှာ ငြိမ်းချမ်းစွာ ဆုံတွေ့ကြပါစေ။

ခင်မင်စွာဖြင့်
သီဟသစ်

ချင်းတောင်းလေးရေ...

ဖတ်ပြီး ကြည်နူးမိသလို စိတ်မလည်းကောင်းဖြစ်မိပါတယ်...

ပြန်မရနိုင်တော့တဲ့ အတိတ်တွေဆိုပေမဲ့

အတိတ်က ပေးတဲ့ သင်္ခန်းစာတွေကို
အနာဂတ်မှာ အကောင်အထည်ဖော်နိုင်ပါစေလို့...

ဘုရားသခင်ကောင်းကြီးပေးပါစေ....

ချစ်ခင်စွာဖြင့်

မကြယ်အဖိုးက တော်တော်လေး လေးစားဖို.
လည်းကောင်းတယ် မကြယ်ကိုလည်းတော်
တော်လေး ချစ်ပုံရတယ်ဗျာ ... အဲ မကြယ်ခု
ရောအလို ဂျစ်တူးဘဲလားဗျ ... :D :P

အဘိုးချစ်သော မြေးမလေး၊ မြေမကလေး ချစ် သော အဘိုး .... မိဘနဲ့ သားသမီး ... သားသမီး နဲ့ မိဘ အပြန်အလှန် မေတ္တာမိုးတွေ သာ မစဲပဲ တသည်းသည်း ရွာနိုင်ရင် စုန် တဲ့  ရေတွေချည်းသာ ဒီလောက မြစ်ထဲ စီးလို့ ဆင်း လို့ နေတော့မှာပါ ... သယ်ချင်းမှာ အင်မတန် အဖေ ပီသတဲ့ အဘိုးပီသတဲ့ အဘိုးတစ်ယောက် ရှိခဲ့တယ် ဆိုတာ သိရလို့ ဝမ်းသာမိပါတယ် .... ကောင်းကင်ဘုံမှာ ငြိမ်းချမ်းစွာရှိနေတဲ့ အဘိုးနဲ့  ချစ်သောမြေးမလေး ပြန်လည်ဆုံဆည်းခွင့်ရပါ စေ ဖြူစင်ရေ .....
ရန်ကုန်

ကောင်းကင်ဘုံက အပြုံးကို ပိုမိုလှပစေဖို့
မိမိအတွက်ရော
မိမိမိသားစုအတွက်ရော
မိမိပတ်ဝန်းကျင်အတွက်ပါ
ဖြူစင်ခြင်းကြောင့် ကြယ်လေးအဖြစ်
တောက်ပနေအောင် ကြိုးစားဖို့တော့ လိုမယ်နော်

စေတနာ

အာ .. အရှည်ကြီးပဲ အိမ်ကျယ်ရာ .. ညက်ချိတောင်ညောင်းသွားတယ်။ ဟီး ..
ချယာ .. ချိတ်ချိုးရ၀ူးနော် ..
ကျနော်တို့လဲ တစ်နေ့ ကောင်းကင်နိုင်ငံရောက်တဲ့အခါ ပြန်တွေ့ရမှာပေါ့။ ဟုတ်ဝူးလား .. =)

ချစ်သမီးကြီးရေ။
စာတွေရေးတတ်လိုက်တာ။
လူတစ်ယောက်ရဲ့နှလုံးသားကိုတောင်လှုပ်စေနိုင်အောင်ပဲ။
အဖိုးရဲ့မေတ္တာတွေကိုရရှိတော့အဖိုးရဲ့ကောင်းကြီးအားလုံး ကိုရရှိသွားတဲ့သမီးကြီးပေါ့။
အားကျလိုက်တာနော်။မမမေမေမှာအဖိုးအဖွားနဲ့အတူမနေ ခဲ့ရဘူးလေ။သမီးကြီးကဘုရားသခင်ရဲ့ကောင်းကြီးကို အများကြီးရတဲ့တူပါ။
ချစ်တဲ့
မမမေမေ

ညီမလေးရဲ့
ဆုတောင်းအတိုင်း....
အဘိုးထာဝရပြုံးနိုင်ပါစေ....

ဝက်ဝံလေး said...

အော် အိန်ဂျယ်ရယ် ဖုံးဆက်လေ ကောင်းကင်နိုင်ငံမှာ ဖုံးရှိတယ် ဆက် ကြည့် အရမ်းတိုးတက်နေတဲ့ ခေတ်ကြီးမှာ ဖုံးတလုံးတော့ ရှိပါတယ် ဟာ ပြီးရင် အဖိုးနဲ့ပြောမယ်လို့ပြောလိုက် ပြောရလိမ့်မယ် ဒါမှမဟုတ် မရှိဘူး ဘာဘူး ပြောရင် ဝက်နံမည် ပြောလိုက် သူတို့ချက်ချင်း ပေးလိမ့်မယ် သိလား ကိ အဖေ့ဆီကိုတောင် နာ ဖုံးဆက်ခိုင်းထားသေးတယ် ကိ ဆက်ရဲ့လားမသိဘူး ငါ ပြောထားမယ် နော် သိလား ဘာမှအားမငယ်နဲ့ ဟိဟိ

မေ့သမီးကြီးအိန်ဂျယ်ရေ ဖတ်ရတာ ရင်ထဲမှာ တမျိုးလေးပဲ မျက်ရည်လဲဝဲတယ် သမီးကြီးပြောသလိုပဲ မိဘတွေ အဆင်ပြေမှသာဆိုရင် ငါတို့လဲ ဒီလိုဘယ်ဟုတ်လိမ့်မလဲ နော်

ကဲ ကဲ ပြန်တော့မယ်နော် ဘိုင် တာ့တာ

ရေးထားတာကောင်းလွန်းလို့ မျက်ရည်တောင်ဝဲမိတယ် ညီမရေ...
ဟို... တယောက်ဆီ လက်ကမ်းတဲ့အခန်းမှာလေ...
တကယ် စိတ်မကောင်းဖြစ်မိတာပါ...

အိန္ဒိယမှာ ကျောင်းသွားတက်တယ်ဆိုတော့ ညီမတို့က ချင်းလူမျိုးတွေလားလို့ တွေးမိလိုက်သေးတယ်...

သဘောကောင်းတဲ့ အဖိုးက အခုဆို ဘုရားသခင်ဆီမှာ ပြုံးပျော်နေမှာ မြင်ယောင်ပါသေးတယ်...

ခင်တဲ့
ကိုလူထွေး

အေးဗျာ.. စိတ်တော့မကောင်းပါဘူး.. ဒါပေမဲ့ ကျနော်တို့လဲ တနေ့ ဒီလမ်းသွားရမှာပါပဲဗျာ..။ ကောင်းရာမွန်ရာ ရောက်ပါစေဗျာ...။

စိတ်မကောင်းပါဘူးဟာ။ ဖတ်၇တာဝမ်းနည်းရပါတယ်။ မိသားစုကို စောင့်ရှောက်ကူညီနိုင်တဲ့သူ တစ်ယောက်အမြန်ဆုံးဖြစ်ပါစေ။

အော်..သူများတွေ အ ဖိုးအကြောင်း ရေးလိုက်တာ အားကျစရာကြီး... မက်မက်မှာတော့ အဖိုးဆိုတာ ခေါ်ခွင့်ရဖို့ အပြောနဲ့ မြင်တောင်
မမြင်ဘူးလိုက်ဘူး။း(


ကောင်းကင်ဘုံမှာ ထာဝရ ပြုံးနိုင်မှာပါ။

ညီမလေးရဲ့ချစ်သောဖိုးဖိုးက ကောင်းကင်ဘုံကနေ ဒီစာလေးကိုဖတ်ပြီး ပီတိပြုံးတွေ ဝေနေမှာ မြင်ယောင်မိပါတယ်

ကောင်းလိုက်တဲ့ပို့စ်လေးနော်..သယ်ရင်းဆက်လက်အားပေး
နေပါတယ်....

အဖိုး...
အဖိုးနဲ့ နေခဲ့တဲ့အချိန်တွေက ဘာမှ မရှိခဲ့ပေမယ့်
အဖိုးနဲ့ အတူတူငယ်ငယ်က လျှောက်လည်ဖြစ်ခဲ့တဲ့ နေရာတွေ ၊အကြာင်းအရာတွေက တော့ တစ်ခါတစ်ခါ
အိပ်မက်ထဲကို ၀င်ဝင် လာနေကြတုန်းပဲ...
အားလုံးအဆင်ပြေပါစေ..သူငယ်ချင်းရေ..

အဖိုး အကြောင်းဖတ်ရတာ စိတ်မကောင်းစရာပါပဲ
အဖိုး တော်တော်များများဟာ သူတို့ မြေးတွေကို သိပ်ချစ်ကြတာ
ကျွန်တော်အဖိုးတောင် သတိရသွားပြီ

ရေးထားတာလေး ကောင်းလိုက်တာ..

ချစ်စရာ အဖိုးရဲ့ စိတ်ဓါတ်နဲ့ အပြုအမူလေးတွေဗျ ကျနော်တောင် ဆုံးသွားတဲ့ ကျနော့်အဖိုးကို သတိရနေမိတယ်


လေးစားလျက်
တောင်ပေါ်သား

အေးပါဗျာ..
ဖတ်ရင်း ဖတ်ရင်းနဲ့
အဖိုးကို ပြန်သတိရသွားတယ်..

အဖိုးကျေးဇူးကိုသိတတ်ပြီး အခုလို့ဖွင့်ဟလိုက်တဲ့ မြေးလေးတစ်ယောက်.. ထာဝရ ပျော်ရွှင်ချမ်းမြေ့ ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

အဖိုးဆိုလို့ ၀ိုင်း ၃နှစ်သမီးကတည်းက အဖိုးဆုံးသွားတယ်လေ ဘာပဲပြောပြော Dim က ကံကောင်းပါတယ် အဖိုးချစ်ရတဲ့ မြေးဖြစ်ခွင့်ရခဲ့တာပဲလေ ဆက်ကြိုးစားနော် အောင်မြင်ပါစေ

ကျုပ်ကတော့ဗျာ
ဒီလိုအဖိုးတစ်ယောက်မှာ

ဒီလို .. ဒီလို ... ဟောဒီလို
မြေး မလေး ရှိနေတာ ..

အံတွေတောင် သြ လို့ ...

မအိန်ဂျယ်ရေ...အဖိုးအတွက် ဆုတောင်းရင်း လက်ရှိ ရှိနေတဲ့ မိသားစုလေးကို အဖိုးဖြစ်စေချင်သလို ဖြစ်အောင် နေလိုက်ပါ...မိဘတွေကလည်း အဘိုးရဲ့ သွေးပါပဲ...မိဘတွေကို ကျေးဇူးဆပ်ရင်း အဘိုးကြောင့် ရတဲ့နောင်တမှ ကင်းဝေးပါစေလို့ ...

ခင်မင်လျှက်
ကာရံဆူး

ဖတ်နေရင်းနဲ့ ကိုယ်အဘိုးကိုလွမ်းသွားတယ်
ညည်းမြို့ကို အလည်ခေါ်နော်

ကံကောင်းပါစေ ညီမငယ်

ဖတ်တော့ ဖတ်တာပဲ ဖတ်ရင်းနဲ့ကို ရီချင်လာလို့ ဟီးးး ။ ဖတ်သွားတရ် ။

(ကိုရဲ) သေချာတရ် ငါ့အစ်မက ever busy နေမှာ