ရက်၊ လတွေ တစ်ရွေ့ ရွေ့  ပြေးလွှားလာရင်းနဲ့ ခရစ်စမတ်ရာသီလေးတောင် ရောက်လာပြန်ပေါ့။ ဟိုးငယ်ငယ် ပိစိလေးအရွယ်တုန်းကတော့ ခရစ်စမတ်ရောက်ရင် မုန့်ဖိုးတွေ၊ လက်ဆောင်တွေ အများကြီးရတယ်။ အဝတ်အစား အသစ်လှလှပပလေးတွေ ဝတ်ရတယ်။ ကျောင်းတွေပိတ်တယ်။ အဝေးရောက်နေတဲ့ မိသားစုဝင်တွေနဲ့လဲ ပြန်ဆုံတွေ့ခွင့်ပြန်ရတယ်။ အိမ်မှာ၊ ဘုရားကျောင်းမှာ လူစုံတယ်။ Carol Singing လှည့်တယ်။ သီချင်းတွေ ဆိုကြတယ်။ မုန့်တွေအများကြီးစားရတယ်။ ပျော်ဖို့သိပ်ကောင်းတယ်။ ဒါဟာ ခရစ်စမတ်လို့ပဲ သိနားလည်ခဲ့ဖူးတယ်။

တကယ်တော့ ခရစ်စမတ်ဆိုတာ... ပျော်ပွဲရွှင်ပွဲ တစ်ခု သက်သက်မဟုတ်သလို၊ ခရစ်ယာန်ဘာသာရဲ့ ထုံးတမ်းစဉ်လာ ပွဲတော်တစ်ခုလည်း မဟုတ်ဘူး။ ခရစ်စမတ်ဆိုတာ.... တစ်လောကလုံး ဝမ်းမြောက်ဖို့ရန် " Joy To The World The LORD Is Come " လောကဝမ်းမြောက် ဘုရားကြွလာ ဆိုပြီး ကြွေးကြော်နိုင်ဖို့ရန်အတွက် ဘုရားသခင်ရဲ့သားတော်ဟာ လူ့ဇာတိကိုခံယူပြီး အနိမ့်ကျဆုံး နွားစားခွက်ထဲမှာ ဖွားမြင်လာခဲ့တဲ့နေ့ ဖြစ်တယ်။ ဒါဟာ... ခရစ်ယာန်တွေအတွက်သာမဟုတ်ပဲ တစ်လောကလုံးအတွက် မွေးဖွားခဲ့တာပါ။

သခင်ခရစ်တော် လူ့ဇာတိခံယူပြီး လူ့လောကကို ဆင်းသက်လာတာဟာ လူ့ဇာတိခံယူရုံ၊ ဆင်းသက်လာရုံ သက်သက် မဟုတ်ပဲ၊ လူသားအားလုံး လိုက်လျှောက်ကျင့်သုံးနိုင်ဖို့ရန် အတွက် သူ့အသက်တာ အားဖြင့် ဥပမာပြ သွန်သင်လိုခြင်းလည်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သခင်ခရစ်တော် လူ့ဇာတိခံယူပြီး လူသားတွေကို ကယ်ချွတ်ဖို့ စေလွှတ်ခဲ့တာဟာ အဖခမည်းတော် ဘုရားသခင်ပဲ ဖြစ်တယ်။ ဒါတွေ အားလုံးဟာ ဘုရားသခင်ရဲ့ အလိုဆန္ဒတွေပဲ ဖြစ်တယ်။ သခင်ခရစ်တော်ဟာလည်း " ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ " ဆိုတဲ့ ပုံသက်သေမျိုး လုပ်မပြခဲ့ပါဘူး။ စံပြကောင်းတစ်ယောက် တကယ့်ကို " IDEAL" အဖြစ် ရပ်တည်ပြခဲ့တဲ့ အပြင် လောကမှာ ဘယ်လိုအသက်ရှင်နေထိုင်ရမယ်၊ " နှိမ့်ချစွာ၊ ရိုကျိုးစွာ နေထိုင်တတ်ဖို့ " ပါ ရှေ့ ဆောင် လမ်းပြပြီး ခမည်းတော် ဘုရားရဲ့ အလိုတော်ကို ဖြည့်ဆည်းနာခံခဲ့သူ ဖြစ်ပါတယ်။

ဒီဇင်ဘာ လဆန်းပိုင်းလောက်က Down Here အဖွဲ့ ရဲ့ " How Many Kings " ဆိုတဲ့ ခရစ်စမတ်တေးအယ်လ်ဘမ်
လေးတစ်ခု သူငယ်ချင်း Benjamin LianPi က လက်ဆောင်ပေးခဲ့တယ်။ စာသားတွေဟာ ငါတို့ သိနားလည်ပြီး မေ့လျော့နေတဲ့ အကြောင်းအရာတစ်ခုကို ပြန်ပြီး ဆင်ခြင်နိုင်ခွင့်ကို ပေးတယ်လို့ သူ့ခံစားချက်ကို ပြန်မျှဝေ ခဲ့တယ်။ LianPi ပြောသလိုပါပဲ ဒီသီချင်းက Angel Shaper ရဲ့ စိတ်နှလုံးကို တကယ်ပဲ တို့ထိပါတယ်။ သီချင်းထဲက စာသားတွေကို ပြန်ပြီး ဆင်ခြင်ကြည့်မယ် ဆိုရင်.... ဘုရင်များရဲ့ဘုရင်၊ အရှင်များရဲ့အရှင်၊ သခင်များရဲ့သခင်၊ ဘုရားရဲ့ သားတော်တစ်ယောက်ဟာ ရှိသမျှ၊ ဖြစ်သမျှ၊ ပိုင်ဆိုင်သမျှ အားလုံးကို စွန့်ပြီး အသေးနုတ်ဆုံးဖြစ်တဲ့ နွားစားခွက်ထဲမှာ လူ့ဇာတိခံယူပြီး မွေးဖွားခြင်းခံယူဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါတွေအားလုံးဟာ ခမည်းတော် ဘုရားရဲ့ အလိုဆန္ဒဖြစ်တဲ့အတွက်ကြောင့် သခင်ခရစ်တော်ဟာ အားလုံးကို စွန့်ပြီး လူသားတွေကို အပြစ်မှ ကယ်ချွတ်ဖို့ ဆင်းသက်လာခဲ့ခြင်းဖြစ်တယ်။ အရမ်းကို ထိမှန်တဲ့စာသားလေးတွေ ဖြစ်တယ်။
Cause, How Many Kings, Stepped Down From Their Thrones? How Many Lords Have Abandoned Their Homes? How Many Greats Have Become The Least For Me? How Many Gods Have Poured Our Their Hearts? To Romance A World That Has Torn All Apart? How Many Fathers Gave Up Their Sons For me? Only One Did That For Me!

သခင်ခရစ်တော်ဟာ ကားတိုင်ပေါ် အသေမခံခင် Gethsemane မှာ ဆုတောင်းခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခုကိုလည်း (Mark. 14:36) မှာ တွေ့ရပါတယ်။ အို... အဖ ခမည်းတော်၊ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော..... ဆိုပြီး ဆုတောင်းခဲ့ပါတယ်။ ဘုရားရဲ့သားတော်ဟာ ဘုရားသားဖြစ်ပေမယ့် လူ့ဇာတိကို ခံယူခဲ့ရတဲ့အတွက်၊ ဒီအသေခံခြင်း ဟာလည်း အသွေးအသားနဲ့တည်ဆောက်ထားတဲ့ သူ့အတွက် အင်မတန် ခက်ခဲနေကြောင်း ပြသထားပါတယ်။ ဒါပေမယ့် ခရစ်တော်ဟာ သူ့ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ဘုရားရဲ့အလိုတော်အတိုင်း လိုက်လျှောက်နာခံခဲ့ပါတယ်။ ဒီအရာကို ကြည့်ခြင်းအားဖြင့် ယေရှုခရစ်ဟာ လူ့လောကမှာ လူ့ဇာတိခံယူခဲ့ရုံသက်သက်နဲ့ အသက်ရှင်ခဲ့တာမဟုတ်ပါဘူး။ အသက်ရှင်ခဲ့တဲ့ ကာလတစ်လျှောက်မှာ ဘုရားသခင်ရဲ့အလိုတော် အတိုင်းပဲ စွန့်လွှတ်အနစ်နာခံပြီး အသက်ရှင် ခဲ့ကြောင်း ကို တွေ့ရပါတယ်။ အဖ ခမည်းတော်ရဲ့ အလိုဆန္ဒတွေ အားလုံးကို ယခုလို နာခံလိုက်လျှောက်ခဲ့ပြီး မှသာ " IT IS DONE " " ဤအမှု ပြီးပြီ။ " ဆိုပြီး ခရစ်တော် ကြွေးကြော်နိုင်ခဲ့ခြင်းဖြစ်တယ်။

ဒီလိုဆိုရင်... တို့တွေ အားလုံးလဲ ကိုယ့်ရဲ့ ဝန်တာ၊ တာဝန် အသီးသီးကို ဘယ်လိုကျေပွန်မလဲ??? ဤအမှုပြီးပြီ လို့ ကြွေးကြော်နိုင်ဖို့ရန် ဘယ်လို ကြိုးစားအသက်ရှင်မလဲ??? သခင်ခရစ်တော် ပြသခဲ့တဲ့ စံနမူနာအတိုင်း ဘယ်လို လိုက်လျှောက်နိုင်မလဲ??? အခြေခံက စပြီး ဆင်ခြင်ကြည့်မယ်ဆိုရင်..... အနန္တော၊ အနန္တ ဂိုဏ်းဝင်ဖြစ်တဲ့ ကိုယ့်ရဲ့ ကျေးဇူးရှင် မိဘနှစ်ပါးအပေါ် အဓိက တာဝန်ကျေဖို့ လိုအပ်ကြောင်းတွေ့ရပါတယ်။

( ဧဖက် ၆း၁) မှာ ဘာပြောထားသလဲ ဆိုရင်... သားသမီးတို့ ဘုရားသခင်၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။ လို့ ဆိုထားပါတယ်။ ကိုယ့်ရဲ့ အလိုဆန္ဒတွေကို စွန့်ပစ်ပြီး မိဘစကားကို နားထောင်နာခံရုံမက၊ မိဘကို ပြန်ပြီး လုပ်ကျွေးပြုစုကာ စိတ်ချမ်းသာအောင် ထားနိုင်ဖို့၊ ကျေးဇူးဆပ်နိုင်ဖို့ အဓိက လိုအပ်ပါတယ်။

မိဘတွေ အနေနဲ့လည်း သခင်ယေရှု လမ်းပြခဲ့တဲ့အတိုင်း " IT IS DONE " ခဲ့ကြပြီးပါပြီ။ တာဝန်တွေ ကျေခဲ့ကြ ပြီးပါပြီ။ သားသမီးတွေကို ဝမ်းနဲ့လွယ်မွေးခဲ့ရုံမက၊ ညအချိန်မတော် ကလေးထငိုရင် အိပ်ချင်နေတဲ့ စိတ်ကို ချိုးနှိမ်ပြီး အိပ်ယာထနို့တိုက်ပေးခဲ့တယ်။ အညစ်အကြေးတွေကို သန့်စင်ပေးခဲ့တယ်။ သားသမီးတွေအတွက် အပင်ပန်းခံပြီး လုပ်ကျွေးပြုစုပေးခဲ့တယ်။ မိဘတွေရဲ့ အနစ်နာခံလုပ်ဆောင်ချက်တွေဟာပြောလို့မကုန်နိုင်ပါဘူး။ မိဘတွေဟာ မိဘနေရာကနေ " IT IS DONE " နိုင်ခဲ့ကြသလို၊ သားသမီးတွေ အနေနဲ့လည်း မိဘကို လစာလေး တွေ အပ်၊ ငွေလေးတွေ ပို့ ပေးရုံနဲ့ မလုံလောက်ပါဘူး။ အဆုံးစွန်ထိပြောရရင် မိဘကို ရွှေဘုံပေါ်မှာ ဇိမ်ကလေးနဲ့ ထားနိုင်ခဲ့တယ် ဆိုရင်တောင် မိဘကျေးဇူးဆပ်နိုင်ပြီ လို့ ဆိုလို့မရပါဘူး။ မိဘကျေးဇူးကို မဆိုထားနှင့် မိဘတွေ သားသမီးအပေါ်မှာထားတဲ့ မေတ္တာတရားတစ်ခုတည်းနဲ့တောင် မညီမျှနိုင်သေးပါဘူး။ ဒီတော့... သားသမီးတွေ အနေနဲ့ အသက်ကြီးလာမဲ့ မိဘတွေကို နားလည်စွာ ချစ်ခင်ရိုသေနိုင်ဖို့ လိုအပ်သလို၊ မိဘစကားကို နားထောင် ရုံမက ကိုယ့်ရဲ့ အလိုဆန္ဒတွေကို ချိုးနှိမ်ပြီး ပေးဆပ်နိုင်ဖို့၊ မိဘစိတ်ချမ်းသာအောင်ထားနိုင်အောင် တစ်သက်လုံး ကြိုးစားသွားဖို့ လိုအပ်ပါတယ်။

ဒီပိုစ့်လေးဟာ ခရစ်စမတ် ဆိုပြီး ခရစ်စမတ်နဲ့ မဆိုင်တဲ့ ပိုစ့်တစ်ခုလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမယ့် ခရစ်တော် မွေးဖွားလာတဲ့ ထူးဆန်းတဲ့ ဒီခရစ်စမတ်လေးရဲ့ အဓိက ဆိုလိုရင်းကို သေချာတွေးကြည့်ခံစားပြီး ဖြစ်ပေါ်လာတဲ့ ပိုစ့်လေးတစ်ပုဒ်ဖြစ်ပါတယ်။ X'mas ဟာ Fulfillment Of Christ ရဲ့ အစဖြစ်တဲ့အတွက် ခရစ်တော် ပုံသက်သေကောင်းပြသခဲ့သလို တို့လူငယ်လေးတွေလည်း မိဘစကားကို နားထောင် နာခံပြီး ဖြည့်ဆည်းပေး နိုင်ဖို့၊ မိဘစိတ်ချမ်းသာအောင် အသက်ရှင်ကြဖို့ ဒီပိုစ့်လေးနဲ့ ဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်။ ဒီပိုစ့်လေး ဖြစ်လာဖို့ Idea နဲ့ ခံစားချက်လေးတွေကို မျှဝေပေးခဲ့တဲ့ U Mang Sen ကို ကျေးဇူးအကြီးကြီးတင်ရှိပါကြောင်း.....

ဘုရားသခင်ထံမှ လာတဲ့ စစ်မှန်တဲ့ ပျော်ရွှင်ဝမ်းမြောက်ခြင်း။ ချစ်ခြင်းမေတ္တာ၊ ငြိမ်သက်ခြင်း၊ စုံလင်ပြည့်စုံခြင်း၊ အောင်မြင်ခြင်း၊ ကြွယ်ဝခြင်းများ ပိုင်ဆိုင်နိုင်ကြပါစေလို့ Angel Shaper ရဲ့ မောင်နှမအားလုံးအတွက် ဆုတောင်းပေးခဲ့ပါတယ်။ အားလုံးပဲ Merry Christmas And Happy New Year ပါ။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
24.12.2010 (Fri;)
2:00 Am

10 comments:

Thanks for sharing the true meaning of Christmas.
Christmas is not all about shopping, partying, gift exchanging and just singing songs. It's the time to reflect what God has done for us.

To the faithful, You show yourself faithful.
Psa 18 (25)

Lynn

Merry X' mas :):)

Seasons Greetingssss!!!

Wish you very happy merry X-mas and New Year in advance ...
Good Luck and All The Best !!

Merry X'mas and Happy New Year.
May all your dream come true in New Year 2011.

Merry Christmas And Happy New Year ပါ။

Merry X' mas !!!
နှစ်သစ်မှာလည်း ပျော်ရွှင်ပါစေ..။

" HAPPY MERRY CHRISTMAS " :)
အေးချမ်းပျော်ရွှင်ပါစေ ရှင်။
..ခင်မင်လျှက်..ခင်မာလာအောင်..:)

Merry Christmas And Happy New Year ပါ။ ခေါင်းကိုက်တက်တဲ့ ညီမလေးရေ

ချင်းတောင်းလေးရေ....

ရင်ဘတ်ထဲက အမှတ်တရတွေကို ထပ်တူခံစားသွားပါတယ်...

ပျော်ရွှင်ပါစေ...
ဘုရားသခင်ကောင်းချီးပေးပါစေ...

်ခရစ်စမတ်နှင့်အတူ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ.....

မဆုံတာကြာပေမယ့် မေ့မသွားတဲ့
လူကြမ်းကြီး

HAPPY NEW YEAR...ပါ...ANGEL လေးရေ...