ရက်၊ လတွေ တစ်ရွေ့ ရွေ့  ပြေးလွှားလာရင်းနဲ့ ခရစ်စမတ်ရာသီလေးတောင် ရောက်လာပြန်ပေါ့။ ဟိုးငယ်ငယ် ပိစိလေးအရွယ်တုန်းကတော့ ခရစ်စမတ်ရောက်ရင် မုန့်ဖိုးတွေ၊ လက်ဆောင်တွေ အများကြီးရတယ်။ အဝတ်အစား အသစ်လှလှပပလေးတွေ ဝတ်ရတယ်။ ကျောင်းတွေပိတ်တယ်။ အဝေးရောက်နေတဲ့ မိသားစုဝင်တွေနဲ့လဲ ပြန်ဆုံတွေ့ခွင့်ပြန်ရတယ်။ အိမ်မှာ၊ ဘုရားကျောင်းမှာ လူစုံတယ်။ Carol Singing လှည့်တယ်။ သီချင်းတွေ ဆိုကြတယ်။ မုန့်တွေအများကြီးစားရတယ်။ ပျော်ဖို့သိပ်ကောင်းတယ်။ ဒါဟာ ခရစ်စမတ်လို့ပဲ သိနားလည်ခဲ့ဖူးတယ်။

တကယ်တော့ ခရစ်စမတ်ဆိုတာ... ပျော်ပွဲရွှင်ပွဲ တစ်ခု သက်သက်မဟုတ်သလို၊ ခရစ်ယာန်ဘာသာရဲ့ ထုံးတမ်းစဉ်လာ ပွဲတော်တစ်ခုလည်း မဟုတ်ဘူး။ ခရစ်စမတ်ဆိုတာ.... တစ်လောကလုံး ဝမ်းမြောက်ဖို့ရန် " Joy To The World The LORD Is Come " လောကဝမ်းမြောက် ဘုရားကြွလာ ဆိုပြီး ကြွေးကြော်နိုင်ဖို့ရန်အတွက် ဘုရားသခင်ရဲ့သားတော်ဟာ လူ့ဇာတိကိုခံယူပြီး အနိမ့်ကျဆုံး နွားစားခွက်ထဲမှာ ဖွားမြင်လာခဲ့တဲ့နေ့ ဖြစ်တယ်။ ဒါဟာ... ခရစ်ယာန်တွေအတွက်သာမဟုတ်ပဲ တစ်လောကလုံးအတွက် မွေးဖွားခဲ့တာပါ။

သခင်ခရစ်တော် လူ့ဇာတိခံယူပြီး လူ့လောကကို ဆင်းသက်လာတာဟာ လူ့ဇာတိခံယူရုံ၊ ဆင်းသက်လာရုံ သက်သက် မဟုတ်ပဲ၊ လူသားအားလုံး လိုက်လျှောက်ကျင့်သုံးနိုင်ဖို့ရန် အတွက် သူ့အသက်တာ အားဖြင့် ဥပမာပြ သွန်သင်လိုခြင်းလည်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သခင်ခရစ်တော် လူ့ဇာတိခံယူပြီး လူသားတွေကို ကယ်ချွတ်ဖို့ စေလွှတ်ခဲ့တာဟာ အဖခမည်းတော် ဘုရားသခင်ပဲ ဖြစ်တယ်။ ဒါတွေ အားလုံးဟာ ဘုရားသခင်ရဲ့ အလိုဆန္ဒတွေပဲ ဖြစ်တယ်။ သခင်ခရစ်တော်ဟာလည်း " ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ " ဆိုတဲ့ ပုံသက်သေမျိုး လုပ်မပြခဲ့ပါဘူး။ စံပြကောင်းတစ်ယောက် တကယ့်ကို " IDEAL" အဖြစ် ရပ်တည်ပြခဲ့တဲ့ အပြင် လောကမှာ ဘယ်လိုအသက်ရှင်နေထိုင်ရမယ်၊ " နှိမ့်ချစွာ၊ ရိုကျိုးစွာ နေထိုင်တတ်ဖို့ " ပါ ရှေ့ ဆောင် လမ်းပြပြီး ခမည်းတော် ဘုရားရဲ့ အလိုတော်ကို ဖြည့်ဆည်းနာခံခဲ့သူ ဖြစ်ပါတယ်။

ဒီဇင်ဘာ လဆန်းပိုင်းလောက်က Down Here အဖွဲ့ ရဲ့ " How Many Kings " ဆိုတဲ့ ခရစ်စမတ်တေးအယ်လ်ဘမ်
လေးတစ်ခု သူငယ်ချင်း Benjamin LianPi က လက်ဆောင်ပေးခဲ့တယ်။ စာသားတွေဟာ ငါတို့ သိနားလည်ပြီး မေ့လျော့နေတဲ့ အကြောင်းအရာတစ်ခုကို ပြန်ပြီး ဆင်ခြင်နိုင်ခွင့်ကို ပေးတယ်လို့ သူ့ခံစားချက်ကို ပြန်မျှဝေ ခဲ့တယ်။ LianPi ပြောသလိုပါပဲ ဒီသီချင်းက Angel Shaper ရဲ့ စိတ်နှလုံးကို တကယ်ပဲ တို့ထိပါတယ်။ သီချင်းထဲက စာသားတွေကို ပြန်ပြီး ဆင်ခြင်ကြည့်မယ် ဆိုရင်.... ဘုရင်များရဲ့ဘုရင်၊ အရှင်များရဲ့အရှင်၊ သခင်များရဲ့သခင်၊ ဘုရားရဲ့ သားတော်တစ်ယောက်ဟာ ရှိသမျှ၊ ဖြစ်သမျှ၊ ပိုင်ဆိုင်သမျှ အားလုံးကို စွန့်ပြီး အသေးနုတ်ဆုံးဖြစ်တဲ့ နွားစားခွက်ထဲမှာ လူ့ဇာတိခံယူပြီး မွေးဖွားခြင်းခံယူဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါတွေအားလုံးဟာ ခမည်းတော် ဘုရားရဲ့ အလိုဆန္ဒဖြစ်တဲ့အတွက်ကြောင့် သခင်ခရစ်တော်ဟာ အားလုံးကို စွန့်ပြီး လူသားတွေကို အပြစ်မှ ကယ်ချွတ်ဖို့ ဆင်းသက်လာခဲ့ခြင်းဖြစ်တယ်။ အရမ်းကို ထိမှန်တဲ့စာသားလေးတွေ ဖြစ်တယ်။
Cause, How Many Kings, Stepped Down From Their Thrones? How Many Lords Have Abandoned Their Homes? How Many Greats Have Become The Least For Me? How Many Gods Have Poured Our Their Hearts? To Romance A World That Has Torn All Apart? How Many Fathers Gave Up Their Sons For me? Only One Did That For Me!

သခင်ခရစ်တော်ဟာ ကားတိုင်ပေါ် အသေမခံခင် Gethsemane မှာ ဆုတောင်းခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခုကိုလည်း (Mark. 14:36) မှာ တွေ့ရပါတယ်။ အို... အဖ ခမည်းတော်၊ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော..... ဆိုပြီး ဆုတောင်းခဲ့ပါတယ်။ ဘုရားရဲ့သားတော်ဟာ ဘုရားသားဖြစ်ပေမယ့် လူ့ဇာတိကို ခံယူခဲ့ရတဲ့အတွက်၊ ဒီအသေခံခြင်း ဟာလည်း အသွေးအသားနဲ့တည်ဆောက်ထားတဲ့ သူ့အတွက် အင်မတန် ခက်ခဲနေကြောင်း ပြသထားပါတယ်။ ဒါပေမယ့် ခရစ်တော်ဟာ သူ့ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ဘုရားရဲ့အလိုတော်အတိုင်း လိုက်လျှောက်နာခံခဲ့ပါတယ်။ ဒီအရာကို ကြည့်ခြင်းအားဖြင့် ယေရှုခရစ်ဟာ လူ့လောကမှာ လူ့ဇာတိခံယူခဲ့ရုံသက်သက်နဲ့ အသက်ရှင်ခဲ့တာမဟုတ်ပါဘူး။ အသက်ရှင်ခဲ့တဲ့ ကာလတစ်လျှောက်မှာ ဘုရားသခင်ရဲ့အလိုတော် အတိုင်းပဲ စွန့်လွှတ်အနစ်နာခံပြီး အသက်ရှင် ခဲ့ကြောင်း ကို တွေ့ရပါတယ်။ အဖ ခမည်းတော်ရဲ့ အလိုဆန္ဒတွေ အားလုံးကို ယခုလို နာခံလိုက်လျှောက်ခဲ့ပြီး မှသာ " IT IS DONE " " ဤအမှု ပြီးပြီ။ " ဆိုပြီး ခရစ်တော် ကြွေးကြော်နိုင်ခဲ့ခြင်းဖြစ်တယ်။

ဒီလိုဆိုရင်... တို့တွေ အားလုံးလဲ ကိုယ့်ရဲ့ ဝန်တာ၊ တာဝန် အသီးသီးကို ဘယ်လိုကျေပွန်မလဲ??? ဤအမှုပြီးပြီ လို့ ကြွေးကြော်နိုင်ဖို့ရန် ဘယ်လို ကြိုးစားအသက်ရှင်မလဲ??? သခင်ခရစ်တော် ပြသခဲ့တဲ့ စံနမူနာအတိုင်း ဘယ်လို လိုက်လျှောက်နိုင်မလဲ??? အခြေခံက စပြီး ဆင်ခြင်ကြည့်မယ်ဆိုရင်..... အနန္တော၊ အနန္တ ဂိုဏ်းဝင်ဖြစ်တဲ့ ကိုယ့်ရဲ့ ကျေးဇူးရှင် မိဘနှစ်ပါးအပေါ် အဓိက တာဝန်ကျေဖို့ လိုအပ်ကြောင်းတွေ့ရပါတယ်။

( ဧဖက် ၆း၁) မှာ ဘာပြောထားသလဲ ဆိုရင်... သားသမီးတို့ ဘုရားသခင်၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။ လို့ ဆိုထားပါတယ်။ ကိုယ့်ရဲ့ အလိုဆန္ဒတွေကို စွန့်ပစ်ပြီး မိဘစကားကို နားထောင်နာခံရုံမက၊ မိဘကို ပြန်ပြီး လုပ်ကျွေးပြုစုကာ စိတ်ချမ်းသာအောင် ထားနိုင်ဖို့၊ ကျေးဇူးဆပ်နိုင်ဖို့ အဓိက လိုအပ်ပါတယ်။

မိဘတွေ အနေနဲ့လည်း သခင်ယေရှု လမ်းပြခဲ့တဲ့အတိုင်း " IT IS DONE " ခဲ့ကြပြီးပါပြီ။ တာဝန်တွေ ကျေခဲ့ကြ ပြီးပါပြီ။ သားသမီးတွေကို ဝမ်းနဲ့လွယ်မွေးခဲ့ရုံမက၊ ညအချိန်မတော် ကလေးထငိုရင် အိပ်ချင်နေတဲ့ စိတ်ကို ချိုးနှိမ်ပြီး အိပ်ယာထနို့တိုက်ပေးခဲ့တယ်။ အညစ်အကြေးတွေကို သန့်စင်ပေးခဲ့တယ်။ သားသမီးတွေအတွက် အပင်ပန်းခံပြီး လုပ်ကျွေးပြုစုပေးခဲ့တယ်။ မိဘတွေရဲ့ အနစ်နာခံလုပ်ဆောင်ချက်တွေဟာပြောလို့မကုန်နိုင်ပါဘူး။ မိဘတွေဟာ မိဘနေရာကနေ " IT IS DONE " နိုင်ခဲ့ကြသလို၊ သားသမီးတွေ အနေနဲ့လည်း မိဘကို လစာလေး တွေ အပ်၊ ငွေလေးတွေ ပို့ ပေးရုံနဲ့ မလုံလောက်ပါဘူး။ အဆုံးစွန်ထိပြောရရင် မိဘကို ရွှေဘုံပေါ်မှာ ဇိမ်ကလေးနဲ့ ထားနိုင်ခဲ့တယ် ဆိုရင်တောင် မိဘကျေးဇူးဆပ်နိုင်ပြီ လို့ ဆိုလို့မရပါဘူး။ မိဘကျေးဇူးကို မဆိုထားနှင့် မိဘတွေ သားသမီးအပေါ်မှာထားတဲ့ မေတ္တာတရားတစ်ခုတည်းနဲ့တောင် မညီမျှနိုင်သေးပါဘူး။ ဒီတော့... သားသမီးတွေ အနေနဲ့ အသက်ကြီးလာမဲ့ မိဘတွေကို နားလည်စွာ ချစ်ခင်ရိုသေနိုင်ဖို့ လိုအပ်သလို၊ မိဘစကားကို နားထောင် ရုံမက ကိုယ့်ရဲ့ အလိုဆန္ဒတွေကို ချိုးနှိမ်ပြီး ပေးဆပ်နိုင်ဖို့၊ မိဘစိတ်ချမ်းသာအောင်ထားနိုင်အောင် တစ်သက်လုံး ကြိုးစားသွားဖို့ လိုအပ်ပါတယ်။

ဒီပိုစ့်လေးဟာ ခရစ်စမတ် ဆိုပြီး ခရစ်စမတ်နဲ့ မဆိုင်တဲ့ ပိုစ့်တစ်ခုလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမယ့် ခရစ်တော် မွေးဖွားလာတဲ့ ထူးဆန်းတဲ့ ဒီခရစ်စမတ်လေးရဲ့ အဓိက ဆိုလိုရင်းကို သေချာတွေးကြည့်ခံစားပြီး ဖြစ်ပေါ်လာတဲ့ ပိုစ့်လေးတစ်ပုဒ်ဖြစ်ပါတယ်။ X'mas ဟာ Fulfillment Of Christ ရဲ့ အစဖြစ်တဲ့အတွက် ခရစ်တော် ပုံသက်သေကောင်းပြသခဲ့သလို တို့လူငယ်လေးတွေလည်း မိဘစကားကို နားထောင် နာခံပြီး ဖြည့်ဆည်းပေး နိုင်ဖို့၊ မိဘစိတ်ချမ်းသာအောင် အသက်ရှင်ကြဖို့ ဒီပိုစ့်လေးနဲ့ ဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်။ ဒီပိုစ့်လေး ဖြစ်လာဖို့ Idea နဲ့ ခံစားချက်လေးတွေကို မျှဝေပေးခဲ့တဲ့ U Mang Sen ကို ကျေးဇူးအကြီးကြီးတင်ရှိပါကြောင်း.....

ဘုရားသခင်ထံမှ လာတဲ့ စစ်မှန်တဲ့ ပျော်ရွှင်ဝမ်းမြောက်ခြင်း။ ချစ်ခြင်းမေတ္တာ၊ ငြိမ်သက်ခြင်း၊ စုံလင်ပြည့်စုံခြင်း၊ အောင်မြင်ခြင်း၊ ကြွယ်ဝခြင်းများ ပိုင်ဆိုင်နိုင်ကြပါစေလို့ Angel Shaper ရဲ့ မောင်နှမအားလုံးအတွက် ဆုတောင်းပေးခဲ့ပါတယ်။ အားလုံးပဲ Merry Christmas And Happy New Year ပါ။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
24.12.2010 (Fri;)
2:00 Am

လူတိုင်းအတွက်တော့ အဖေဆိုတာဟာ အားကိုးရာ ဟီးရိုးကြီးပါ။ ငါကြီးလာရင်တော့ ဖေဖေ့လို ဖြစ်အောင် ကြိုးစားမယ်။ ရိုးသားဖြောင့်မတ်ရမယ်။ လူတွေကို လေးစားတန်ဖိုးထားတတ်ပြီး လူပီသရမယ်။ ကူညီတတ်ရမယ် ဆိုတာတွေဟာ ငယ်ငယ်ကတည်းက ဘယ်သူမှ သင်ပေးစရာမလိုပဲ စိတ်ထဲကနေ ဖြစ်ချင်လာတဲ့ ဆန္ဒတွေပေါ့။
သူငယ်ချင်းတွေနဲ့ ရန်ဖြစ်လို့ ရှုံးလာတယ်၊ ခံလာရတယ်ဆိုရင် နောက်ဆုံး ကျည်ဆန်ဖြစ်တဲ့ ငါ့အဖေနဲ့တိုင်မယ် ဆိုတဲ့ စကားမျိုးတွေကိုလည်း အဖေကို သိပ်အားကိုး တတ်တဲ့ ကလေးတစ်ယောက်ရဲ့ ခံစားချက်တွေနဲ့ ပြောထွက်မိတဲ့ စကားလုံးတွေပါ။ သရဲကြောက်လို့ ဖြတ်မသွားရဲတဲ့လမ်းကို ညအမှောင်မှာ ဖေဖေနဲ့သွားရရင် ဘာကြောင့်မှန်းမသိ ကြောက်စိတ်တွေ မရှိတော့တာဟာလည်း အဖေဟာ ကိုယ့်အတွက် သူရဲကောင်း တစ်ယောက် ဖြစ်နေလို့ပေါ့။

အဖေတွေကတော့ ကြင်ကြင်နာနာနဲ့ ချော့သိပ်ဖြစ်ချင်မှ ချော့သိပ်ဖြစ်မယ်...............လိုအပ်မှုမှန်သမျှကိုတော့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ သူတို့ရင်ထဲမှာ တံဆိပ်ခတ်ထားပြီးသားပါ။ ဒီတော့ ဖေ့ဖေ့ကျေးဇူး ဆိုတာတွေ ကို ကဗျာတွေ စာတွေ ဖွဲ့လည်း ဖွဲ့မမီပါဘူးလေ။

ဒီနေ့ ၂၀.၆.၂၀၁၀ ဟာဖခင်များနေ့ဖြစ်ပါတယ်။ ဒီတစ်ခါ ဖခင်များနေ့ဖြစ်ပေါ်လာပုံကိုတော့ မအားလပ်မှုတွေ ကြောင့် မျှဝေမပေးနိုင်ပါဘူး။ Angel Shaper မှာ အဖိုးနဲ့ ဖေဖေ့အပြင် ဦးလေးတွေလည်း ရှိတယ်။ မွေးစားဖခင်တွေလည်း အများကြီး ရှိပါတယ်။ အကိုတွေလည်း အများကြီးရှိပါတယ်။ အဖေတစ်ယောက်လို ဆိုဆုံးမပေးတဲ့ ဆရာတွေလည်း အများကြီးရှိပါတယ်။ ပါပါးလို့ သမီးခေါ်တဲ့ ရန်ကုန်က ဆရာ Kevin Moe၊ အမေရိကားက ဖေကြီး အောင်သာငယ်၊ ဒူဘိုင်းက ဘကြီးမိုး လို့ ခေါ်တဲ့ ကိုမိုးဇော်လွင်၊ ဘကြီးသာလို့ခေါ်တဲ့ ကိုသာယာ၊ မလေးရှားက ဦးတည် (ကိုသောမတ်စ်)၊ ဖခင်နေရာ မရောက်သေးတဲ့အကိုတွေ၊ ကြိုးစားနေသူ အကိုတွေလည်း အများကြီးပါ။ (ဖခင်ဖြစ်ပြီးသူများသာ နာမည်ဖော်ပြသည်) အားလုံးဟာ ဘုရားပေးတဲ့ အမျိုးတွေပေါ့။ သမီးအရင်းတစ်ယောက်လို ဂရုတစိုက် ဆိုဆုံးမကြတယ်။ ကူညီကြတယ်။ အားပေးကြတယ်။ ဖေးမပေးကြတယ်။ မေတ္တာ၊ စေတနာတွေ အားလုံးအတွက် ကျေးဇူးလည်း အများကြီး တင်ပါတယ်။ အဖိုး၊ ဖေဖေနဲ့ မွေးစား ဖခင်တွေ၊ ကမ္ဘာပေါ်မှာရှိတဲ့ ဖခင်တွေအားလုံးကို သီချင်းလေးနဲ့ဖြစ်ဖြစ် ပိုစ့်လေးနဲ့ပဲဖြစ်ဖြစ် ဂါရဝပြုဖို့ စိတ်ထဲရှိနေပေမယ့် အချိန် အင်မတန် ဆင်းရဲသွားတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် မနှစ်က ဖခင်များနေ့မှာ ဖေ့ဖေ့အတွက်ဆိုပြီး ရေးထားတဲ့ ကဗျာလေးနဲ့ပဲ အားလုံးကို ဂါရဝပြုလိုက်ရပါသည်။

Dad,

There Are Not Many Words
To " Thank You " For All That You Have Done.
You Go Out Of Your Way To Help The People
You Came Across Each Day And You Surely Become Richer With
The Blessings You Gather Along The Way.

You Showed So Much Concern And
Helped Me In Every Way You Could,
And It Is True That Only Because Of You,
The Tests Of Life, I Stood On My Own.
And While I Keep Wondering
How You Manage To Help Others Always,
This Note Of Gratitude Comes Your Way
To "Thank You" For Brightening My Days.
I Love You Daddy, You Are My Hero!!!!!!!!!!!!!!!
On This Special Father's Day, May God Bless You Dad!!!

ချစ်ခြင်းများစွာဖြင့်
Angel Shaper
20.6.2010 (Sun;)
1:00 Am

မနေ့ညက ထူးဆန်းတဲ့ ပိတ်ကားတစ်ခုမှာ အမှတ်မထင် မြင်တွေ့လိုက်ရတဲ့ ပုံရိပ်တစ်ချို့ ပေါ့။
မိသားစုလက်စုံထမင်းဝိုင်းမှာ ငါ.......မပါဘူး။
ညနေခင်း မိသားစုတွေ စနောက်ရင်း တီဗွီထိုင်ကြည့်ချိန်မှာလည်း ငါ........မပါဘူး။
လူစုံတက်စုံ ဆွေးနွေးရင်း တိုင်ပင်ကြတဲ့ စကားဝိုင်းမှာလည်း ငါ...........မပါဘူး။
မိသားစုရဲ့ တစ်နိုင်စီးပွားကို စုစုစည်းစည်း လုပ်နေကြချိန်မှာလည်း ငါ...........မပါဘူး။
ရပ်ကွက်ထဲက သာရေးနာရေး အမှုကိစ္စတွေအတွက် ရပ်ကွက်လူငယ်လေးတွေ စုစည်း လုပ်ဆောင်နေတဲ့နေရာမှာလည်း ငါ................မပါဘူး။
ငါ..... ငါ..... ငါ.... ငါဘယ်တွေရောက်နေတာလဲ?
ငါ ဘာတွေလုပ်နေတာလဲ..... င့ါကိုယ်ငါ ပိတ်ကားတွေနောက်မှာ ရှာဖွေနေရင်းးး

ဟော................. ငါ..... ငါ... တစ်ယောက်တည်းပါလားးး
တစ်ယောက်တည်း ဆာလောင်မှုအတွက် မုန့်ဝယ်ထွက်ချိန် ဘေးကနေ ပိုက်ဆံလိုက်ရှင်းပေးမယ့် အဘွားလည်း ရှိမနေဘူး။
တစ်ယောက်တည်း အထီးကျန် အားငယ်လို့ ဆုံးရှုံးနာကျင်နေချိန် အားပေးနှစ်သိမ့်ပေးမဲ့ ဖေဖေလည်း အနားမှာမရှိဘူး။
ကိုယ့်ရဲ့ ဝေရာဝိစ္စတွေအကုန် လုပ်ပေး၊ စားချင်တာကို ချက်ကျွေး၊ လုပ်ချင်တာတွေကို အားပေးတတ်တဲ့ မေမေလည်း မရှိဘူး။
ဖျားနာနေချိန် ဆေးခန်းလိုက်ပို့၊ ဂရုတစိုက်နဲ့ မသောက်ချင်တဲ့ဆေးတွေကို စိတ်ရှည်ရှည်နဲ့ လိုက်တိုက်မဲ့ အဒေါ်လည်း မရှိဘူး။
ကိုယ်ပြောသမျှကို စိတ်ဝင်တစား ပြုံးပြုံးလေးနားထောင်ပေးမယ့် ဦးလေးလည်း အနားမှာ မရှိဘူး။
လိုချင်တာကို မရရအောင်ဝယ်ပေး၊ စားချင်တာတွေကို ဝယ်ကျွေးမဲ့ ဒေါ်လေးလည်း မရှိဘူး။
ကိုယ့်အပေါ်အနွံတာခံတတ်တဲ့ ညီမလေးလည်း ပျောက်နေတယ်။
သီချင်းတွေဆိုပြ ကပြပြီး၊ တစ်ခါတလေ စိတ်တိုအောင် လိုက်စတတ်တဲ့ မောင်လေးလည်း မရှိဘူး။
အလိုမကျလို့ စိတ်ကောက် စိတ်ဆိုးနေချိန် ချော့မော့ပေးမဲ့ သူငယ်ချင်းတွေလည်း အနားမှာ မရှိဘူး။
ငါ့တစ်ယောက်တည်း ဒဏ်ရာဗရပွနဲ့ လျှောက်ရင်း လျှောက်ရင်း လဲလိုက် ထလိုက် နဲ့။
တင်းထားလိုက်ရတဲ့အားတွေများ တင်းဖန်များတော့ ပြတ်ချင်ချင်.......
အဲ့ချိန်မှာပဲ..... ဆတ်ခနဲ........လန့်နိုးတော့..........
အော်.... ငါ အိပ်မက်ဆိုးတွေမက်နေတာပါလား........ ဆိုတဲ့ အသိဥာဏ်တွေ မှတ်ဥာဏ်အဖြစ် ပြောင်းလဲသွားတဲ့အချိန်ထိ
အဲဒီအိပ်မက်ဆိုးကိုပဲ စိတ်နာနာနဲ့ ဆက်မက်နေရဆဲ........

ချစ်ခြင်းများစွာဖြင့်
Angel Shaper
31.5.2010 (Mon;)
10:35 Pm


Anna Jarvis ဟာ ၁၈၆၄ ခုနှစ်၊ Philadelphia မှာ မွေးဖွားကြီးပြင်းခဲ့သူပါ။ ချစ်သူနဲ့ လက်ထပ်ခွင့်မရတဲ့နောက် တစ်ကိုယ်တည်း အပျိုကြီးလုပ်ဖို့ ဆုံးဖြတ်ချက်ချရင်း အသက်အာမခံရုံးချုပ်ကြီး (Life Insurance) မှာ အလုပ် ဝင်လုပ်ခဲ့တယ်။ ၁၉၀၅ ခုနှစ်သူမမိခင်ဆုံးပါး သွားခဲ့တဲ့နောက် အလုပ်ကထွက်ပြီး မျက်စိမမြင်တဲ့ ညီမဖြစ်သူကို ပြုစုစောင့်ရှောက်ခဲ့ရတယ်။ ညီအမ နှစ်ယောက်တည်း မိခင်မရှိပဲ အသက်ရှင်ရတဲ့ ဒုက္ခတွေကို ခံစားနေရချိန် မိသားစုတစ်ခုမှာ မိခင်တစ်ယောက်ရဲ့ အရေးပါ လိုအပ်မှုတွေ၊ မိခင်တစ်ယောက်ရဲ့ နွေးထွေးလုံခြုံတဲ့ မေတ္တာ တရားတွေ နဲ့ လုပ်ဆောင်ချက်တွေကို အမြဲတမ်းတ လွမ်းဆွတ်နေခဲ့ပါတယ်။ ဒါ့ကြောင့် မိခင်များကို အောက်မေ့ သတိရတဲ့နေ့ တစ်ခုကို ပြုလုပ်ကျင်းပ သတ်မှတ်ပေးဖို့အတွက် အမေရိကား အစိုးရ အာဏာရှင်များထံမှာ တောင်းဆိုမှု အမြဲတမ်းပြုခဲ့ပါတယ်။ ၁၉၀၈ မေလ ၁၀ ရက်နေ့မှာတော့ မိခင်များနေ့ကို ဘုရားကျောင်း တွေမှာ စတင်ပြီး ကျင်းပဖြစ်ခဲ့ပါတယ်။ ၁၉၁၄ မေလ ၈ ရက်နေ့မှာ အမေရိကန် President Mr. Woodrow Wilson ဦးဆောင်မှုနဲ့ Perliament မှ မေလ ဒုတိယပတ်ရဲ့ တနင်္ဂနွေနေ့ ကို မိခင်များနေ့အဖြစ် အတည်ပြု သတ်မှတ် ပေးခဲ့ပါတယ်။ အဲဒီနေ့မှာ မိခင်တွေကို အဖြူရောင်ပန်းပွင့်များနဲ့ ဂုဏ်ဆောင် ဂါရဝပြုဖို့ရန် Anna Jarvis က စီစဉ်ဆောင်ရွက်ခဲ့ရာ အများက အားရကျေနပ်စွာ ဂုဏ်ပြုခဲ့ကြပါတယ်။ တချို့ နိုင်ငံများမှာ မိခင်များနေ့ကို နှစ်ဦးပိုင်းတွေမှာ စောပြီး ကျင်းပပေမယ့် အခုဆိုရင် နိုင်ငံပေါင်း ၄၆ နိုင်ငံကျော်မှာ မိခင်များနေ့ကို ဂုဏ်ပြု ကျင်းပ နေကြပါပြီ။ ဒ့ါကြောင့် ၂၀၁၀ မေလရဲ့ ဒုတိယပတ် တနင်္ဂနွေဖြစ်တဲ့ မနက်ဖြန် မေလ ၉ ရက်နေ့ဟာ မိခင်များနေ့ ဖြစ်တဲ့အတွက် နိုင်ငံအများစုမှာ ရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ မိခင်တွေကို ဂုဏ်ပြုတဲ့ ပွဲလေး ကျင်းပနေကြပါလိမ့်မယ်။

ဒါကတော့ အတိုဆုံးချုံ့ လိုက်ရတဲ့ မိခင်များနေ့ဖြစ်ပေါ်လာပုံ အကျဉ်းချုပ်လေးပေါ့။ ဒါတောင်... ဖေဖေ့ဆီကို ဖုန်းဆက်ဂျီကျပြီး မေးမြန်း ခဲ့ရတာပါ။(ကျေးကျေးစ် ဖေဖေ... ဘွားးးဇ်) အပြည့်အစုံ ဖော်ပြမပေးနိုင်တာ Angel Shaper ရဲ့ လိုအပ်ချက်မျှသာ ဖြစ်လို့ အားလုံးပဲ ခွင့်လွှတ် နားလည်ပေးစေချင်ပါတယ်။ မိခင်များနေ့ ရောက်တော့မယ် ဆိုရင် အရင်က မောင်နှမတွေ မုန့်ဖိုးတွေ စုပြီး အဘွားနဲ့ မေမေ့ကို သူတို့လိုအပ်မဲ့ တန်ဖိုး သိပ်မကြီးတဲ့ လက်ဆောင်တစ်ခုခု ပေးဖြစ်တယ်။(မုန့်ဖိုးအခြေအနေအရပေါ့လေ) ဘုရားကျောင်းဆင်းရင် သူတို့စားချင်တဲ့ အစားအသောက်လည်း ဝယ်ကျွေးဖြစ်တယ်။ အဲဒီနေ့မှာ အလိမ်မာဆုံး အသိတတ်ဆုံး သားသမီး လေးတွေဖြစ်ခဲ့ကြတယ်။ အဘွားတွေ၊ အမေတွေဆီက ကောင်းကြီးမင်္ဂလာကို အဲလိုရယူခဲ့တဲ့ သားသမီးလေး တွေပေါ့။

မနက်ဖြန်တော့ အဝေးတစ်နေရာကနေ ကျေးဇူးပဲ မေမေ ဆိုတဲ့ စကားလေးကို လေလှိုင်းကနေပဲ ပြောခွင့်ရမယ်။ အဘွားနဲ့ မေမေကတော့ ဖုန်းထဲကနေပဲ ကောင်းကြီးတွေပေးမယ်။ အိမ်မှာတော့ ဘုရားကျောင်း ဆင်းရင် မိသားစုတွေ စုံစုံလင်လင် အဘွားဆီကနေ ကောင်းကြီး မင်္ဂလာတောင်းခံပွဲတဲ့ အဒေါ်၊ ဦးလေးတွေ၊ ဘုရား ကျောင်းက အသင်းတော်မိသားစုတွေရယ်၊ မိခင်များနေ့ကို အိမ်မှာ ကျင်းပမယ်တဲ့။ အဲဒီ ဖေဖေ့အစီအစဉ်မှာ... အဝေးရောက်နေတဲ့ အဒေါ်နှစ်ယောက်ရယ်၊ သမီးကြီးရယ်၊ သားကြီးရယ် မပါဝင်နိုင်ပေမယ့် အဘွားပေးမဲ့ ကောင်းကြီးတွေကို သူတို့အားလုံးနဲ့ ထပ်တူ ရရှိမယ်ဆိုတာတော့ သေချာပါတယ်လေ။

ဘလော့ပေါ်က၊ အွန်လိုင်းပေါ်က မောင်နှမအားလုံးကိုလည်း Angel Shaper လက်တို့ပြီး သတိပေး လိုက်ချင် ပါတယ်။ အမေနဲ့ အနီးကပ်ဆုံးနေရတဲ့ သူပဲဖြစ်ဖြစ်၊ အဝေးရောက်နေတဲ့သူတွေပဲဖြစ်ဖြစ် မနက်ဖြန်တော့ ကိုယ့်ရဲ့ အချစ်ဆုံး မေမေ့ကို ကျေးဇူးတင်စကားလေး တစ်ခွန်းလောက်တော့ ပြောဖြစ်စေချင်ပါတယ်။ မိခင်မေတ္တာဆိုတာ ကျေးဇူးပဲမေမေ လို့ ပြောလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ ဒီအရွယ်တွေမှာ အမေ့ကျေးဇူးကို နားမလည် မသိတတ် သေးရင်တောင် မစော်ကားမိဖို့ လိုတယ်လေနော်။ ဒီလိုစကားပြောနေတဲ့ Angel Shaper ဟာ အခုထက်ထိ မိဘတွေအပေါ်မှာ မသိတတ်သေးတဲ့အပြင် လေလှိုင်းပေါ်ကနေ စိတ်ဆိုးတတ်တုန်း၊ Webcam ကနေ နှုတ်ခမ်းစူပြီး စိတ်ကောက်တတ်တုန်းပါ။ ဒါပေမယ့် ကျေးဇူးပဲမေမေ ဆိုတာ ရင်ဘတ်ထဲကနေလာတဲ့စကားလုံး အစစ်အမှန်တွေပါ။

အမေ့အတွက် သီချင်းကောင်းကောင်းလေးတွေ ရေးပြီး၊ သီဆိုကြတယ်။ ကဗျာလှလှလေးတွေ ဖွဲ့ဆိုကြတယ်။ ဆောင်းပါးကောင်းကောင်းလေးတွေ ရေးကြတယ်။ အဲဒီလို အမေတွေကို အပြောင်မြောက်ဆုံး ဂုဏ်ပြုနိုင်ဖို့ အရည်အချင်းမပြည့်မီတဲ့ Angel Shaper ကတော့ ငယ်ငယ်တုန်းက မိခင်များနေ့ဆိုရင် ဘုရားကျောင်းမှာ အမေတွေကို အဖြူရောင်ပန်းစည်း လှလှလေးတွေကမ်းပေးရင်း ဂါရဝပြုခဲ့ရတယ်။ စင်ပေါ်မှာ လက်ပိုက်ပြီး ချစ်တဲ့အမေ၊ သူရဲကောင်းမေမေ ဆိုတဲ့ သီချင်းလေးတွေကို သူငယ်ချင်းတွေနဲ့ အော်ဟစ်ရင်း ဂုဏ်ပြုခဲ့ရတယ်.....
အခုတော့ အဝေးရောက် သမီးကြီး တစ်ယောက်အနေနဲ့ အခန်းထဲမှာ တစ်ယောက်တည်း ဂစ်တာတစ်လက်နဲ့ အမေသီချင်းတွေ အော်ဆိုရင်း ဂုဏ်ပြုရတော့မယ်။

အိမ်မှာကျန်ခဲ့တဲ့ အဘွားရယ်၊ မေမေရယ်၊ ဒီဘလော့ပေါ်မှာ ရှားရှားပါးပါး ရတဲ့ မွေးစားအမေနှစ်ယောက်ဖြစ်တဲ့ မယ်မယ်ကီ့ ရယ်၊ မမမေမေ ဂျာမုန်း ရယ်၊ အမေအခေါ်ခံရပြီး ချစ်မကြီးများအမေအခေါ်ခံရတော့မဲ့ ချစ်မမများ၊ အားလုံးရဲ့ အာဇာနည် မိခင်ကြီးဖြစ်တဲ့ အမေဒေါ်အောင်ဆန်းစုကြည်၊ ပြီးတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ အမေများအားလုံး ကို Angel Shaper ဒီပိုစ့်လေးနဲ့ ဂါရဝပြုလိုက်ပါတယ်။
အမေများအားလုံး ကျန်းမာအသက်ရှည်လို့ ထာဝစဉ်ရှင်သန်ပါစေ။

အားလုံးပဲ... ကိတ်မုန့်လေး စားသွားရမယ်နော်။ ဒီကိတ်မုန့်လေးကတော့ သူငယ်ချင်း ပေါက်စီ တကူးတက ရှာပေးထားတာ.... အဲလေ... ဖုတ်ပေးထားတာ။ အမေများကို ဂုဏ်ပြုဖို့ဆိုပြီး သူကိုယ်တိုင် စိတ်တိုင်းမကျမချင်း လက်စွမ်းပြထားတဲ့ ကိတ်မုန့်လေးပါ။ သူငယ်ချင်း ပေါက်စီကိုလည်း ကျေးဇူး အကြီးကြီးတင်ရှိပါကြောင်း.....
၂၀၁၀ မေလ ၉ ရက်နေ့မှာကျရောက်သော မိခင်များနေ့မှာ
အမေများအားလုံးချမ်းမြေ့ပါစေ။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
8.5.2010
6:00 Pm (Sat;)

Angel Shaper ငယ်ငယ်တုန်းက သင်္ကြန်ကျပြီဟေ့ ဆိုရင် ဘယ်မှကိုမထွက်ရဲလောက်အောင် ရေပက်ခံရမှာ အင်မတန် ကြောက်တတ်သူပါ။ အနှစ်သက်ဆုံး အားကစား လို့ အမေးခံရရင် ရေကူးခြင်း လို့သာဖြေတတ်တယ် ခုထိ ရေမကူးတတ်ပါဘူး။ ငယ်ငယ်တုန်းကတော့ သူငယ်ချင်းတွေနဲ့ အိမ်နောက်ဖေးချောင်းမှာ ရေကူးပြီး ဆော့ကစားလေ့ ရှိပါတယ်။ တစ်နေ့ သူငယ်ချင်းတွေနဲ့ ရေထဲ စိန်ပြေးတမ်းကစား နေတုန်း Angel Shaper ခြေထောက်ကြွက်တက်ပြီး ရေနစ်ပါတယ်။ အစအနောက်သန်တဲ့ Angel Shaper ကို ဥာဏ်နီဥာဏ်နက် များတယ် ထင်ပြီး သူငယ်ချင်းတွေက ချက်ချင်းလာမကူကြပါဘူး။ အကြာကြီးနေမှ ရေမွန်းပြီး အသက်မရှူနိုင်လို့ ရေပေါ် ပြန်မတက်နိုင်မှပဲ သူငယ်ချင်းတွေက ရေနစ်နေမှန်း သိပြီး အချိန်မီ ကယ်တင်ခဲ့ကြ လို့သာ ရေနစ်လို့ မသေ တယ်။ အဲဒီအချိန်ကတည်းက ရေဆို အသေကြောက်၊ ချောင်းထဲ ဘယ်တော့မှ ရေမဆော့ဖြစ်တော့သလို၊ ရေချိုးခန်းထဲ ရေချိုးရမှာတောင် ဝန်လေးရလောက်တဲ့အထိ ရေကို ကြောက်တတ်သွားရတာပါ။
(Angel Shaper ရဲ့ ရေကြောက်ရသော အကြောင်းရင်း ဤတွင် ပြီး၏။) အဟဲ....

သင်္ကြန်ကျပြီ ဆိုရင်တော့ ရေကြောက်မှန်း သိနေတဲ့ သူငယ်ချင်းတွေ Angel Shaper ကို ရေလောင်းဖို့ ချောင်းရတာ သူတို့အလုပ်။ အပြင် ထွက်လည်စရာတောင် မလို၊ အိမ်ရှေ့ထွက်မိပြီ ဆိုရင်ကို ရေလောင်းချင်သူ တွေ ဝိုင်းဝိုင်းလည်နေတတ်တာ မဆန်းတော့။ ရေများ အပက်ခံရပြီ၊ အလောင်းခံရပြီဟေ့ ဆိုရင် အသံပြဲကြီးနဲ့ အော်ငိုပစ်လိုက်တာ ပါပဲ။ ရေကြောက်တာကိုး။ သူတို့တွေ ရေလောင်းလိုက် ရလို့ Angel Shaper အော်ငိုပြီ ဆိုရင် အရမ်းကိုပျော်ကြတယ်လေ (တော်တော်စိတ်ပုပ်တဲ့ ကောင်တွေ)။ အင်မတန် စွာကျဲလန်နေတဲ့ကောင်ကို ရေလောင်းလို့ အော်ငိုတယ် ဆိုတာ သူတို့ အတွက်တော့ သဘောကျစရာပေါ့။ သူတို့အတွက် နိုင်ကွက်က ဒါပဲ ရှိတာကိုး။

အဲလိုနဲ့ပဲ သင်္ကြန်အတွင်းဆို Angel Shaper တို့ ခရစ်ယာန်လူငယ်လေးတွေ ဘုရားကျောင်းမှာ Camp သွင်းပြီး သင်တန်းတွေ တက်ရပါတယ်။ ကျမ်းစာတွေ သင်ရတယ်။ သီချင်းတွေလည်း သင်ရတယ်။ ဂစ်တာ၊ ကီးဘုတ်၊ တယော စသဖြင့် သင်ရတယ်။ ဂိမ်းတွေဆော့ရတယ်။ ရေကလည်းကြောက်တတ်တော့ အပြင်မထွက်ရဲ၊ မလည်ရဲ၊ မကဲရဲနဲ့ ခပ်ကဲကဲ Angel Shaper သင်္ကြန်တွင်းတွေမှာတော့ ဘုရားကျောင်းမှာပဲ အပျော်ရွှင်ဆုံး အချိန် ကုန်ခဲ့ရတယ်။

ရပ်ကွက်ထဲမှာတော့ ညဆိုရင် လူငယ်တွေစုပြီး မုန့်လုံးရေပေါ်တွေ လုပ်စားကြတယ်။ ထမနဲလည်း ထိုးကြတယ်။ ထန်းလျက်မွှေးမွှေးလေးနဲ့ မုန့်လုံးရေပေါ်တွေကိုတော့ အရမ်းကြိုက်တယ်။ ကံစမ်းမဲ လို့ခေါ်တဲ့ ငရုပ်သီးစပ်စပ် လေးတွေထည့်ထားတဲ့ မုန့်လုံးတွေကိုတော့ အရမ်းမုန်း။ အဲဒါ မမတွေနဲ့ ကိုကို ကဲကဲလေးတွေ လက်ချက်ပေါ့။ လူကြီး၊ သူမ တွေကို တစ်အိမ်တက်ဆင်း ကျွေးပြီးပြီ ဆိုမှ လူငယ်တွေ၊ ကလေးတွေ လုစားရတယ်...အဲလေ... ဝိုင်းစားကြရတယ်။ ဂစ်တာတီးပြီး သီချင်းတွေဆိုကြတယ်။ သင်္ကြန်သီချင်း ဆိုရင်တော့ ကောင်မလေးတွေက ယိမ်းအကလေးတွေနဲ့ ထကကြနဲ့ ပျော်စရာသင်္ကြန်လေး တွေကို ဆယ်တန်းထိ ရပ်ကွက်ထဲက သူငယ်ချင်း အကို၊ အမတွေနဲ့ ပျော်ပျော်ကြီးကို ဆင်နွှဲခွင့်ရခဲ့ပါတယ်။

သူငယ်ချင်းတွေက အိမ်မှာပဲဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းမှာပဲဖြစ်ဖြစ် အလှူလုပ်မယ် ဆိုရင်တော့ Angel Shaper မပျက်မကွက် သွားရောက် အားပေးပြီး လူမှုရေးကျေပွန်တတ်ပါတယ်။ အဟဲ... Angel Shaper အလှူအိမ်တွေက ချက်တဲ့ ဟင်းတွေတော်တော်ကြိုက်တယ်။ အိမ်မှာ အမေ့ကို အလှူအိမ်က ဟင်းတွေချက်ကျွေးဖို့ ပူဆာနေကျ။ အလှူအိမ်က ကုလားပဲဟင်းချက်လေး၊ သရက်သီးသုပ်လေး၊ မုန့်ညှင်းချဉ်သုပ်လေး ကအစ အရမ်းကြိုက်ပါတယ်။ စားလို့ အရမ်းကောင်းတာကိုး။ အဲလိုနဲ့သင်္ကြန် အလှူတွေလည်း တတ်နိုင်သလောက် ဆင်နွှဲဖြစ်ခဲ့တယ်။ (ငတ်ကြီးကျမှန်း သိသာနေလား မသိ)

ရန်ကုန်ရောက်တော့ သင်္ကြန်ဆိုရင် Alpine က ကျင်းပတဲ့ IC Show တွေကို ရှေ့ဆုံးကနေ အားပေးတတ် လာတယ်။ ရှိုးကြည့်ဖို့ အကိုတစ်ယောက်က သူ့ကားနဲ့ လိုက်ပို့တယ်။ လမ်းမှာ ရေတွေပက်တော့ အော်ငိုပါတယ်။ မှတ်မှတ်ရရ ၂၀၀၈ သင်္ကြန်ကို မောင်နှမရင်းလို ချစ်ရတဲ့ သူငယ်ချင်း Russell နဲ့အတူ သူတို့ ရဲ့ မြန်မာ့အသံ ဝင်းကြီးထဲက မိသားစုတွေ၊ သူ့သူငယ်ချင်းတွေနဲ့ ကဲခဲ့ဖူးတယ်။ အကိုကပဲ သူ့ကားနဲ့ လိုက်ပို့ခဲ့တာပါ။ သူနဲ့ သူ့ကောင်မလေးကတော့ ကားရှေ့ခန်းမှာ လုံလုံခြုံခြုံပေါ့။ ရေတွေ စပြီး အပက်ခံရတော့ ရင်ထဲအေးလိုက်တာ၊ ကျောတွေကို စိမ့်ခနဲပဲ။ အစက အော်ငိုမိသေးတယ်။ အားလုံးက ပျော်နေကြတော့ ကိုယ်လည်း သူတို့လိုပဲ သီချင်းတွေအော်ဆိုရင်း ရေပက်ခံရတာကို ပျော်နေမိတော့တယ်။ တကယ့်အမှတ်ရစရာ သင်္ကြန်ရက်လေး တစ်ရက်ပါ။ အင်းယားကန်မှာ ကားတွေ အကုန်ပိတ်ကြပ်လို့ စိတ်တွေ ညစ်ခဲ့ရသေးတယ်။ နေ့လည် ပင်ပန်းတော့ မုန့်တွေစားကြတယ်။ ဆက်လည်ကြတယ်။ ညနေမှ အိမ်ပြန်နားဖြစ်ကြတယ်။ နောက်နေ့ ဖျားပါလေရော။ ရေမကြောက်တော့တာ အဲဒီကတည်းက ခုထိပေါ့။ ဟိဟိ

ဒီနှစ်တော့ သင်္ကြန်ဆိုတာ ဘာမှန်းတောင် မသိလိုက်ပါဘူး။ သူငယ်ချင်း Neo ကတော့ ပီနန်းလိုက်ပို့မယ်တဲ့။ သူ့အဖေတို့ တီးဝိုင်းနဲ့ သီချင်းပေးမဆိုလို့ သူ့ကိုကွေးနေတာလေ... မသွားချင်ဘူးပဲ ငြင်းရတာပေါ့။ အကိုတော် ဝဏ္ဏ၊ သူငယ်ချင်း ဖိုးချို တို့လည်း အလှူအတွက် အလုပ်များနေတယ် ဆိုပြီး ဖုန်းပဲဆက်တယ်။ ဖိတ်ကျွေးဖော် တောင် မရ။ ငမူး ကိုလောက်လောက် ကလည်း သူပဲကဲမယ်တဲ့၊ င့ါညီမလေး အိပ်ယာမထနိုင်ဘူး ဆိုပြီး မခေါ်ချင်ပဲ ပစ်ထားတော့ ဘယ်မှ မသွားဖြစ်တော့ဘူးပေါ့။ အကိုတော် ကိုသားကြီးကလည်း သင်္ကြန်အတွင်း အကဲပိုနေပြီး ညီမတော် သမီးကြီးကို မေ့ထားလို့ သူ့ကိုလည်း ကွေးတယ်။ ဒီတော့ Angel Shaper ရဲ့ ၂၀၁၀ သင်္ကြန်က ဘာမှန်းကို မသိလိုက်တာ အဆန်း မဟုတ်ပါဘူး လေနော်။

ဒီနှစ်ကို ရန်ကုန်သင်္ကြန်ရဲ့ အစည်ဆုံးနေရာလေးတွေမှာ မဏ္ဍပ်မဆောက်ရ ဆိုတဲ့ သတင်းကြားတော့ စိတ်ထဲ ဘဝင်မကျ ဖြစ်မိသေးတယ်။ အနုပညာရှင်တွေ နေပြည်တော်မှာပဲ သင်္ကြန်ကျမယ် ဆိုတဲ့သတင်း ကြားရ ပြန် တော့ စိတ်မကောင်းဖြစ်မိတယ်။ အနုပညာရှင်တွေကို လွမ်းတာလား နေပြည်တော်မှာ သင်္ကြန်မကျရလို့ အဆိုတော် မဖြစ်သေးတဲ့ ကိုယ့်ကိုယ်ကို အားငယ်မိတာလားတော့ မသိ........(အဟဲ)

ရင်ဘတ်ထဲကနေ ဝမ်းနည်းကြေကွဲရဆုံး ဖြစ်ရပ်ကတော့ ရန်ကုန်သင်္ကြန်မှာ အေးချမ်းတဲ့ သင်္ကြန်မိုးတွေ မရွာပဲ ဗုံးပေါက်တယ် ဆိုတဲ့ သတင်းကို ကြားနေ၊ မြင်နေရတာကိုပါပဲ။ လန်းနေမဲ့ သူငယ်ချင်းတွေကို စိတ်ပူပြီး စုံစမ်း ဆက်သွယ်ရ၊ ဆုတောင်းပေးရနဲ့ တစ်ယောက်တည်း ဝမ်းနည်းပြီး စိတ်ထိခိုက်နေမိတယ်။ ဘာဖြစ်တာလဲဗျာ...... သင်္ကြန်ဆိုတာ မြန်မာတွေရဲ့ မင်္ဂလာရှိတဲ့ နှစ်သစ်ကူး အခါသမယ၊ ရေတွေလောင်း၊ ပက်ပြီး နှစ်ဟောင်းက အညစ်အကြေးတွေကို အေးမြတဲ့ သင်္ကြန်ရေနဲ့ ဆေးကြောပစ်တာ မြန်မာ့သင်္ကြန်မဟုတ်လား။။။။ ဘယ့်နှယ်... နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ မဆေးပဲ အနုမြူမှုန့်တွေနဲ့ လာဆေးပေးရတယ် လို့ သိပ်ကို အရုပ်ဆိုး အကျည်းတန်လွန်းလှပါတယ်။ ဆွံ့အသွားခဲ့ရတဲ့ စိတ်ထိခိုက်စရာ ဖြစ်ရပ်ကလေး တစ်ခုပါ။

အဲဒီ အနုမြူမှုန့်တွေကြား အသက်ပေးလိုက်ရတဲ့ သူတွေ၊ ထိခိုက် ဒဏ်ရာရသူတွေ အားလုံးအတွက် ထပ်တူ ဝမ်းနည်း နာကြည်းစွာ စိတ်မကောင်း ဖြစ်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအဖြစ်အပျက်ဆိုးတွေရဲ့ နောက်မှာ တို့မြန်မာတွေ အတွက် ငြိမ်းချမ်းမှု ဆိုတဲ့ လေပြေညင်းကလေးတွေ တိုက်ခတ်ပြီး၊ မေတ္တာတရား ဆိုတဲ့ မိုးစက်ကလေးတွေ ကျရောက်ပါစေ။ စာနာတတ်တဲ့ ဗုံးတွေသာ ဖေါက်ခွဲပြီး၊ ကိုယ်ချင်းစာတရား ဆိုတဲ့ ရေပိုက်တွေနဲ့ ပက်ဖြန်းနိုင်ကြပါစေလို့သာ.......

သမီးကြီး Angel Shaper ရဲ့ သူငယ်ချင်း မောင်နှမအားလုံး မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေနော်...

ချစ်ခြင်းများစွာဖြင့်
Angel Shaper
18.4.2010 (Sun;)
6:55 Am

အသိတရားဆိုတာ...???တဲ့။ ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး အမြင်ချင်းဖလှယ်ဖို့ ချစ်ခင်ရတဲ့ အမသေးသေးလေး မအင်ကြင်းသန့် က ချစ်ညီမ သေးသေးလေးကို တက်ဂ်ထားပါတယ်။ Angel Shaper ဒီခေါင်းစဉ်ကို စိတ်ဝင်စားသလို၊ ရေးဖို့လည်း တော်တော်လေး အားခဲထားပေမယ့် အသိဥာဏ်ဗဟုသုတအားနည်းချက်ကြောင့် တော်တော်နောက်ကျနေမိပါတယ်။ ဒါပေမယ့်လည်း ချစ်ခင်မှုကို လေးစားတန်ဖိုးထားတဲ့အတွက် အင်မတန် အလုပ်ရှုပ်နေတဲ့အကို ကိုစေတနာကို ဂျီတိုက်ပြီး သူ့ဆီကနေ အသိတရားနဲ့ပတ်သက်တဲ့ သူ့အမြင်လေးတွေကို အများကြီး မှတ်သားနာယူရင်း မောင်နှမနှစ်ယောက် ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။

အသိတရားဆိုတာကို လူတွေက ဘယ်လိုခံယူထားတယ်၊ ဘယ်လိုတိုင်းတာထားတယ်ဆိုတာ Angel Shaper မသိပါဘူး။ ဒီလူဟာ အသိတရားရှိတယ်၊ မရှိဘူးဆိုတာကိုသူ့ရဲ့အသက်အရွယ်၊ ပတ်ဝန်းကျင်၊ လေ့လာ ဆည်းပူးခြင်း၊ အတွေ့အကြုံ၊ ဥာဏ်ပညာ ဗဟုသုတ၊ သူ့ရဲ့အခြေခံစိတ်ဓာတ်နဲ့ ခံယူချက်အပေါ်မှာမူတည်ပြီး ဆုံးဖြတ်လို့ရပါ့မလား??? အဲလိုပဲ လူတစ်ယောက်နဲ့တစ်ယောက် ပိုင်ဆိုင်ထားတဲ့ အသိတရားတွေ တူညီမယ် လို့တော့ မျှော်လင့်လို့မရပါဘူး။ အသက်ငယ်ပေမယ့် အသိတရားပြည့်ဝလို့ ကြိတ်ပြီး လေးစားအားကျရတဲ့ သူတွေ ရှိသလို၊ အသက်ကြီးနေပေမယ့် အသိတရားမရှိပါလားလို့ ကိုယ့် ဦးနှောက်သေးသေးလေးနဲ့ ဆုံးဖြတ်မိ ခဲ့တာတွေလည်း မနည်းတော့ဘူးမလား???

အသိတရားနဲ့ဆက်စပ်တဲ့ စကားလုံးတွေအများကြီးရှိပါတယ်။ ဥပမာ... အသိပညာနဲ့အတတ်ပညာဆိုရင်လည်း အသိနဲ့ ပတ်သက် သွားရတာပဲလေ။ နောက် အသိဆိုတာရှိရင်၊ မသိဆိုတာလဲ ရှိမှာပါပဲ။ တကယ်တော့ လောကကြီးက အင်မတန်ကျယ်ပြန့်ပါတယ်။ ဒီတော့ လောကကြီးမှာ သိစရာတွေကလည်း အများကြီးပါပဲ။ လူတွေရဲ့အဖြစ်အပျက်တွေ၊ လူတွေရဲ့အရည်အချင်းတွေ စသဖြင့် လူတွေနဲ့ ပတ်သက်လို့လည်း သိစရာတွေ တပုံတပင်ရှိပါတယ်။ သဘာဝနဲ့ ပတ်သက်လို့လည်း သိစရာတွေ အများကြီးပါပဲ။ လောကသဘာဝနဲ့ ပတ်သက်ပြီးတော့ လူတွေဖန်တီးထားတဲ့ အတတ်ပညာတွေ၊ လူတွေတွေးခေါ်ထားတဲ့ အသိပညာတွေနဲ့ ပတ်သက်လို့လည်း သိစရာတွေ အများကြီးပါ။ တရားဆိုတာကတော့ ရှင်းရှင်လေးပါ... မှန်ကန်မျှတခြင်း ပေါ့။ ဒီတော့ လူတစ်ယောက်ကို....... ဒီလူကတော့ လောကမှာ အရာခပ်သိမ်းသိရှိပြီး မှန်ကန်တယ်၊ မျှတတယ်လို့ ဆုံးဖြတ်လို့ ဖြစ်နိုင်ပါ့မလား? လုံးဝမဖြစ်နိုင်ပါဘူး။ လူကြီးသူမတွေ ဆုံးမခဲ့ကြတယ်။ "အသိတရားနဲ့ ပြည့်စုံအောင် ကြိုးစားကြ" တဲ့။ ဒီတော့ ဘာတွေကို သိရမှာလဲ???

နားလည်ရသလောက် ပြောရရင်တော့ အသိတရားဆိုတာ...ကိုယ့်နောင်ဘဝအတွက် အရေးပါတဲ့အရာတစ်ခုမှာ ပါဝင်ပါတယ်။ နောင်ဘဝအတွက် ကောင်းကျိုး၊ ဆိုးကျိုးအပြင်၊ လက်ရှိ ဘဝမှာလည်း ကိုယ့်ရဲ့ဘဝ ရပ်တည် ရှင်သန်ရေး၊ တိုးတက်ရာတိုးတက်ကြောင်း၊ ဆုတ်ယုတ်ရာဆုတ်ယုတ်ကြောင်းတွေ၊ ကိုယ့်ကြောင့် သူတဖက်သား ဒုက္ခရောက်မှာ၊ ကောင်းကျိုးဖြစ်မှာတွေကို သိရှိပြီးတော့ မိမိကိုယ်တိုင်လည်း ပိုင်ဆိုင်ထားတဲ့အခြေအနေမှာ ကိုယ်ကိုယ်တိုင် ကောင်းဖို့ကော၊ သူတစ်ပါး ကောင်းဖို့ကော နေထိုင်ကျင့်ကြံပြီး ကျင့်သုံးတတ်တာကို အသိတရား ရှိတယ်လို့ ခေါ်ဆိုနိုင်ပါလိမ့်မယ်။ ကိုယ့်ကောင်းကျိုး၊ သူတစ်ပါးကောင်းကျိုး နှစ်မျိုးမှာ ကိုယ့်ကောင်းကျိုးကြီးပဲ လွန်ကဲပြီး တစ်ဖက်သားအတွက်တော့ ဆိုးကျိုးဖြစ်အောင် ကျင့်သုံးတတ်တဲ့သူကိုပဲဖြစ်ဖြစ်၊ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ အကျိုးမဲ့စေတဲ့သူတွေကိုပဲဖြစ်ဖြစ် အသိမဲ့တယ်လို့ ပြောရမှာပေါ့။

ဒီလိုပါပဲ... အသိတရားကို သိပြီးရင် အသိတရားတွေကို မမေ့မပျောက် ထာဝရကျင့်သုံးတတ်ဖို့လည်း လိုအပ်နေ ပြန်ပါတယ်။ ဒီတော့ အသိတရားနားမှာ သတိတရားဆိုတာ ကပ်ပါနေပါတယ်။ ဥပမာ..... ဆေးလိပ်စွဲသောက် တတ်တဲ့ လူတွေဟာ သူဆေးလိပ်သောက်လိုက်တာ သူ့အတွက်၊ သူ့မိသားစုအတွက်၊ သူ့ဘေးပတ်ဝန်းကျင် အတွက်ပါ မကောင်းမှန်း မသိတဲ့သူ မရှိပါဘူး။ အဲဒါကို သိသိကြီးနဲ့ ဆေးလိပ်ကို မဖြတ်ပဲ ဆက်သောက်နေတာ အသိတရားရှိတယ်လို့ ခေါ်လို့မရပါဘူး။ မကောင်းမှန်းလဲသိတယ်၊ ဖြတ်လဲ ဖြတ်နိုင်တယ်ဆိုရင်တော့ ဒီလူဟာ အသိတရားရှိတယ်လို့ ပြောလို့ရပါတယ်။ ဆေးလိပ် သောက်ချင်စိတ် ဖြစ်လာရင် မသောက်သင့်ဘူးလို့ အချက် ပေးတာ သတိပါပဲ၊ မသောက်ဖြစ်ဘူးဆိုရင်တော့ အသိရှိသွားပါပြီ။ ကိုစေတနာဆိုရင်တော့ သူအိပ်နေတဲ့ အချိန်တိုင်းမှာ အသိရှိပါတယ်။ အိပ်နေရင် ဘယ်တော့မှဆေးလိပ်မသောက်ပါဘူးတဲ့။ (သူကိုယ်တိုင် အဲလို ဝန်ခံထားတာမို့လို့ သူ့ကိုဥပမာပေးရခြင်းဖြစ်ပါတယ်။ အဟဲ)

အထူးသဖြင့် အသိတရားဆိုတာ ကိုယ်ကျင့်တရားကို ထိန်းတာပါပဲ။ ကိုယ်နဲ့နှိုင်းပြီး သူတစ်ပါးအပေါ် ကိုယ်မကြိုက်တာ၊ မကောင်းဖူး ထင်တာကိုမလုပ်ပဲ၊ ကိုယ်ကြိုက်တာ၊ကောင်းမယ်ထင်တာကိုပဲ လုပ်တာကို ကိုယ်ကျင့်တရားလို့ ခေါ်ပါမယ်။ လူတွေရဲ့စိတ်ဟာ မကောင်းမှုမှာ မွေ့ပျော်လွယ်ပါတယ်။ ဒီတော့ ကိုယ်ကျင့်တရားကို ထိန်းသိမ်းတတ်ဖို့လည်း တော်တော်လေးကိုခက်ခဲပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့... ကိုယ့်အပေါ် သူတစ်ပါးမကျင့်သုံးစေချင်တဲ့ အရာအားလုံးကို ကိုယ်ကလည်း သူတစ်ပါးအပေါ် အလွယ်တကူ မကျင့်သုံးမိဖို့ သတိလေးနဲ့ အသိတရားလေးထားပြီး နေထိုင်ကြိုးစားသွားကြမယ်ဆိုရင် လောကကြီးဟာဒီ့ထက်ပိုပြီး ပျော်စရာ ကောင်းလာပါလိမ့်မယ်။ ဒီတော့....... Angel Shaper နဲ့တကွ ချစ်တဲ့မောင်နှမအားလုံး ကိုယ်ကျင့်တရားကော၊ သူတစ်ပါးကောင်းမွန်ရေးကော၊ မိမိဘဝတိုးတက်ရေးကော၊ ကောင်းအောင်နေတတ်တဲ့ အသိတရားရှိနိုင်ဖို့ ကြိုးစားကြပါစို့၊ အသိတရားနဲ့ ပြည့်စုံအောင်ကြိုးစားပါစို့ လို့ တိုက်တွန်းလိုက်ရပါတယ်။

မပြည့်စုံတဲ့ Angel Shaper ရဲ့ အသိတရားဆိုတာ...??? လေးကို ချစ်မ မအင်ကြင်းနဲ့အတူ ..................
ချစ်တဲ့ မောင်နှမအားလုံးလဲ ကျေနပ်နိုင်ကြပါစေနော်။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
20.3.2010 (Sat;)
1:30 AM

ဒီငွေလောက်နဲ့ ပဲမနူး ဘူးဆိုတဲ့ မလေးရှား က အိန္ဒြာ ကွန်ယက်ကုမ္ပဏီ လီမီတက်
ကျွန်တော့ ကောင်လေးတယောက်ပေါ့.... မြန်မာပြည်မှာ အလှူလုပ်ဖို့ ၇.၃.၂၀၁၀ ရက်နေ့ က အိန္ဒြာဆိုတဲ့ ငွေလွဲ လုပ်ငန်းကနေ ငွေလွဲခဲ့ပါတယ်။ ပုံမှန်အတိုင်းဆိုရင်.. ၁၀.၃.၂၀၁၀ လောက်ဆိုရင် ရန်ကုန်မြို့  ကိုရောက်နေကြပါ။ ဒီတစ်ခါတော့ ၁၀ရက်နေ့ အထိမရောက်တော့ ကောင်လေးလဲ စိတ်ပူပြီး ( ၀၃-၂၀၇၀၁xxx... )ဆိုတဲ့ အိန္ဒြာရုံးချုပ်ကို ဖုန်းဆက်ပြီးညနေပိုင်းမှာမေးရှာ ပါတယ်။
အိန္ဒြာရုံးချုပ်က ဖုန်းကိုင်တဲ့ကောင်မလေးကလဲ အခုပို့နေပါတယ်တဲ့လေ..
ဒီလိုနဲ့ စိတ်ချ လက်ချနေနေရင်း ၁၁.၃.၂၀၁၀ နေ့လယ်မှာ ရန်ကုန်က ဖုန်းဝင်လာပါတယ်..
အလှူငွေ မရောက်သေးပါဘူးတဲ့လေ... အဲတာနဲ့ သူလဲ ရုံးချုပ်ကို ဖုန်းဆက်ရှာပါတယ်..အရင် ဖုန်းကိုင်နေကြ ကောင်မလေးကဘဲ ကိုင်ပြီးတော့ပို့နေပါတယ်တဲ့..(သူ့ကြည့်ရတာ ဖုန်းလာတိုင်းဖြေဖို့ အလွတ်ကျက်ထားပုံရပါတယ်) ဒါနဲ့ဘဲ ကျွန်တော့ ကောင်လေးက အမရေ ၇.၃.၂၀၁၀ ရက်နေ့ ကငွေလွဲလိုက်တာပါ.. မနေ့က ၁၀.၃.၂၀၁၀ ရက်နေ့ ကလဲပို့နေပါတယ် ဒီနေ့၁၁.၃.၂၀၁၀ နေ့လယ်မှာ လဲပို့နေပါတယ်လို့ အမက ပြောပေမယ့် ငွေမရောက်သေးဘူးလို့ပြောလိုက်ပါတယ်... ဒီတော့မှ ဖုန်းကိုင်တဲ့ ကောင်မလေးက ဘောက်ချာနံပါတ် ပြောပါဆိုပြီးမေးပါတော့တယ်.လွဲတဲ့စာရင်းကြည်ပေးမယ်လို့.. ပြောနေတုန်းမှာဘဲ နောက်ထပ် အမျိုးသမီးတစ်ယောက် က ဖုန်းဝင်ကိုင်ပြီးမေးပါတယ်..
ဘယ်ဆိုင်ကလွဲတာလဲလို့ မေးပြန်ပါတယ်.. ဒါနဲ့ဘဲ ကောင်လေးက ကလန်းဆိုင်က လွဲတာပါလဲဆိုရော... ကလန်းဆိုင်ကိုဖုန်းဆက်ပါတဲ့..(၀၃-၃၃၄၂၂xxx...)ဆိုတဲ့ဖုန်းနံပါတ်ကိုပေးပါတယ်...

ယုံကြည်.စိတ်ချ.တိကျ.မြန်ဆန် ( ပဲစားရန် :P )ကောင်လေးက ကလန်းဆိုင်ခွဲကိုဆက်ပြီး အကျိုးအကြောင်းရှင်းပြပြီးငွေမရောက်သေးကြောင်းပြောပြပါတယ်..
အဲ့ဒါနဲ့ ဆိုင်ကလူကလဲ ရန်ကုန်ကိုမေးပေးမယ်ဆိုပြီး ဖုန်းချသွားပါတယ်... နာရီဝက်လောက်ကြာတော့ ကောင်လေးက ဖုန်းဆက်ပြီးပြန်မေးတော့ ရန်ကုန်ကလူ On Line ပေါ်မှာ မရှိလို့ ခဏစောင့်ပါလို့ ပြောတာနဲ့..
ကောင်လေးက ဖုန်းနံပါတ်ကို တောင်းလိုက်ပါတယ်... ( ၅၄၁xxx... )ကို ခေါ်တာပေါ့... ၁၅ မိနစ်လောက်ခေါ်တာ လိုင်းမအားလို့ နောက်ထပ် ဖုန်းနံပါတ် ရှိရင်ပေးပါဆိုတော့ နောက်ဖုန်းနံပါတ် ( ၇၂၂xxx.. ) ဆိုတော့ ကောင်းလေး လဲ လက်မလယ်အောင်ဘဲ ဖုန်းနံပါတ် ၂ခုလုံးကို ဆက်ရှာပါတယ်.. မိနစ်၂၀ လောက်ကြာတော့ ကံကောင်း ထောက်မစွာနဲ့ ( ၅၄၁xxx... )ကို ဝင်သွားပါတယ်.. ဒါနဲ့ဘဲ ရန်ကုန် ငွေလွဲကို အကျိုးအကြောင်းရှင်းပြပြီးငွေမရောက်သေးကြောင်းပြောပြပါတယ်.. လွဲသူအမည်... ပို့သူအမည်... ဘောက်ချာ နံပါတ်..ငွေလွဲနေ့စွဲ တွေ ပေးပြီး ရှာလဲ ရှာခိုင်းရော.. သူ က ဒီစာရင်းမရှိပါဘူးတဲ့လေ... ( ကျွန်တော်လိမ်မိအပြစ် ရှိပါ၏ လို ပြောရမလိုပါဘဲ ) အဲ့ဒါနဲ့ ကောင်လေးက ကလန်းဆိုင်ခွဲကိုဆက်ပြီးစာရင်းမရှိပါဘူး လို့ပြန်ပြောပြပါတယ်...

ဇာတ်လမ်းက အဲ့ဒီ မှာ စတော့တာပါဘဲ.. ပရိတ်သတ်ကြီးရေ....
ကလန်းဆိုင်ခွဲကဖုန်းကိုင်တဲ့သူက..ဒါဆိုရင် ဒီကလူတွေက ဒီငွေကို ဘုံးလိုက်တယ်ပေါ့ ( အဲ့ဒီလိုလဲ မပြောမိပါလားကွယ် ) ဒီငွေလောက်နဲ့ ပဲမနူးဘူးဆိုဘဲ... ( စဉ်းစားမိတာက သူ့ ခမျာ နေ့တိုင်း ပဲစားနေလို့ ပဲစကား ပြောတယ်ထင်ပ ..ဂျောက်ဂျက်သီချင်း ကို...."နင် ထမ္မင်းစားပြီးကြီးတာလား? ပဲ စားပြီးကြီးတာလား" လို့ ပြောင်းဆိုရမလိုဖြစ်နေပြီ..ဟဟ ) ကောင်လေးကတော့ နှာကစ်သွားတာပေါ့.. သူကစားသုံးသူကို....အမှန် က စာရင်းကြည့်မှားတဲ့ ရန်ကုန် ငွေလွဲကို အကျိုးအကြောင်းရှင်းပြပြီး ပြဿနာကို ဖြေရှင်းပေးရ မှာဖြစ်ပေမဲ့ ကိုယ့်ရဲ့ 
စားသုံးသူကို. ပြန်ရန်တွေ့တာတော့ အရုပ်ဆိုးလွန်းပါတယ်.. ကမ္ဘာ့စီးပွားရေး ဥပဒေသတစ်ခုဖြစ်တဲ့ "စားသုံးသူသည် အမြဲမှန်သည်" ဆိုတဲ့ဥပဒေသကတော့ မြန်မာစားသုံးသူတော့ အလှမ်းဝေးလျှက်ဘဲ ရှိနေတယ် ဆိုတာတွေရပါတယ်... ဒီလိုနဲ့ ဘဲ ရန်တွေ့ပြီးတဲ့နောက်.. သူ ရန်ကုန် ငွေလွဲကို ဆက်သွယ်ပေးမယ့်အကြောင်း .. ခုဖုန်းဆက်နေတာ ၇ ကြိမ်ရှိနေပြီဖြစ်လို့ သူတို့အလုပ်တွေရှုပ်နေလို့ထပ်မဆက်ဖို့.. သူတို့က ဘဲပြန်ဆက်သွယ်ပါမယ် ဆိုပြီးပြောပါတယ်..... ( သြော်ဘယ်သူ ကငွေအ ကုန်ခံပြီးသူတို့ဆီဖုန်းဆက်ခြင်ပါ့မလဲ..
ကိုယ့်ကောင်မလေးလဲမဟုတ်... ကိုယ့်ငွေမရောက်လို့ဆက်တာကို..ဟဟ )
ဒီလိုနဲ့ဘဲ နောက် ၄၅ မိနစ်ကြာတော့ ဖုန်းပြန်လာပါတယ်..ရန်ကုန် ငွေလွဲကစာရင်း အကြည့်မှားသွားတာပါတဲ့...
အခုပို့နေပါတယ်တဲ့လေ..( ဓါတ်ပြားဟောင်းကြီးပြန်ဖွင့်ပြီး တစ်ခွန်းမှ သူတို့ မှားကြောင်းပြန်မပြောသွားပါဘူး.. )..
ကျွန်တော်စဉ်းစားမိတာက ခေတ်မှီဖွံ့ဖြိုးတိုးတက်လာမဲ့မြန်မာပြည်ကြီးမှာ နိုင်ငံတကာအဆင့်မှီ တရားဝင်ငွေကြေးလဲလှယ်တဲ့ စနစ်တစ်ခုပေါ်ပေါက်လာမယ်ဆိုရင်ဖြင့် နိုင်ငံတော်နှင့် တိုင်းရင်သားပြည်သူ တစ်ရပ်လုံး အကျိုးရှိကြမှာဘဲလို့ မြင်ယောင်မျှော်လင့်ရင်း ( မျိုးကြီးဆိုတဲ့ သီချင်းထဲက "မျှော်လင့်ချက်နဲ့ အသက်ရှင်တဲ့ လူတွေနှလုံးသားခြင်းလက်ကမ်း" ဆိုသ လို ) ကျွန်တော့ရဲ့  မျှော်လင့်ချက်တွေကိုလဲ စာဖတ်ပရိတ်သတ်ကြီးဆီ ကို ပြန်လည် လက်ဆင့်ကမ်း လိုက်ရပါတယ်...။ ။
မှတ်ချက်။ ။ ခုစာရေးနေစဉ်မှာဘဲ ရန်ကုန်မြို့ ကို အလှူငွေတွေရောက်ရှိသွားပါကြောင်း... :)


လေးစားစွာဖြင့်
ရဲရင့်နီ



ချင်းအမျိုးသားနေ့ဆိုတာ ချင်းလူမျိုးတို့ရဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့် ပြန်လည်ရရှိရေးနဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှုတို့ ရရှိရေးအတွက် နှစ်ပေါင်း(၄၀)ကျော် ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်လာခဲ့ရာကနေ ပေါ်ပေါက်လာတဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ် တစ်ခုပါ။ ၁၈၉၅-၁၉၄၈ခုနှစ်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိတဲ့အထိ စဉ်ဆက်မပြတ် ရုန်းကန်လှုပ်ရှားရင်း ဖြစ်ပေါ်လာခဲ့တာပါ။ ချင်းလူမျိုးစုဟာ ၁၈၉၇ ခုနှစ် အင်္ဂလိပ်နယ်ချဲ့လက်အောက် မကျရောက်ခင်ကာလအထိ ကိုယ့်မင်းကိုယ့်ချင်းဖြင့် မိမိတို့ကိုယ် မိမိတို့ အုပ်ချုပ်ခဲ့ကြတဲ့ လူမျိုးဖြစ်ပါတယ်။

မေမြို့ (အခု ပြင်ဦးလွင်မြို့) အခြေစိုက်အင်္ဂလိပ်စစ်တပ်မှာတာဝန်ထမ်းဆောင်နေကြတဲ့ ချင်းအမျိုးသားတွေဟာ ၁၉၁၈ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ချင်းအမျိုးသားများပညာရည်မြှင့်တင်ရေး အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့ကြပြီး ချင်းအမျိုးသားတို့ရဲ့ ပညာရည်မြှင့်တင်ရေးကို စပြီးကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ ချင်းအမျိုးသားတို့ရဲ့ သမိုင်းမှာ ပထမဦးဆုံးဖွဲ့စည်းခဲ့တဲ့ ဒီအဖွဲ့အစည်းမှာ ဥက္ကဋ္ဌအဖြစ် ဆူဗီဒါအွမ်ပိုင်း (ကန်ပက်လက်ခရိုင်)၊ ဒု-ဥက္ကဋ္ဌအဖြစ် ဦးဝမ်သူးမောင် (ဝမ်းသူးရွာ၊ မင်းတပ်မြို့နယ်)၊ အတွင်းရေးမှူးအဖြစ် ဦးရမ်းလောင်းလိန် (ကန်ပက်လက်မြို့နယ်)၊ အဖွဲ့ဝင်များအဖြစ် မြေပြန့်အရှိုချင်းများ၊ လူရှည်ချင်း အမျိုးသားတို့ပါဝင်ခဲ့ကြတယ်။ ဒီအဖွဲ့အစည်းကြောင့်ပဲ ချင်းအမျိုးသားနေ့ သတ်မှတ်ရေးအတွက် အရေးပါတဲ့နေ့တစ်ရပ် ဖြစ်လာခဲ့ရတယ်။

၁၉၂၈ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ချင်းအမျိုးသားတို့ရဲ့ ပထမဆုံး ချင်းနိုင်ငံရေးပါတီဖြစ်တဲ့ ချင်းတောင်ညီညွတ်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ကြပြီး ၁၉၃၃မှာ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ ဆိုပြီး အမည်ပြောင်း မှည့်ဆိုခဲ့ကြတယ်။ ၁၉၃၄ စက်တင်ဘာလ၂၉ရက်နေ့မှာ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ ညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး ဗြိတိသျှဆီမှ ချင်းအမျိုးသားတို့ရဲ့ အခွင့်အရေးနဲ့ နှစ်နာချက် ၉ ချက်ကို တင်ပြ တောင်းဆိုခဲ့ကြတယ်။ အဲဒီ ညီလာခံရဲ့ အရေးကြီးဆုံး တောင်းဆိုချက်ဟာ ပြည်မကို လွတ်လပ်ရေးပေးရင် ချင်းတောင်ကိုလည်း လွတ်လပ်ရေး ပေးရမယ်။ အခြားတိုင်းရင်းသား လူမျိုးတွေနည်းတူ ချင်းအမျိုးသားများကိုလည်း တန်းတူအခွင့်အရေး ပေးရမယ် လို့တောင်းဆိုခဲ့ကြပါတယ်။

၁၉၃၈ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ရဲ့ တောင်းဆိုချက် ၉ ချက်ကို ဆွေးနွေးဖို့ အနယ်နယ်အရပ်ရပ်က ချင်းအမျိုးသား ကိုယ်စားလှယ် ၃၀၀၀ခန့် နဲ့ အင်္ဂလိပ် အာဏာပိုင် တို့ဟာ ကန်ပက်လက်မြို့ မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ရဲ့ တောင်းဆိုချက်ကို ဗြိတိသျှ အာဏာပိုင်တို့အနေနဲ့ "မည်သို့မျှလိုက်လျောပေးနိုင်မည်မဟုတ်" ဆိုတဲ့ တုံ့ပြန်ချက်ကြောင့် ချင်းအမျိုးသား ကိုယ်စားလှယ်အနေနဲ့လည်း ဆန္ဒပြပြီးတုံ့ပြန်ခဲ့ကြပါတယ်။ ၁၉၃၉ ခုနှစ်မှာ အင်္ဂလိပ်အစိုးရဟာ ချင်းအမျိုးသားညီညွှတ်ရေးကို တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေငြာခဲ့ပြီး ဦးဝမ်သူးမောင်နှင့်အဖွဲ့ ၉ ဦးတို့ကို ဖမ်းဆီးခဲ့ကြပါတယ်။ သူတို့အဖွဲ့ကို ဖလမ်း၊ ဟားခါး၊ တီးတိန်၊ မြင်းခြံ၊ မန္တလေး၊ ကသာ ထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ခဲ့တယ်။ ဦးဝမ်သူးမောင်ဟာ အကြိမ်ကြိမ်အဖမ်းခံရပြီး သူ့ရဲ့ အိမ်ကိုပါ မီးရှို့ပစ်ခြင်းကို ခံခဲ့ရသူပေါ့။

၁၉၄၈ ဖေဖော်ဝါရီလ ၁၉-၂၂ ရက်များမှာ ချင်းဝိသေသတိုင်း၊ တိုင်းလုံးဆိုင်ရာ ညီလာခံတစ်ရပ်ကို ဖလမ်းမြို့ မှာ ကျင်းပခဲ့ပြီး ချင်းဝိသေသတိုင်း အနယ်နယ်အရပ်ရပ်က ပြည်သူလူထု ၅၀၀၀ ကျော် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရွာသူကြီး၊ တိုက်သူကြီး၊ အုပ်ချုပ်ရေး၊ ပြောင်းခွန်၊ လူခွန်၊ အမဲခွန် ပေးဆောင်တဲ့စနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရင်း ဖေဖော်ဝါရီလ၂၀ရက်နေ့မှာ ချင်းအမျိုးသားနေ့အဖြစ် ထောက်ခံအတည်ပြုခဲ့ကြပါတယ်။

ဒီလိုနဲ့ ၁၉၁၈-၁၉၄၈ထိဟာ ချင်းအမျိုးသားတို့အတွက် သမိုင်းဝင်အဖြစ်အပျက်တွေ တစ်ခုပြီး တစ်ခု ဆက်တိုက် ဖြစ်ပွားခဲ့တဲ့အတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် တရားဝင်သတ်မှတ်ဖို့ ၁၉၅၀ အောက်တိုဘာလ ၉ ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ ချင်းအမျိုးသားရေးရာကောင်စီ အစည်းအဝေးကနေ သတ်မှတ် အတည်ပြု ပြဌာန်းခဲ့ကြပါတယ်။ မင်းတပ်မြို့မှာ ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ကို ပြုလုပ် ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးအချို့ တက်ရောက်အားပေးခဲ့ကြပါတယ်။ နိုင်ငံတော် သမ္မတရဲ့ သဝဏ်လွှာကို နိုင်ငံတော်ဝန်ကြီးချုပ်က ဖတ်ကြားအားပေးခဲ့ပါတယ်။

ဒါတွေကတော့ ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ အကျဉ်းချုပ်လေးပေါ့။ ချင်းလူမျိုးတွေရဲ့ချစ်စရာ ရိုးရာဓလေ့အချို့  Angel Shaper သိသလောက်ပြောပြရမယ်ဆိုရင်တော့ ချင်းလူမျိုးတွေဟာ အရင်ဘိုးဘွားခေတ်ကတည်းက အင်မတန်မှကို ရိုးသားဖြူစင်ပြီး သစ္စာတရားကို တန်ဖိုးထားတဲ့ လူမျိုးစုတွေဖြစ်ခဲ့ပါတယ်။ ဒီလူမျိုးစုကို သစ္စာရှိတဲ့ တောင်ဇလပ်ပန်းနီလေးတွေ၊ အောက်ချင်းငှက်ကလေးတွေနဲ့ ကိုယ်စားပြုခဲ့တယ်လေ။

တောင်ဇလပ်ပန်းဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံး၊ အမွှေးဆုံး နဲ့ နာမည်အကြီးဆုံးပန်း မဟုတ်ခဲ့ပေမယ့် သူ့သဘာဝနဲ့သူ ပွင့်ဖူးတတ်တဲ့ပြီး နေဒဏ်၊ မိုးဒဏ်၊ လေဒဏ် အားလုံးကို ကြံ့ကြံ့ခံရင်း သစ္စာရှိရှိ ပွင့်ဖူးတတ်တဲ့ သစ္စာရှိတဲ့ပန်းကလေးတစ်မျိုးပါ။ တောင်ဇလပ်ပန်းဟာ ပင်စည်ကနေ ခူးဆွတ်ပေမယ့် သူ့သဘာဝကိုက အကြာကြီး ပွင့်လန်းနိုင်စွမ်းရှိတဲ့ ထူးဆန်းတဲ့ပန်းတစ်မျိုးပေါ့။ ဒီပန်းလေးတွေဟာ မြေပြန့် ဒေသတွေမှာ မပွင့်နိုင်ပါဘူး။ ဒီလိုအေးချမ်းတဲ့ တောင်ပေါ်ဒေသမှာပဲ ထူးခြားစွာ ပွင့်တတ်တဲ့ ပန်းတစ်မျိုးပါ။ တောင်ဇလပ်ပန်းတွေဟာ ချင်းပြည်နယ်ကို ကိုယ်စားပြုအလှဆင်နေတဲ့ သဘာဝကပေးတဲ့ လက်ဆောင်ပါ။

အောက်ချင်းငှက်ရဲ့ သဘာဝဟာဆိုရင် သူတို့ဟာသစ္စာရှိတဲ့အမျိုးတွေဖြစ်တယ်။ ဘယ်လောက်ထိ သစ္စာရှိသလဲ ဆိုရင်တော့ တစ်ကောင်သေရင် ကျန်ခဲ့တဲ့တစ်ကောင်ကပါ သူ့ချစ်သူသေတဲ့နေရာဒေသကိုရောက်အောင် ဟိုးအမြင့်ဆုံးကောင်းကင်ပေါ်ကနေ ထိုးဆင်းကျပြီး အသက်သေခံရင်း ချစ်ခြင်းမေတ္တာ၊ သစ္စာတရား ကြီးမားခဲ့ ကြတဲ့ ငှက်ကလေးတွေပေါ့။ သူတို့ရဲ့သစ္စာတရားဟာ ချင်းလူမျိုးတွေအတွက် အကောင်းမွန်ဆုံးသော ပုံသက်သေ ကောင်းတွေ ဖြစ်လာခဲ့ပါတယ်။

ဥပမာလေးတစ်ခုပြောရရင် အရင်ခေတ်တုန်းက ချင်းလူမျိုးတွေရဲ့တောင်ပေါ်ဒေသ တောရွာတွေမှာ သော့ဆိုတာ မရှိခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပစ္စည်းပျောက်တယ်။ ခိုးတယ်၊ ဝှက်တယ်၊ သူခိုး ဆိုတာ မရှိခဲ့ဘူးလေ။ တစ်ယောက်နဲ့တစ်ယောက်ဟာ ယုံကြည်မှုရှိတယ်။ သစ္စာရှိကြတယ်။ လယ်ထွန်သွား၊ အပြင်သွားတဲ့အချိန်တွေမှာတော့ ကျွဲ၊ နွား တိရိစ္ဆာန်တွေရဲ့ ရန်ကနေ ကာကွယ်ဖို့လောက်ပဲ သစ်လုံးတွေနဲ့ အကာအကွယ်ပြု ခဲ့ကြတာပါ။ အဲဒီလောက် အေးချမ်းခဲ့တာပေါ့။

နောက်ပြီး ချစ်စရာဓလေ့တစ်ခုကတော့ လူပျို၊ အပျိုတွေဟာ မိဘနှစ်ပါးရဲ့ မျက်စိအောက်မှာပဲ ချစ်ရေးဆို တတ်ကြတယ်။ ချစ်ခွင့်ပန်ကြပါတယ်တဲ့လေ။ အချစ်ရေးဆိုတဲ့အခါမှာလဲ ကဗျာတွေ၊ သီချင်းလေးတွေဖွဲ့ဆိုပြီး ချစ်ရေးဆိုတတ်ကြတာ ဓလေ့တစ်ခုပေါ့။ လူပျိုလှည့်ပြီဆိုရင် လူသူရှိတဲ့နေရာ အဓိကကတော့ အပျိုလေးရဲ့ နေအိမ်မှာ မိဘ၊မောင်နှမရှိနေချိန်တွေမှသာ လည်ခွင့်ရှိပါတယ်။ သမီးရည်းစားချိန်းတွေ့ကြမယ်ဆိုရင်တော့ မိသားစုအားလုံးနဲ့ မီးဖိုဘေးမှာမီးကလေးလှုံရင်း တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းစကားပြောကြပြီး ချစ်ကြည်နူးကြရတယ် ဆိုပဲ။ ဒီခေတ်လူငယ်တွေလို လူသူပါးပြီး မှောင်တဲ့နေရာတွေ၊ ရုပ်ရှင်ရုံတွေ၊ ပန်းခြံရဲ့ ထောင့်နေရာလေးတွေ၊.... စတဲ့ စတဲ့ နေရာလေးတွေမှာ ချိန်းတွေ့ကြတာ မဟုတ်ဘူးလို့ပြောချင်တာပါ။ အဟဲ။ ချစ်သူချင်းလဲ အောက်ချင်းငှက်တွေလိုပဲ သစ္စာရှိကြတယ်။ သေတဲ့အထိကိုပဲ တစ်ဦးနဲ့တစ်ဦး တန်ဖိုးထားပြီး ချစ်မြတ်နိုးတတ်ကြပါတယ်။

ချင်းလူမျိုးတွေမှာ ချင်းစကား၊ ချင်းအမျိုးအနွယ်ပေါင်း အများကြီး အများကြီး ရှိပါတယ်။ (အကုန်လုံးကို ဖော်ပြရင် ပိုစ့်ကအရမ်းကို ရှည်သွားလိမ့်မယ်။ ဒီတော့ အခွင့်ကြုံမှ ဖော်ပြပါ့မယ်)။ ပန်းအိုးလေးတစ်လုံးကို အလှဆင်ဖို့ အတွက် ပန်းပွင့် အမျိုးစုံ၊ အရောင်စုံ အသုံးပြုမှသာ လိုအပ်သလို အလှပဆုံး အလှဆင်နိုင်သလိုပဲ၊ ချင်းလူမျိုးတွေ ဟာလဲ မြောက်များစွာသော အမျိုးနွယ်စု၊ ဘာသာစကားစုတွေကြောင့်သာ ပိုပြီး လှပသက်ဝင် အဓိပ္ပာယ်ရှိရခြင်း ဖြစ်ပါတယ်။ ဒီကနေ့ ၂၀၁၀ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာကျရောက်တဲ့ (၆၂) ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒီပိုစ့်လေးကို ရေးသားရခြင်းပါ။ ပြည့်ပြည့်စုံစုံ မဖော်ပြနိုင်တာ Angel Shaper ရဲ့ အားနည်းချက် ဖြစ်သလို၊ သေချာလေ့လာပြီးမှ ချင်းပြည်နယ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာအချို့ ကို အခွင့်ရှိရင် တင်ပြပါဦးမယ်။

ဒီပိုစ့်လေးအတွက် လိုအပ်တဲ့ အချက်အလက်တွေကို စိတ်ရှည်လက်ရှည် အကြံပေးပြီး ကူညီပြောပြပေးတဲ့ အကို (U Sianpu) နဲ့ သူငယ်ချင်း ပေါက်စီကို ကျေးဇူးအကြီးကြီးတင်ပါတယ်။ သူငယ်ချင်းပေါက်စီ ဆွဲထားတဲ့ ဒီဇိုင်းလေးကြောင့်လဲ ကျေးကျေးစ်နော်။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
19.2.2010 (Fri;)
11:25 Pm

ည........... မှောင်မိုက်လွန်းတဲ့ ည
မှောင်မိုက်မှုတွေ ကြားက
အလင်းရောင် တစ်ချို့ တဝက် ဖြန့်ကျက်လို့နေလေရဲ့။
အော်..... လရောင်နဲ့အတူ အေးချမ်းမှုတွေများ ပါလာမလားလို့ ငါခိုလှုံခဲ့မိတယ်။
ရင်ထဲမှာပူလောင်ခြင်းတွေကိုပဲ ငါခံစားရရှိခဲ့တယ်။

အိပ်လို့ မပျော်တဲ့ ည......
ရင်မှာ အမျိုးအမည်မသိတဲ့ခံစားမှုတစ်ချို့ 
ပူလောင်နေတာလား၊ ခံရခက်တာလား မသိတဲ့ ခံစားမှုတစ်ချို့ 
ဒီလိုနဲ့ ပဲ အချစ်ဆိုတာကို အကျွမ်းတဝင်ဖြစ်မှန်း သိခဲ့ရတယ်။

အထီးကျန် ခြောက်သွေ့တဲ့ည.......
တစ်ယောက်တည်း အတွေးတွေ များစွာထဲက
ပျော်ရွှင်တာတွေ၊ ဝမ်းနည်းတာတွေ ခံစားဖူးတယ်။
နှစ်ဦးသား အတိုင်းမသိပျော်ရွှင်ခဲ့ဖူးတယ်။

ခုတော့လည်း ငါ့တစ်ယောက်တည်း
ရယ်ချင်ရယ်နေတယ်။ မျက်ရည်လေးတွေ ဝဲချင်ဝဲနေတယ်။
ဘယ်သူမှမသိတဲ့ တစ်ကိုယ်တည်းလွမ်းဆွတ်မှု
ရူးကြောင်ကြောင် အတွေးများလား......
အင်းးးးးးးးးး သေချာတာတော့ ငါအခုထက်ထိ အိပ်မရသေးတာပါပဲ။

အိပ်မပျော်တဲ့ သမီးကြီးအိန်ဂျယ့်ကို အရထူးတဲ့ အကိုတော်ကိုလောက်ကြီး (ခေါ်) ကိုခလောက်
(ကိုအိုက်ခီလောက်)က သနားလို့တဲ့...... မူးမူးနဲ့ လက်ဆောင်ရေးပေးလိုက်တဲ့ ကဗျာလေးပေါ့။
ကိုလောက်ကြီးရေ.......ကျေးဇူးကြီးးးးကြီးးးးးးးးးးးနော်။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
6.2.2010 (Sat;)
3:20Am