ချစ်မကြီးမနှင်းရဲ့ ချစ်ခင်မှုတက်ဂ်ပိုစ့်လေးပါ။ Angel Shaper ရဲ့ မလှမပ၊ ကဗျာမဆန်တဲ့ နိစ္စဓူဝ အပိုင်းအစလေးတွေ တစ်ချို့ ဆွဲထုတ်ကြည့်လိုက်ကြတာပေါ့နော်။

အိပ်ယာနိုးတာက စရမှာလား၊ အိပ်ယာဝင်တာက စရမှာလား တောင်မသိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့လေ... အိပ်ယာထတာက စပြောရတာပေါ့။ အိပ်ယာကနိုးပြီး မျက်လုံးဖွင့်တာနဲ့ ကျမ်းစာဖတ်၊ ဆုတောင်းတယ်။ ပြီးရင် ကွန်ပျူတာလေးဖွင့်၊ သီချင်းလေးတွေ အရင်ဖွင့်၊ နားထောင်ရင်း တွေ့တဲ့လူကို လိုက်နှောင့်ယှက်တယ် အဲလေ.. လိုက်နှုတ်ဆက်ပါတယ်။။ "မောနင်းပါ" လို့။ အဲလို နှုတ်ဆက်လိုက်ရင် "ဘာခုမှ လာမောနင်းနေတာတုန်းးးးး ငါတို့က ရုံးဆင်းတော့မှာ" လို့ ပြန်နှုတ်ဆက်တတ်ကြတယ်လေ... ဟိဟိ။ ပြီးရင် ကော်ဖီလေးသောက်ရင်း ကွန်ပျူတာရှေ့ပြန်ထိုင်တယ်။ ကွန်ပျူတာရှေ့ကနေ တအောင့်နေမှ ထပြီး တကိုယ်ရေသန့်ရှုင်းမှုကို စတင်တယ်။ ပြီးရင် ကွန်ပျူတာရှေ့ ပြန်ရောက်တာပဲ။ (ဟိဟိ.......... ကွန်ပျူတာရှေ့ကမခွာလို့  ကွန်ပျူတာ ပညာရှင်ကြီး မထင်ပါနဲ့ ) တွေ့ သမျှ သူငယ်ချင်း မောင်နှမတွေနဲ့ ချတ်တယ်။ ဆွေးနွေးတယ်၊ စနောက်တယ်။ ရန်ဖြစ်တယ်။ ငြင်းခုန်တယ်။ ပျော်စရာကြီးပါ.... အဲလောက် အွန်လိုင်းကို ခင်တွယ်ပါတယ်။ (သတိ။ မကြူရေးချ မကြူပါနော်။ မကျွမ်းကျင်လို့။ စိတ်မရှည်လို့)

ပြီးရင် ၅ကြိမ်ထက်မက ထမင်းစားဖို့ အော်ခေါ်နေတဲ့ အတူနေ အကို၊ အမတွေ ကို "လာပြီ၊ လာပြီ" ဆိုပြီး ခြေထောက်လေး အရင်လှုပ်ပြ၊ ပြီးရင် အမြီးလှုပ်...အဲ ဟုတ်ပါဘူးးးးးးး (အမြီးမှ မရှိတာကို..ဟိဟိ) ပြီးရင် ပါးစပ်က "လာနေပြီ လာနေပြီ" လို့ ထပ်အော်ရင်း လက်က သွက်လက်စွာ ရိုက်ရိုက်ရိုက်........ချတ်ချတ်ချတ်................... အကို၊ အမတွေရဲ့ အော်ခေါ်သံတွေ ကီး (Key) ပြောင်းလာပြီ၊ ကီး (Key) မြှင့်လာပြီဆိုရင်တော့ အပြေးဆင်းပြီး လိုက်စား။ ပြီးရင် အမတော် ဖျော်ပေးတဲ့ ကော်ဖီတစ်ခွက်သောက်၊ ရေမိုးချိုးပြီး အလုပ်ကိုသွား။။။။။။

ဘတ်စ်ကားဂိတ်ထိ ၁၅မိနစ်လောက် လမ်းလျှောက်ပြီး၊ ကားအလာကို တအောင့်လောက်စောင့်၊ ဘတ်စ်ကားကြီး စီးပြီး အလုပ်ကိုသွား။ အလုပ်ကိုရောက်တော့ တွေ့နေကျ ဒီရုပ်တွေကို တဟိုင်းဟိုင်းနဲ့ နှုတ်ဆက်ပြီး ကော်ဖီတစ်ခွက် ထပ်သောက်၊ အဝတ်အစားလဲပြီး အလုပ်စဝင်ရပါတော့တယ်။ အလုပ်စပြီဆိုရင်ပဲ ပြီကြီးငါး အစားများတဲ့ ပြီတီတီရုပ်တွေကို မနှစ်သက်ကြောင်း၊ စိတ်မဝင်စားကြောင်း မျက်လုံးပြူးပြ၊ မျက်ဆံပြူးပြပြီး သက်သေပြ၊ မျက်နှာပြောင်၊ ထိပ်ပြောင်နဲ့ "ဖုန်းနံပါတ်လာတောင်းပြီး၊ ညနေစာလိုက်ကျွေးမယ်၊ ရုပ်ရှင်အတူ ကြည့်ပါရစေ" ဆိုတာမျိုးကို စိတ်ညစ်ညူးစွာ ပြုံးပြပြီး "No, Thanks" လိုက်ရ၊ မျက်နှာချိုတဲ့သူတွေကို ပြန်ချိုပေး၊ သဘော ကောင်းတဲ့ ဈေးဝယ်သူတွေကို စလိုက်၊ နောက်လိုက်နဲ့ တပျော်တပါးကြီး လိုက်ကူညီပေး၊ တစ်ဆိုင်လုံးလာဖွတဲ့ သူတွေကို အနားသွားပြီး "ကူညီပါရစေ" သွားလုပ်၊ "ရတယ်၊ မလိုဘူး" လာပြောရင် စေတနာ ဗလပွနဲ့ "မဟုတ်ဘူး။ သင် ကျုပ်အကူအညီ လိုနေပါတယ်။ ကြည့်ပါလား....တစ်ဆိုင်လုံးပွနေပြီလေ" ဆိုမှ သူလိုချင်တာ မေးဖော်ရလို့ လိုက်ကူညီရ၊ အရေးထဲ လာရစ်တဲ့ သူရှိရင် မန်နေဂျာ ဟိုမှာရှိတယ် သွားပြောချေလို့ ချောက်တွန်း။ မန်နေဂျာနဲ့ ပြသနာဖြစ်တဲ့ တစ်ချို့ဈေးဝယ်သူတွေကို မန်နေဂျာက ကျွန်မမန်နေဂျာနဲ့သွားပြောပါလို့ ကိုယ့်ဆီ ပြန်ချောက်တွန်းရင် အဲဒီငရစ်တွေကို ကျေနပ်အောင် ပြုံးပြ၊ ဖြဲပြ (သွားဖြဲပြ)ပြီး ကျေနပ်အောင် လှည့်ပတ် ပြောပြ ရှင်းပြရ၊ အရေးထဲ ဈေးဝယ်သူတွေရဲ့ ကလေးတွေ အရမ်းဆော့လို့ တစ်ဆိုင်လုံး ဆူညံနေရင် အဲဒီကလေးတွေကို ပြုံးပြပြီး (မငိုလောက်အောင်) လက်ကောက်ဝတ်ကို ဆွဲညစ်လိုက်ရ၊ "ကစားကွင်းမဟုတ်ဘူး၊ အဆော့နဲ့" လို့ ဖြဲခြောက်လိုက်ရ၊ ဆိုင်မှာလူရှင်းရင် မြူးဇစ်အလိုက် ကလိုက်၊ ကွေးလိုက်၊ ခုန်လိုက်၊ ပေါက်လိုက်။ ဗိုက်ဆာရင် မန်နေဂျာမကို ဂျီကျလိုက်၊ ဆိုင်ပိတ်ချိန် မပြန်ချင်ပဲ အတင်းဝင်ချင်တဲ့ ဈေးဝယ်သူ တစ်ချို့ ကို ပြုံးပြုံးလေးနဲ့  "ခု ဆိုင်ပိတ်ပါပြီ။ နက်ဖြန်မှ လာပါ၊ ကျေးဇူးတင်ပါတယ်" လို့ အနုနည်းနဲ့ မောင်းထုတ်။ အနုနည်းမရတဲ့ သူတွေကို ဗလ အားကိုးနဲ့ အကြမ်းနည်း သုံးပြီး ကြိမ်းမောင်းရင်း မောင်းထုတ်လိုက်ရ။ ပြီးရင် ဆိုင်သိမ်းလို့အိမ်ပြန်။။။။

အိမ်ရောက်တော့ စားစရာရှာစား။ လိုတရ ရေခဲသေတ္တာထဲက Juice ချိုချိုအေးအေး တစ်ခွက်နဲ့  အမောဖြေ၊ ရေမိုးချိုး အဝတ်အစားလဲ၊ ကွန်ပျူတာဖွင့် သီချင်းလေးနားထောင်ရင်းးးးးး အိမ်လည်ထွက်၊ ဂျီပုန်းတွေနဲ့ တွေ့ ရင် ခနလေးချတ်၊ ဘယ်ကဘယ်လိုရောက်ရောက်လာမှန်းမသိတဲ့ အွန်လိုင်းသားကောင်ရှာနေတဲ့ မုဆိုးတွေနဲ့ တွေ့ရင်စိတ်ညစ်ညူးစွာ "ဖိတ်ခေါ်မှုကို ကျေးဇူးတင်ကြောင်း၊ သင်နှင့်ကျွန်ုပ် လိုင်းမတူ၍ စိတ်မကောင်း ပါကြောင်း" ပြောဆိုပြီး ငြင်းလွှတ်ရ၊ အိမ်လည်ထွက်(ဘလော့လည်ဖတ်)ရင်း လယ်ထဲသွားပြီး လယ်စိုက်၊ လယ်ရိတ်၊ လိုအပ်တဲ့ လယ်နီးချင်းတွေကို လိုက်ကူညီပေးးးးးးးးး

တစ်အောင့်နေ တစ်ယောက်ပြီး၊ တစ်ယောက် အွန်လိုင်းပေါ်တက်လာလို့ ရုံးတက်ကြပြီဆိုရင် စောနေပြီ (မိုးလင်းနေပြီ) ကိုယ်လဲ ဖြူစင်အပြစ်ကင်းတဲ့ အလုပ် စလုပ်ရတော့မယ်ဆိုပြီး တွေ့ သမျှလူကို လိုက်မောနင်း၊ ဆုတောင်းပြီးရင် ဒုစရိုက်မပါတဲ့ အလုပ်စလုပ်။ (ချွင်းချက်အနေနဲ့ တစ်ခါတလေ သူ့ဟာသူ ဒုစရိုက်ပါပါ လာတာတော့ မတတ်နိုင်တဲ့ အခြေအနေအရ ပြစ်မှုကျူးလွန်ခြင်းပေါ့) ဥပမာ.... သူများနဲ့ ညားသွားပြီဖြစ်တဲ့ ချစ်သူဆုန်ဂျူး (Kwon Sang Woo) နဲ့ ရေခဲမုန့်လေး အတူတူစားရင်း Rock သီချင်း ကောင်းကောင်းလေးတွေ နားထောင်တာတို့၊ ကောင်မလေးတွေနဲ့ သိပ်ရှုပ်တဲ့ Enrique Iglesias နဲ့အတူတူ သီချင်းတွေ ဆိုကြတာတို့၊ Rain ရဲ့ ပုခုံးလေး အဲ ပုခုံးကြီးကိုမှီ ကော်ဖီလေးသောက်ရင်း Linking Park ရဲ့ New Divide သီချင်းလေး နားထောင်၊ အာ..... ထပ်မပြောချင်တော့ပါဘူးးးးးးးးးးးးးးး

ဒီလို...ဒီလို... ဒီလို....တွေနဲ့  Angel Shaper ရဲ့ နိစ္စဓူဝလေးဟာ နေ့နဲ့ည မှားလောက်အောင် မလှမပနဲ့ပေါ့။ လှပဆန်းသစ်ပြီး အကျိုးရှိမဲ့ နိစ္စဓူဝလေးနဲ့ ဘဝသစ်တစ်ခု၊ ခြေလှမ်းသစ်လေးတွေနဲ့  လျှောက်လှမ်းချင်မိပါရဲ့။ ဖြူစင်ရိုးသားမှုတွေကိုသာ အလေးထား မြတ်နိုးတတ်တဲ့၊ ဟန်ဆောင်မှုကင်းပြီး စစ်မှန်တဲ့ အပြုံးစစ်လေးတွေ ကိုသာ နှစ်နှစ်ခြိုက်ခြိုက် ဝတ်ဆင်တတ်တဲ့ Angel Shaper ရဲ့ အပြုံးတွေဟာ ခုတော့ ညစ်ညူးစရာကောင်းတဲ့ ပတ်ဝန်းကျင်မှာ ပီပြင်နေသေးရဲ့လား မသေချာတော့ပါဘူးလေ။
ချစ်မကြီးရေ......ကျေနပ်နိုင်ပါစေနော်။
ချစ်တဲ့ မနှင်း အမြန်ဆုံးကျန်းမာပျော်ရွှင်ပါစေလို့ လဲ ဒီတက်ဂ်ပိုစ့်လေးရေးပေးရင်း ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်။
သူငယ်ချင်း မောင်နှမအားလုံး ပျော်စရာနိစ္စဓူဝလေးတွေကြား ပြုံးပျော်ကြည်နူးနိုင်ပါစေ။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
25.9.09 ( Fri;)
11:59 Pm

သူဟာ သာသနာအတွက်၊ သားသမီး၊ မြေးတွေအတွက်၊ အမျိုးတွေ၊ မိတ်ဆွေတွေအတွက်၊ ရပ်ဆွေရပ်မျိုးတွေ အတွက် စေတနာနဲ့ ကူညီလုပ်ဆောင်ခဲ့တဲ့သူ တစ်ယောက်ပါ။ သူချစ်တဲ့ ဘုရားနဲ့ ဘုရားသားသမီးတွေအတွက် ဘုရားကျောင်းတစ်ဆောင် လိုအပ်မှုကြောင့် ခရီးဝေးသွားပြီး ပင်ပင်ပန်းပန်း အလှုငွေတွေ လိုက်လံကောက်ခံ ခဲ့တယ်။ ဘယ်သူမှ သူ့ ကိုမခိုင်းပါဘူး၊ သူ့အတွက် ဘာအကျိုးအမြတ်မှလဲ သူမရသလို မမျှော်ကိုးခဲ့ပါဘူး။ ဘုရားကျောင်းအသစ် ဖြစ်လာဖို့ သူကြိုးပမ်းပြီး ဒီဇိုင်းတွေဆွဲပါတယ်။ ဘုရားကျောင်းပုံစံကို သူကိုယ်တိုင် စိတ်တိုင်းကျ စီစဉ်ဆောင်ရွက်ခဲ့တာပါ။ လုပ်အားပေး လုပ်ရတော့လဲ သူကိုယ်တိုင်ပဲ ဦးဆောင်ပြီး သူ့အသက် သူ့အရွယ်နဲ့ မမျှတော့လောက်အောင် ကျင်းတွေတူးခဲ့တာတွေ၊ ဘုရားကျောင်းခြံတွေ ရှင်းခဲ့တာတွေ မှတ်မိ နေပါသေးတယ်။ နေပူကျဲတဲတဲထဲမှာ ဦးထုပ်လေး တစ်လုံးဆောင်းပြီး စက်ဘီးလေးတစ်စီးနဲ့ လိုအပ်တဲ့ သစ်တွေ တိုင်တွေကအစ လိုက်ပြီးစီမံခဲ့တာတွေ၊ သူ့ ရဲ့ လုပ်ဆောင်မှုတွေအားလုံးကို ဘယ်သူမှ အသိအမှတ်မပြုခဲ့ပေမဲ့ သူ့ရဲ့ ပေးဆပ်မှုတွေအတွက် ကောင်းကင်ဘုံမှာ သူရမဲ့ဆုသရဖူလေးဟာ ကြယ်ပွင့်လေးများစွာ လင်းလက်နေမှာ မြင်ယောင်မိပါတယ်လေ။

မိသားစုအခြေအနေအရ ငယ်ငယ်ကတည်းက ပညာကိုဆုံးခန်းတိုင်အောင် မသင်ခဲ့ရပဲ ၉နှစ်အရွယ်ကတည်းက အရွယ်နဲ့ မလိုက်အောင် အလုပ်တွေစလုပ်ခဲ့ရတဲ့ သူ့ ဘဝဟာ သူ့ ရဲ့ ရိုးသားဖြောင့်မတ်မှု၊ ကြိုးစားမှု၊ သူ့ရဲ့ဇွဲလုံ့လ တွေကြောင့် ကြီးပွားလာခဲ့ပါတယ်။ သူမွေးတဲ့ သားသမီးတွေကို သူသိပ်လိုချင်၊ သိပ်ဖြစ်ချင်ခဲ့တဲ့ ပညာတတ်ကြီး ဖြစ်စေချင်တဲ့ ဆန္ဒနဲ့  ကောင်းပေ့ ဆိုတဲ့ ကျောင်းတွေ၊ ကျူရှင်တွေ၊ ဘော်ဒါတွေမှာပို့ ခဲ့တယ်။ သူကြိုးစားပြီး ရှာဖွေထားတဲ့ ငွေကြေးတွေကို သူ့ သားသမီးတွေ ပညာရေးအတွက်။ ကျန်းမာရေးအတွက် သူကျေကျေနပ်နပ် ကြီးကို ပေးဆပ်ခဲ့တယ်။ သူ့ စေတနာကို နားမလည်တဲ့ သူ့သားသမီးတွေဟာ သူ့လိုထက်မြက်တဲ့ ဦးနှောက် လေးတွေ ကိုယ်စီ ပိုင်ဆိုင်ထားကြပါလျက်နဲ့  မကြိုးစားခဲ့ကြဘူး။ ပေါ့လျော့ခဲ့ကြတယ်။ သူဖြစ်စေချင်တဲ့ နေရာကို ရောက်အောင် မသွားနိုင်ခဲ့ကြဘူး။ သူရစေချင်တဲ့အရာကို အရမယူနိုင်ခဲ့ကြဘူး။ သူတို့ဘ၀တလျှောက်လုံး သူ့ ရဲ့ ဖြည့်ဆည်းပေးမှု၊ ဦးဆောင်မှုတွေနဲ့ပဲ အသက်ရှင်သွားနိုင်မယ်လို့ ထင်နေခဲ့ကြ၍ များလားမသိပါဘူး။

သူဟာ တစ်ချိန်က သူ့ အမျိုးတွေထဲမှာ ပထမဦးဆုံး တိုက်အိမ်ဆောက်နိုင်ခဲ့တဲ့သူ၊ ကားတွေ အများကြီးပိုင်တဲ့သူ၊ အိမ်ခြံတွေ အများကြီးပိုင်ဆိုင်တဲ့သူဆိုပြီး လူတွေလေးစားအားကျရတဲ့ သူတစ်ယောက်ဖြစ်ခဲ့သလို၊ အကူအညီ အမြဲတမ်းလိုအပ်နေတတ်တဲ့ သူ့အမျိုးတွေအတွက်သူဟာအားကိုးရာဖြစ်ခဲ့ပါတယ်။ သူ့ရဲ့စေတနာ၊ မေတ္တာတွေကို နားမလည်တဲ့ သူ့ အမျိုးတွေကတော့ သူ့ကိုရက်ရက်စက်စက် လိမ်ခဲ့ကြတယ်၊ ညာခဲ့ ကြတယ်လေ။ သူသိခဲ့ပေမဲ့ ဘာအပြစ်မှ မယူရက်ခဲ့ပါဘူး။ သူဟာ အပြောမချိုတဲ့ ဖြောင့်မတ်မှန်ကန်သူ၊ စိတ်ဆတ်၊ စိတ်မရှည်တဲ့ ရိုးသားသူ၊ သဘောကောင်းသူ တစ်ယောက်ပါ။ သူဟာ Angel Shaper ရဲ့ ဟီးရိုးကြီး တစ်ယောက်ဖြစ်သလို လမ်းပြရှင် မီးပြတိုက်လဲ ဖြစ်ပါတယ်။ အားကိုးရာလဲဖြစ်တယ်။ လိုအပ်မှုတိုင်းကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးခဲ့တဲ့ လိုတရ မီးခွက်လေးလဲ ဖြစ်ပါတယ်။

သူ့ ကို ချစ်ခင်သူ သူ့ မိတ်ဆွေတွေက ဦးတင်ရွှေ လို့ ခေါ်ပြီး၊ သူ့အမျိုးတွေက ပါဆွမ်း (Pa Suan)၊ ပူဆွမ်း (Pu Suan) လို့ခေါ်တယ်။ သူ့ချစ်ဇနီးက (U ThangSuan) လို့ခေါ်ပြီး၊ သူ့သားသမီးတွေက (Pa) လို့ ခေါ်တယ်၊ သူ့မြေးတွေက (PU) လို့ခေါ်တဲ့ Angel Shaper ရဲ့ ချစ်လှစွာသော (Pu) အဘိုးဖြစ်ပါတယ်။

သူ့ မကောင်းကြောင်းလေး တစ်ခုလောက်ထည့်ပြောရမယ်ဆိုရင် သူက ကားမောင်းသိပ်မကျွမ်းပါဘူး။ လုံးဝ မမောင်းတတ်တဲ့သူနီးပါးကို မကျွမ်းကျင်တာပါ။ တစ်နေ့သူ ကားအရမ်းမောင်းချင်လို့ဖြစ်မယ် အိမ်သားတွေ မနိုးခင် အစောကြီးထ ကားကိုဂိုထောင်ထဲက ခပ်တည်တည် ထုတ်မောင်းပြီး ပြန်သွင်းထားခဲ့ပါတယ်။ မိုးလင်းလို့ ကားထုတ်ကြတော့မှ ကားရှေ့နားလေး ပွန်းနေတာတွေ့ ကြတယ်။ဘယ်သူ့လက်ချက်လဲ လိုက်မေးနေကြပေမယ့် တစ်အိမ်လုံးသိပါတယ်။ သူနဲ့အတူအိပ်တဲ့ Angel Shaper ဆို သိပ်သိတာပေါ့။ သူရှက်မှာစိုးလို့မပြောကြတာပါ။ ကြိတ်ကြိတ်နဲ့တော့ ပြုံးကြတာပါပဲလေ။ သူ့ မှုာ အဲလို ချစ်စရာကောင်းတဲ့ အကျင့်လေးတွေလဲရှိပါတယ်။

Angel Shaper ငယ်ငယ်တုန်းကဆို သူ့ နာမည်ပြောလိုက် စားချင်တာ အကုန်စားရတယ်။ အကုန် အဆင်ပြေ ခဲ့တာလေ။ ရေခဲမုန့်သိပ်ကြိုက်တဲ့ Angel Shaper တို့ အိမ်ရှေ့ မှာ စိန်ဂေါ်လီ ဆိုတဲ့ အအေးဆိုင်ကြီးရှိတယ်။ ရေခဲစက်ကြီး နဲ့ကို ဖွင့်ထားတာပါ။ ရေခဲမုန့်စားချင်လာရင် Angel Shaper ဘာသွားလုပ်တယ် ထင်ပါသလဲ? ရေခဲစက်ထဲ သွားပြီး အဲဒီက ရေခဲမုန့်တွေ၊ ရေခဲချောင်းတွေ လုပ်တဲ့ ဦးလှထွန်းကို " ဦးလှထွန်း၊ ဦးလှထွန်း ကျွန်တော့်အဖိုးက ရေခဲမုန့် နှစ်ခု ယူခိုင်းတယ်ဗျ " ဆိုရင်ဟိုက ဘာရယ်မဟုတ်ပေးလိုက်ရတယ်လေ။ အဲလို...စားချင်တိုင်း အဘိုးနာမည်ပြောလိုက် စားရပါတယ်။ မယုံမရှိနဲ့နော်။

Angel Shaper ဝက်သားပြုပ်ချိုဆိုတာလဲ သိပ်ကြိုက်ခဲ့ပါတယ်။ သိန်းရွှေ ဆိုတဲ့စားသောက်ဆိုင်က မန်နေဂျာ စားဖိုမှုးကို "ဦးဘပု၊ ဦးဘပု ကျွန်တော့်အဘိုးက ဝက်သားပြုပ်ချိုတစ်ပွဲ တဲ့ဗျ" ဆိုရင် မြန်မြန်လုပ်ပေးရရှာပါတယ်။ အဲလိုပါပဲ တစ်ရပ်ကွက်လုံးမှာ လိုချင်တာ၊ စားချင်တာ၊ လုပ်ချင်တာ သူ့နာမည်တပ်ပြီး ပွေလီခဲ့တာပါ။ အိမ်လာပြီး ဓာတ်ဆီ၊ ဒီဇယ်ဆီဖိုးတွေလာရှင်းရင်တော့ အဖိုးမှာ ဖြေရှင်းရတော့တာပေါ့နော်။ ငါမယူပါဘူးလို့ သူငြင်းရင်... တစ်ဖက်ကလဲ ဟိုတစ်နေ့က ဦးတင်ရွှေမြေးကြီးလာယူတာလေ ဆိုရင် သူ့မှာပါးစပ်ပိတ်ပြီးအံ့သြနေရတယ်လေ။ သိပ်ချစ်စရာကောင်းတာတစ်ခုက နောက်တစ်ခါ သူလာယူရင် မပေးပါနဲ့လို့ သူဘယ်တော့မှ မပြောခဲ့တာကိုပါ။

အိမ်ခွဲသွားပြီ ဖြစ်တဲ့ ဦးလေးတွေ၊ အဒေါ်တွေ ဆီလဲ တစ်ခါတခါ စိတ်ကူးရရင် သွားပြီး ဒီနေ့ အဘိုးက ထမင်း အတူတူ စားဖို့ ခေါ်ခိုင်းလိုက်တယ် ဆိုပြီး သွားခေါ်တတ်တယ်။ တစ်ခါဆို ကြီးတော်က အလုပ်များနေတဲ့ အချိန် ဆိုတော့ "ဟုတ်လား အတော်ပဲ ငါမအားဘူး။ ဘာမှ မချက်နိုင်ဘူး။ နင့်ဒေါ်လေးတွေ နဲ့ အမေချက်မယ် မို့လား။ ငါပြီးမှလာခဲ့မယ်နော်" ဆိုပြီး စားခါနီးညနေစောင်းမှ မိသားစုချီတက်လာလို့ကတော့ အိမ်မှာစားစရာ ဘာမှ မရှိတတ်ပါဘူး။ သူတို့ က ဘာလို့  ယုံတာလဲဆိုရင်၊ အိမ်မှာ တနင်္ဂနွေနေ့တိုင်းနီးပါး မိသားစုစုံ ထမင်းဟင်း ချက်စားလေ့ရှိတာကိုး။ အဘွားနဲ့အမေကတော့ မိန်းမသားပီသစွာ ခုဘာကျွေးမလဲ။ ဘာညာနဲ့ဆူတတ် ကြပါတယ်။ အဘိုးကတော့ သူ့မြေးကို ဘာမှပြောမနေ။ ဆူမနေတော့ပါဘူး။ သိန်းရွှေတို့၊ မိသားစု တို့၊ နောင်နောင် ထမင်းဆိုင်တို့မှာ ထမင်းဟင်းတွေ ပြေးဝယ်ခိုင်းတတ်ပါတယ်။ အဲလိုလေးတွေကအစ သူ့မြေး ဘာလုပ်လုပ် ဖြေရှင်းပေးတတ်ခဲ့တာပေါ့။

သူက သူ့သားသမီးတွေကမွေးတဲ့ သူ့မြေးစုတ်လေးတွေကိုသာ ချစ်တာ။ အိမ်မှာကလေးတွေ စုပြုံနေရင် မကြိုက်ပါဘူး။ ရပ်ကွက်ထဲမှာက တီဗွီရှိတဲ့ အိမ်တိုင်းမှာ ညတိုင်း ကလေးတွေ ပြုံတာကိုး။ ဒီတော့ တီဗွီ မ၀ယ်ပါဘူး။ ဒါကြောင့် Angel Shaper တို့မောင်နှမတွေ ငယ်ငယ်တုန်းက သူများအိမ်မှာ တီဗွီလိုက်ကြည့်ခဲ့ ရပါတယ်။ သူမကြိုက်တော့ကိုယ်ကလဲ မပူဆာမိပါဘူး။ ပူဆာရကောင်းမှန်းလဲမသိခဲ့ဘူးလေ။ အဲ..ကာရာအိုကေ ဆိုတဲ့ ဗီစီဒီစက်ကြီးတွေပေါ်လာတော့ ငယ်ငယ်ကတည်းကအဆိုတော် ရူးရူးတဲ့ Angel Shaper အငြိမ်မနေနိုင် တော့ပါဘူး။ ရသမျှ မုန့်ဖိုးတဝက်ဟာ သီချင်းခွေဖိုး။ ကာရာအိုကေဖိုးနဲ့ ကုန်နေတာကိုး။ တီဗွီဝယ်ပေးးးးးးးးးးး ဝယ်ပေး.... ဗြဲ...အီးးးးဟီးးးးး ဆိုပြီး ငိုယိုပါတယ်။ အစာငတ်ခံပြီး တစ်ရက်ဆန္ဒပြလိုက်တာ မြေးချစ်တဲ့အဘိုး မခံနိုင်ဘူးလေ။ သူ့မြေးကြီးကိုသနားတော့လဲ ဝယ်ပေးလိုက်ရတာပေါ့။ အဲဒီအချိန်ကစ မီးလာရင်တီဗွီရှေ့က မခွာတော့ပဲ အသံပြဲကြီးနဲ့ ပတ်ဝန်းကျင်ကို ဒုက္ခပေး အမြဲတမ်းသောင်းကျန်းဖြစ်တဲ့ ကိုယ့်ကို ဆူညံသံတွေ မနှစ်သက်တဲ့ အဘိုးက သူချစ်တဲ့ သူ့မြေးရဲ့ သောင်းကျန်းတဲ့ ဒဏ်မို့ ကြံ့ကြံ့ခံခဲ့ပါတယ်။ ဘာမှမပြောခဲ့ရှာပါဘူး။

ဆိုင်ကယ်တွေ အမောင်းကြမ်းတဲ့ Angel Shaper ယာဉ်မောင်းလိုင်စင်မရခင်ကပေါ့ မော်တော်ပီကယ်တွေက ဖမ်းလို့၊ ဆီးလို့ရှိရင် ဦးတင်ရွှေမြေးဗျ လို့ ပြောလိုက်၊ ချက်ချင်း ပြန်လွှတ်ပေးရပါတယ်။ ကိုယ့်ကို မသိတဲ့ မော်တော်ပီကယ်တွေကို "ကျွန်တော်တို့အိမ်လာပြီး ဆီလာထည့်ရင် ပိုက်ဆံတောင် ပြည့်အောင်မပေးပဲနဲ့၊ အကြွေးတွေလဲ လာထည့်သေးတယ်" ဘာညာ လူကြားသူကြား ပြန်ပြီးရန်စွာတတ်တဲ့ ကိုယ့်ကို အဘိုးဆီမှာ ပြန်တိုင်တတ်ကြပါတယ်။ ဦးတင်ရွှေမြေးက တော်တော်စွာတယ်တဲ့။ အိမ်မှာ အရင်တုန်းက လောင်စာဆီ ရောင်းဝယ်ရေးလဲ လုပ်ခဲ့တာလေ။ ဒီလိုနဲ့ နောက်ပိုင်းတွေမှာ Angel Shaper ဆိုတဲ့ ကလေးဆိုးရှိရင် ဆီကို အကြွေးတောင် သိပ်မယူရဲသလိုပဲ။ ကိုယ့်ကိုဆို ကလေးမြို့ က ဘဲဥတွေ နောက်တစ်ခါ ဖမ်းလဲမဖမ်းရဲ တော့ပါဘူး။

ကျောင်းတက်ရင် သူငယ်ချင်းတွေကြား မျက်နှာမငယ်ရအောင် မုန့်ဖိုးများများပေးတတ်ခဲ့တာတွေ၊ အောင်စာရင်း ထွက်တဲ့မနက်ခင်းတွေမှာ ကိုယ်တွေမနိုးခင် သူ့မြေးတွေ စားချင်တဲ့ ပဲအီကြာကွေး၊ ပဲပလာတာ၊ စတဲ့ မနက်စာ စားစရာတွေ အများကြီးဝယ်လာတတ်ပြီး မိသားစုမနက်စာ ကျေးဇူးတော်ချီးမွမ်းပြီး သုံးဆောင်ခဲ့ရတာတွေဟာလဲ မမေ့နိုင်စရာပါ။

အိန္ဒိယကျောင်းသွားတက်တုန်းက အိမ်ကိုဖုန်းဆက်တဲ့ တစ်ရက်မှာပေါ့... ဖုန်းလိုင်းမကောင်းလို့ ဖုန်းက ဘာမှ မပြောလိုက်ရပဲ ကျသွားပါတယ်။ လာကိုင်တာက အဘိုးပေါ့။ အကြိမ်ကြိမ်ပြန်ခေါ်ပေမယ့်မရတော့ပါဘူး။ စိတ်မရှည်လို့ အဲဒီနေ့ ပြန်မခေါ်ဖြစ်တော့ပါဘူး။ အဘိုးက သူ့မြေးခေါ်တယ်ဆိုပြီး တစ်ညလုံး ထိုင်စောင့် နေပါသတဲ့။ စဉ်းစားရင်း အဘိုးကို သနားလွန်းလို့ စိတ်မရှည်တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်မိပါတယ်။ ကျောင်းပိတ် ပြန်လာတော့ ကျေးဇူးတော်ကြောင့် လမ်းခရီးဖြောင့်ဖြူးလို့  ပုံမှန်ရောက်မဲ့ ရက်ထက် တစ်ရက်စောတာနဲ့ပဲ အိမ်ကို Surprise လုပ်နေကျ ကိုယ်က ဒီတစ်ခါလဲ လုပ်မယ်ဆိုပြီး ဖုန်းမဆက် အကြောင်းမကြားခဲ့ပါဘူး။ အိမ်သားတွေအားလုံးက နောက်တစ်ရက်ရောက်မယ်လို့ ပြောနေကြပေမယ့် သူက မဟုတ်ဘူး ငါ့မြေးဒီနေ့ ရောက်မှာလို့ အတတ်ပြောနိုင်တာ။ အဲလိုလေးတွေကအစ သူ့စိတ်က အလိုလိုကို သိနေတာတွေဟာ ဆန်းကြယ်တဲ့ သူ့ ရဲ့ မေတ္တာ တန်ခိုးတွေကြောင့်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ်လဲ တကယ်ရောက်ရော နေမကောင်းလို့  ပိန်နေတဲ့ အဘိုးက...... ကဲ ငါမပြောဘူးလားဆိုပြီး ပြုံးလို့ရွှင်လို့။ အိမ်သားတွေအားလုံးမှာ တအံ့သြနဲ့ပေါ့။

သူနေမကောင်းလို့ ဆေးရုံတက်ဖို့ ဆေးရုံမှာ Register လုပ်တာ အကြာကြီးစောင့်ခဲ့ရဖူးတယ်။ သူက ပြောတယ် " ငါက ငါ့သားသမီးတွေ င့ါမြေးတွေကို ဆရာဝန်ဖြစ်စေချင်တာ ဒီလို ဒုက္ခတွေ ရှိတတ်လို့ပေါ့၊ တစ်ယောက်ယောက်သာ ဖြစ်ခဲ့ရင် ဆရာဝန်ဘယ်သူရဲ့ အဖေ၊အဘိုး ဆိုပြီး ဦးစားပေးခံရမယ်။ ပိုအဆင်ပြေမယ်လေ" လို့ တသသပြောနေတတ်တယ်။ ကိုယ်ကလဲ အကျင့်အတိုင်းပဲ "အဘိုးရေ ဘာမှ စိတ်မကောင်းမဖြစ်နဲ့နော်။ အဘိုးမြေး ဆရာဝန်ဖြစ်မလာပေမယ့် အဘိုးကို မြေးဆရာဝန်ရအောင် လုပ်ပေးမယ်လေ....သိလား.... ဆရာဝန်တစ်ယောက် ယူလိုက်မယ်လေ၊ ဟိဟိ " လို့ရွှတ်နောက်နောက် နဲ့ သူ့ ခံစားချက်တွေ ပြေပျောက်အောင် အဲလိုဖျောင်းဖျခဲ့ဖူးတယ်။

သူအားငယ် စိတ်ဓာတ်ကျနေမှာစိုးလို့ ရယ်စရာတွေ ဘေးနားထိုင်ပြောတတ်တဲ့ ကိုယ့်ကို "ရယ်ရတာ ဗိုက်တောင် နာလာပြီ။ မပြောနဲ့တော့ ရယ်အောင်ထပ်မလုပ်နဲ့တော့ မောတယ် " ဆိုပြီး မျက်ရည်ဝဲ လောက်အောင် ရယ်မောခဲ့တဲ့ သူ့ မျက်နှာလေးကို ခုထိမြင်ယောင်မိပါတယ်။

သူနေမကောင်းဖြစ်ပြီး ဝေဒနာခံစားနေရချိန် စိတ်ပူနေကြတဲ့သူ့မိသားစုကို သူကတောင် ပြန်ပြီး နှစ်သိမ့်ပေးခဲ့ ပါသေးတယ်။ "ငါ အားလုံးရဲ့ လက်ကိုကိုင်ပြီး နှုတ်မဆက်ပဲ ဒီလောကကနေ ထွက်ခွာမသွားပါဘူး၊ စိတ်မပူကြပါနဲ့ " လို့ ဂတိစကားဆိုခဲ့တဲ့ အတိုင်း သူ့ရဲ့နောက်ဆုံး ထွက်သက်လေးမှာ သူချစ်တဲ့ ဇနီးနဲ့ သူ့သားသမီးမြေးတွေ အားလုံးကို တစ်ယောက်ပြီးတစ်ယောက်နာမည်ခေါ်ပြီး လက်လေးကမ်းပေးခဲ့တယ်။ မသိနားမလည်တဲ့ ကိုယ်တို့တွေက ဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ ဆိုပြီး သူကမ်းပေးတဲ့လက်ကို ဆုတ်နယ်ပေးခဲ့ကြတယ်။ အားလုံးရဲ့ လက်ကိုသူ ကိုင်တွယ်ခဲ့ပြီးမှ သူ့ရဲ့အသက်ရှုသံ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားခဲ့တယ်။ တကယ့်ကို ဖြေးညင်းစွာ သူအားလုံးကို နှုတ်ဆက်သွားခဲ့တာပါ။ Angel Shaper တို့ ခရစ်ယာန် သဂြိုင်းတွေက လက်ဝါးကပ်တိုင် ပုံလေးတွေပေါ်မှာ RIP လို့ ရေးထားတဲ့စာသား ရောက်ဖူးသူ၊ မြင်ဖူးသူတွေ သတိထားမိမလား မသိဘူး။ အဲဒီ RIP က Rest In Peace လို့ အဓိပ္ပာယ်ရပါတယ်။ ကျေးဇူးတော်ပါပဲ။ အဖိုးလည်း တကယ့်ကို ငြိမ်းချမ်းစွာ အနားယူသွားခဲ့တာပါ။

သူတစ်ယောက်တည်းက ဒီအခြေအနေ၊ ဒီအရွယ်ထိ ပြည့်စုံစွာ သူ့သားသမီး ၇နှစ်ယောက်။ မြေး ၉ယောက်ကို ရှာကျွေးခဲ့၊ ထားနိုင်ခဲ့ပေမယ့် သူ့သားသမီးမြေးတွေအားလုံးက သူ့တစ်ယောက်တည်းကို စိတ်ချမ်းသာစွာ၊ ပြည့်စုံစွာ ထားနိုင်ခဲ့ကြဖို့နေနေသာသာ စိတ်ဆင်းရဲအောင် လုပ်မိခဲ့ကြတာတွေ ပိုမယ်ထင်ပါတယ်။ နောင်တဆိုတာ နောင်မှ တတဲ့အရာမှန်း ကောင်းကောင်းနားလည်ခဲ့ပါပြီ။

ခုချိန်မှာ မြေးဦး တစ်ယောက်၊ သမီးကြီး တစ်ယောက်အနေနဲ့ ရခဲ့တဲ့ မေတ္တာ၊ အကြင်နာနဲ့ ပြုစုပျိုးထောင် ပေးမှုတွေ၊ ဒီအရွယ်အခြေအနေထိရောက်အောင် တွန်းပို့ ခဲ့မှုတွေအတွက် မြူမှုန်လေး တစ်မှုန်စာတောင် ပြန်မလုပ်ပေးဖြစ်ခဲ့တဲ့ ကိုယ့်ကိုယ်ကို နောင်တ ရရုံ။ အပြစ်တင်ရုံ။ အားမလိုအားမရဖြစ်နေရုံက လွဲလို့ ဘာမှ မတတ်နိုင်တော့တဲ့အတွက် အသက်ရှင်နေသေးတဲ့ အဘွားနဲ့  အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်တွေကို သမီး အားလုံးအတွက် ကြိုးစားနေပါပြီ။ သမီးပြန်ပြီးလုပ်ကျွေးနိုင်ဖို့ အသက်ရှည်အောင် ကျန်းမာအောင်သာ ကြိုးစားပြီး ဆုတောင်းပေးကြပါ၊ ကောင်းကြီးပေးကြပါ " လို့သာ ဂတိပေးနိုင်ခဲ့ပါတယ်။ ခုချိန်ထိ ဖြစ်ချင်တဲ့ အနေအထား မရောက်နိုင်သေးတာ၊ မလုပ်ပေးနိုင်သေးတာတွေဟာ ကိုယ်ညံ့လို့ဖျင်းလို့လား ကံကြမ္မာက မျက်နှာသာမပေး သေးတာလား မဝေခွဲ မစဉ်းစား တတ်တော့ပါဘူးလေ။

စုန်ရေနဲ့ဆန်ရေအကြောင်း အကိုတစ်ယောက်နဲ့တစ်ခါ ဆွေးနွေးဖြစ်တယ်။ မိဘတွေက သားသမီးတွေကို သိပ်ချစ်ကြတယ်။ လုပ်ကျွေးခဲ့ကြတယ်။ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးခဲ့ကြတယ်။ အဲလိုပါပဲ သားသမီးတွေကလဲ မိဘချစ်သလောက် ပြန်မချစ်နိုင်ရင်တောင် ယေဘုယျအားဖြင့်တော့ အားလုံးက ကိုယ့်မိဘကို ကိုယ်ချစ်ကြတာချည်းပါပဲ။ ဒါပေမယ့် မိဘတွေက ငယ်စဉ်ကတည်းက ပြုစုလုပ်ကျွေးခဲ့ကြတယ်။ အဆင်မပြေလို့ ဆိုပြီး ဘယ်မိဘမှ ကိုယ့်သားသမီးကို အငတ်တော့မထားခဲ့ကြပါဘူး။ အချိန်နဲ့အမျှ သားသမီး လိုအပ်ချက်တွေကို သူတို့အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့ကြတယ်လေ။ ကိုယ်တို့ သားသမီးတွေကျတော့ ငယ်ငယ်ကတည်းက တွေးဖူးကြတာပဲလေ။ မိဘကိုပြန်လုပ်ကျွေးမယ် တဲ့။ ဘယ်တော့လဲ? ကြီးလာရင်ပေါ့။ နည်းနည်းကြီးလာရင်တော့ တစ်ချိန်ချိန်ပေါ့။ ခုကြိုးစားမလို့။ ကြိုးစားနေတုန်း၊ လုပ်တုန်း တဲ့။ ဆင်ခြေတွေ အများကြီးပေးပြီး မိဘကို လုပ်ကျွေးဖို့ အချိန်တွေဖြုန်းတီးမိခဲ့ကြတယ်နော်။ အင်းးးးးးးးး Angel Shaper တွေးမိတယ်... မိဘတွေကလဲ သားသမီးတွေလိုပဲ တစ်ချိန်ကျမှ၊ အဆင်ပြေမှသာ ကျွေးမွေးပြုစု ခဲ့ကြမယ်ဆိုရင် တို့တတွေ လူတစ်လုံး၊ သူတစ်လုံး ဖြစ်လာနိုင်ပါ့မလား လို့ပါ။

ဒီတော့အဘိုးရေ..... သမီးတို့လိုသာ အဘိုးတစ်ချိန်ကျမှ ကျွေးမွေးပြုစုခဲ့မယ်ဆိုရင် သမီးတို့တွေ ဒီလို လူတစ်လုံး သူတစ်လုံး ဖြစ်လာမှာမဟုတ်ပါဘူး။ ကျေးဇူးပါ အဘိုးလို့ ပါးစပ်လေးနဲ့ ပြောလိုက်ရုံလေးနဲ့ မလုံလောက်နိုင်မှန်း သိသိကြီးနဲ့ပဲ အဘိုးကိုကျေးဇူးတင်သလို သိပ်လဲလွမ်းမိပါတယ်။ ဘုရားရှင်ရဲ့ ရင်ခွင်တော်ထဲကနေ သမီးတို့ကို ကြည့်ပြီး စိတ်ချမ်းသာစွာ ပြုံးနေနိုင်ရဲ့လား။ စိတ်ပူနေတုန်းပဲလား။ အဘိုးပြုံးရွှင်စွာ ကြည့်နေနိုင်ဖို့ သမီးတို့ ချစ်ခင်စွာနဲ့ ကြိုးစားနေပါ့မယ်နော်။ အဘိုးနဲ့အတူ ပြန်ဆုံပြီး သခင်ယေရှုရဲ့ ရင်ခွင်တော်မှာ ကျေးဇူးတော် အတူချီးမွမ်းမဲ့နေ့ရက်လေး မချင့်မရဲ လိုချင်တမ်းတနေမိပါပြီလေ။
(ချစ်သောအဖိုး ထာဝရအိမ်တော်ပြန်သွားတာ ၃နှစ်ပြည့်တဲ့နေ့၊ သတိရအောက်မေ့ခြင်း အမှတ်တရ ပိုစ့်လေးပါ။)

ချစ်ခြင်းများစွာဖြင့်
Angel Shaper
21.9.09 ( Mon; )
5:10 Am

ကျွန်ုပ်ကို အမြင်ကတ်ကြတဲ့အကြောင်းရင်းများတဲ့ ဝက်ကလေးကအမြင်ကတ်စွာ အဲလေ ချစ်ခင်စွာတက်ဂ်လိုက် ပါတယ်။ ဘယ်လိုစရေးရမလဲ ဆိုပြီး စဉ်းစားတာ ဦးနှောက်တောင် ခြောက်လာပါတယ်။ သိတယ်မို့လား။ Angel Shaper က ငယ်ငယ်ကတည်းက အချစ်ခံခဲ့ရတာလေ။ လူချစ်လူခင်ပေါတယ်။ ဟဲဟဲ (ဒီလိုပြောလိုက်လို့ အမြင်ကတ်လာကြပြီမို့လား) ဟိဟိ...... ဒီလိုပြောတတ်တဲ့ အကျင့်လေးကလဲ ကိုယ့်ကို အမြင်ကတ်စေတဲ့ အကြောင်းအရာတွေထဲက တစ်ခုအပါအဝင်ဖြစ်မယ်။ မရှိမဲ့ ရှိမဲ့ အမြင်ကတ်စရာအကျင့်လေးတွေ ပြောပြ ရဦးမှာပေါ့လေ။ ဝက်လုပ်မှပဲ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း နေရပါပြီ။ ဟူးးးးးး

ဟိုးးးးးငယ်ငယ်ကတည်းကစလို့  ခုချိန်ထိ အကြီးတွေအပေါ်မှာ အနိုင်ယူ ဆိုးနွဲ့ဂျီကျ တတ်ပြီး၊ အငယ်တွေအပေါ် အနိုင်ကျင့် ဗိုလ်ကျ တတ်တဲ့ အကျင့်တွေလဲ ပါမယ်ထင်တာပဲ။ အိမ်မှာ မောင်နှမတွေ စားသောက်ကြပြီဆိုရင် အကြီးဆုံးအခြမ်းကိုမှ လိုချင်တဲ့၊ မုန့်ကို တစ်ယောက်နှစ်ခုဝေရင် ကိုယ်က သုံးခုရမှ ကျေနပ်တတ်တဲ့ အကျင့်တွေ ဟာလဲ မသိတတ်သေးတဲ့ အရွယ်ဖြစ်လင့်ကစား မောင်ငယ်၊ ညီမငယ်တွေအတွက် တော်တော်အမြင်ကတ်စရာ ကောင်းခဲ့မယ်ထင်တယ်။

ကျောင်းတက်တဲ့ အရွယ်ရောက်ပြန်တော့လဲ အတန်းထဲကသူငယ်ချင်းတွေ အမြင်ကတ်လောက်အောင် အဆော့သန်ပြီး၊ နေရာတကာ ဗိုလ်ကျတတ်တဲ့အကျင့်တွေလဲ ပါနိုင်တယ်။ ရွယ်တူ ကောင်မလေးတွေမပြောနဲ့ ကောင်လေးတွေတောင် ငိုအောင်လိုက်စ၊ သကြားလုံးတွေကျွေးပြီး ပြန်ချော့တတ်တဲ့ အကျင့်လေးတွေလဲ ပါလိမ့်ဦးမယ်။

လမ်းထဲက တရုတ်ကျောင်းဆရာ ခပ်နွဲ့နွဲ့လေး တစ်ယောက် အိမ်ရှေ့ က ဖြတ်လျှောက်တော့ မနေနိုင်မထိုင်နိုင် ဦးချန်ချန် အခြောက်လို့ အော်ပြီး ပုန်းခဲ့တာ မှတ်မိသေးတယ်။ သူတော်တော်ဒေါသထွက်တာလေ အိမ်ထဲထိ လိုက်ရှာတယ်။ ဟိဟိ.... အရပ်ထောင်ထောင်မောင်းမောင်းနဲ့  စကားကော၊ အပြုံးကော ချွေတာတဲ့ ဦးတင်လှိုင် ဆိုတဲ့ ဦးလေးတစ်ယောက် အိမ်ရှေ့ဖြတ်လျှောက်လာတော့ ဘယ်လိုပြောတယ်ထင်လဲ"ဟာ...မြေကြီးတွေတောင် တုန်ခါနေပါတယ်။ ငလျင်များလှုပ်တာလားလို့ ဦးတင်လှိုင်ကြီး လမ်းလျှောက်ထွက်လာတာကိုးးးးးးး ဗျ " ဆိုတော့ သူ့ မှာ အောင့်သက်သက်နဲ့  ပြုံးခဲ့ပေမယ့် စိတ်ထဲကတော်တော် အမြင်ကတ်နေမယ်ဆိုတာ မပြောပဲလဲ သိမှာပါ။
အဲလို လူကြီးသူမ မရှောင် စနောက်တတ်တဲ့ အကျင့်လေးတွေဟာလဲ ကိုယ့်ကို အမြင်ကတ်စေတဲ့ အကြောင်းတွေပဲပေါ့။

ရည်းစားပေါတဲ့ ကိုကြံကြီး (နာမည်ပြောင်ပါ) ကတော့ သူ့ ရည်းစားတွေနဲ့ ချိန်းတွေ့ တိုင်း Angel Shaper ရဲ့ နှောက်ယှက်ခြင်းက မလွတ်နိုင်တာ သူ ညံ့တာပဲမို့  သူပဲခံနေရတာဟာလဲ ကိုယ့်ရဲ့ အမြင်ကတ်စရာ အကျင့်တွေ ပါပဲလို့ ပြောချင်ကြသေးလား။ ရပ်ကွက်ထဲက ငယ်သူငယ်ချင်းတွေ အားလုံးရဲ့ အားနည်းချက်မှန်သမျှ ငယ်ပေါင်းကြီးဖော် ပီသစွာ ကြီးမှ ပြန်ပြန်ဖော်တတ်တဲ့ ကောင်းမှုတွေကြောင့် သူတို့ ရဲ့ မုန့်ဖိုးတစ်ဝက်ဟာ
ကိုယ့်မုန့် ဖိုး ဖြစ်ဖြစ်သွားတတ်တာလဲ အမြင်ကတ်စရာ ကောင်းမလားပဲနော်။ အဟဲ

ရပ်ကွက်ထဲက စားစရာ အပင်တွေ အများကြီး၊ ပန်းပင်တွေအများကြီး စိုက်ထားတဲ့ အပျိုကြီး ညီအမတွေရဲ့ ခြံထဲ သစ်သီးတွေ ဝင်ဝင်ခိုးတာ၊ သူတို့ ပန်းတွေ ခိုးပြီး ဆရာမတွေကို လိုက်လိုက်ပေးတတ်တာ၊ သူတို့မွေးထားတဲ့ ခွေးကောင်ကြီးတွေကို ကြောက်လဲကြောက် မုန်းလဲ မုန်းလို့  ခဲနဲ့ ပေါက်ပြီး လိုက်စတတ်တာတွေ ကိုယ့်အတွက် ပျော်စရာကောင်းပေမယ့် သူတို့အတွက်တော့ အမြင်ကတ်စရာကောင်းနေမှာပဲနော်။ ရပ်ကွက်ထဲမှာ ဘယ်သူနဲ့မှ မတည့်တဲ့ ခပ်စွာစွာ အန်တီကြီးရှိတယ်။ တစ်နေ့တော့ သူကဖျားလို့ အိမ်ထဲမှာ ယဲ့ယဲ့လေး ထိုင်နေရှာတယ်။ ဘယ်သူ့ ကိုမှ ရန်မစွာနိုင်ရှာဘူးလေ။ ကိုယ်ကလဲ မနေနိုင်မထိုင်နိုင် စေတနာသွားပိုမိပါတယ်။ "အန်တီမျိုးးးးး နေမကောင်းဘူးလားဟင်။ ဘာဖြစ်တာလဲ" "ဖျားနေတာ ကလေးရယ်၊ လူကြီးရောဂါပေါ့" "ဟုတ်လား၊ ဆေး မသောက်ဘူးလားဟင်" "သောက်တာပါပဲကွယ်။ မသက်သာဘူးလေ" "အင်း မြန်မြန်ကောင်းချင်ရင်လေ ဆေးတစ်မျိုးဝယ်သောက်လိုက်၊ ကျွန်တော်ပြောပြမယ်။ ဆေးထုပ်ကသေးသေးလေး ကြွက်ပုံလေးပါတယ် သိလား၊ အဲဒါလေး မြန်မြန်ဝယ်သောက်လိုက် အန်တီမျိုး။ ချက်ချင်းပျောက်မယ် အသက်" လို့ပြောပြီး ပြေးသွားတဲ့ ကိုယ့်ကို ဘယ်လောက်အမြင်ကတ်လဲ မသိပါဘူး။ နေမကောင်းတဲ့ကြားထဲ အိမ်ကို ချက်ချင်းရောက်လာပြီး အဖေတို့ ကိုတိုင်တယ်လေ။ ဟီးးဟီးးးးးး

သူခိုးပွဲဆိုတဲ့ ညရောက်ရင် သိပ်ပျော်ခဲ့ရတယ်။ ကလေးတန်မဲ့ ဆိုင်းဘုတ်တွေ ပြောင်းချိတ်လိုပြောင်း (ဥပမာ။။။ နေရာသစ် လက်ဖက်ရည်ဆိုင်ရှေ့ မှာ ဆေးဆိုင်က ဆီးချို၊ သွေးချို ဆေးကြော်ငြာဘုတ် သွားထောင်ထားတာမျိုး၊ ဘေးအိမ်က တရားသူကြီးဆိုသူလူကြီးရဲ့ အိမ်ရှေ့ မှာ ဝက်သားဆိုင်က အလေးခိုးမရောင်းပါဆိုတဲ့ ချိန်ခွင်ကို အတည့်ပုံဆွဲပြီး တင်ထားတဲ့ ကျောက်သင်ပုန်းကို သွားချထားတာမျိုးးးးး၊ သားဖွားဆရာမဒေါ်သီတာအိမ်ရှေ့ မှာ မိတ္တူဆိုင်က ချုံ့ ၊ချဲ့ အမြန် ဆိုတဲ့ ဆိုင်းဘုတ်ကို သွားချထားတာမျိုး၊ ဆေးဆိုင်၊ ဆေးခန်းတွေရှေ့  အသုဘ ကြော်ငြာဘုတ် သွားချထားသလိုမျိုး...... )၊ သူများ ကြက်လေးတွေ၊ ဘဲလေးတွေကို လေးဂွနဲ့ လိုက်ပစ်လိုပစ်၊ လုပ်ချင်ရာလုပ်တတ်တဲ့ အကျင့်တွေကြောင့် ရပ်ကွက်ထဲမှာ Angel Shaper နဲ့ ရွယ်တူကလေးတွေ ပျော်ခဲ့ကြ ပေမယ့်၊ ဘယ်သူ့ လက်ချက်ဆိုတာ မပြောပဲသိနေသလို၊ ဖြစ်လာတဲ့ပြသနာမှန်သမျှကို စိတ်ရှည်တဲ့ အဘိုးနဲ့ အမေက မနက်ကျရင် ပြန်ဖြေရှင်းရနဲ့  အမြင်ကတ်စရာကောင်းလောက်အောင် ကဲခဲ့ဖူးပါရဲ့။

ဒါပေမယ့် ကိုယ်မရှိရင်ရပ်ကွက်ထဲမှာ ခြောက်ကပ်နေတယ်ဆိုတာ၊ သူတို့တွေအပါအဝင် ရပ်ကွက်ထဲက လူတွေရဲ့ ရင်ထဲမှာ ဒီလို အပေအတေလေးကို သတိရနေတတ်တယ်၊ တောင့်တနေတတ်တယ် ဆိုတာတွေ ကတော့ အိမ်ကလူတွေကို "သမီးကြီးပျောက်နေတယ်၊ ဘယ်သွားတာလဲ" လို့ လိုက်မေးနေကြတာတွေက သက်သေထူတာပဲလေ။ ကိုယ်လဲ သူတို့အားလုံးကို သတိရနေပါတယ်လေ။ ငယ်ငယ်ကတည်းက အင်အား ချွေတာပြီး အပြောနဲ့ ပဲ အလုပ်ဖြစ်နေတတ်တဲ့ ကိုယ့်မှာ အဲလိုအကျင့်လေးတွေရှိတာတောင် အပေါင်းအသင်း သိပ်ပေါနေတာကို အဖေက " ပါးစပ်မပါရင် ကျီးကန်းဆွဲလိမ့်မယ် " ဆိုပြီး... ကွန်မန့်ပေးခဲ့ဖူးတယ်လေ။

"ငါ့အကျီ င်္က ဘာတံဆိပ်၊ ဘယ်လောက်ပေးရတာ" လို့  လာကြွားရင် " ငါက အဝတ်အစား သိပ်စိတ်မဝင်စားဖူး။ အိမ်က ဝယ်ပေးလို့ ဝတ်ခိုင်းလို့ မဟုတ်ရင် သိပ်ဝတ်ချင်တာ မဟုတ်ဘူး" လို့  ပြန်ဖဲ့တတ်ခဲ့တယ်။ "ငါအခု လိမ်းထားတာ ကိုးရီးယားမိတ်၊ ငါ့နှုတ်ခမ်းနီက နောက်ဆုံးပေါ်အရောင်၊ ငါ့မိတ်ကပ်လေးက ဘာတံဆိပ် မိတ်ကပ်တွေထဲမှာ ဈေးအကြီးဆုံး" ဆိုတဲ့ စိတ်ပျက်စရာ ကြွားဝါမှုမျိုးတွေ လာပြောတတ်တဲ့ သူတွေကိုတော့ "ငါကတော့ ဘာမှမလိမ်းချင်ဘူး။ ရွှံ့လူးပြီးနေတာ။ င့ါညီမလေး တစ်ခါတလေ မနေနိုင်လို့  သွေးပေးတဲ့ သနပ်ခါးကို စိတ်ပါရင် လိမ်းတတ်တာကလွဲလို့ င့ါမျက်နှာကို သဘာဝအတိုင်းပဲ လွတ်လွတ်လပ်လပ်ထားတာ။ အပူတွေပေးမတင်ဘူး" လို့  ပြောပြီး၊ အရူးကွက်နင်း အနိုင်ယူတတ်တဲ့ ကိုယ့်အကျင့်တွေကို တော်တော်လေး အမြင်ကတ်နေကြလိမ့်မယ်ထင်တယ်။

ဟိုးးးးးးတစ်ခါက မြန်မာမမလေး တစ်ယောက်နဲ့  ကိုကိုကုလား စုံတွဲ တစ်တွဲ ဆိုင်ကိုဈေးလာဝယ်တုန်းကပေါ့။ မမက ဂျင်းဘောင်းဘီလိုချင်လို့ လိုက်ရှာပေးရင်းနဲ့  စကားပြောဖြစ်တော့ "ညီမလေးက မြန်မာလား" တဲ့။ " အယ် ဟုတ်။ အမက မြန်မာလား။ သိပါဘူး အမက ကုလားကြီးနဲ့ တွဲလာလို့ သမီးက ဖားလို့ ထင်နေတာ" ဆိုပြီး ပြောမိခဲ့တဲ့ ကိုယ့်ကို အပြောမတတ်လို့ ဆိုပြီး အမြင်ကတ်မိမှာပါပဲလေ။

ဆက်မပြောချင်တော့ဘူး။ ဒါတောင် အကင်းပဲရှိသေးတယ်။ အကုန်ရေးပြလို့ မဖြစ်ဘူးလေ။ ငယ်ငယ်ကမှတ်မိတဲ့ အဖြစ်အပျက်လေးတွေပဲ ရေးပြထားတာနော်။ အဟဲ.. အဲလောက် လူချစ်လူခင်ပေါတာလေ။ နောက်ဆို Angel Shaper ဘလော့ကို လာမလည်နိုင်၊ မခေါ်နိုင်၊ မပြောနိုင်ဖြစ်ကုန်မှာ စိုးတယ်။ ကြာရင် Angel Shaper ကို ပိုပို အချစ်တိုးလာကြမှာစိုးတယ်။ ဟိဟိ

ကဲ.... ဝက်ကလေးရေ... ရှက်ရှက်နဲ့ပဲ ကိုယ့်ကို အမြင်ကတ်တဲ့အကြောင်းရင်းတစ်ချို့ မပြည့်မစုံရေးခဲ့တယ်ဟေ့။

ဟက်ပီဘတ်ဒေးနော်။မွေးနေ့လက်ဆောင်အနေနဲ့ ဘာမှရေးမပေးနိုင်လို့  ခုတက်ဂ်ပိုစ့်လေး ရေးပေးလိုက်တယ်။ ကျေနပ်နိုင်ပါစေကွယ်။
မကြီးနှင်းနဲ့  ကိုဇောင်းကြီး တက်ဂ်လဲ မမေ့ပါဘူးနော်။ မကြာမီ လာမည် မျှော်ပေါ့။ ဟဲဟဲ။။။
အားလုံးပျော်ရွှင်ကြပါစေလို့ ............

ချစ်ခြင်းများစွာဖြင့်
Angel Shaper
18.9.09 ( Fri;)
4:50 Am

သူငယ်ချင်း သက်တန့် က ချစ်ချစ်ခင်ခင် နဲ့ သတိတရလေး တက်ဂ်ထားတာ အင်မတန်ကြာလှပေါ့။ ကိုယ်က ဘာမှမဟုတ်တဲ့ ရှိစုမဲ့စု အလုပ်ကလေးကြောင့်ပဲ လူက စိတ်မော၊ လူမောနဲ့  ပင်ပန်းပြီး ဖျားနေလို့  ခုမှ အားခဲပြီး ရေးလိုက်ပါတယ်။ ဖျားတယ်လို့ လဲ အတိအလင်းမကြေငြာချင်ပါဘူးလေ။ ဆရာဝန်ကြီး ဒေါက်တာ သက်တန့်ချို ဆေးလိုက်တိုက်မှာလဲ ကြောက်ရသေးတယ်လေ။ အဟီး

ဘာတဲ့ တက်ဂ်ထားတဲ့ ပိုစ့်ကလဲ လွယ်လွယ်လေးပါဟ။ ကြာလို့ မေ့တောင်နေပြီ။ အော်... အကြိုက်ဆုံးဘလော့ ငါးခုနဲ့ အဘယ့်ကြောင့် ကြိုက်နှစ်သက် ရသည်ဆိုပါလား။ သူတစ်ယောက်ထဲက တက်ဂ်တော့ ငါးခုပဲ ရေးရမတဲ့။ ဘယ်ရမလဲ Angel Shaper (ဖြူစင်ကြယ်) သမီးကြီး ပါဟ။ ကိုယ့်ကိုယ်ကို သိပ်ချစ်တာလေ သိတယ်ဟုတ်။ ကိုယ့်ကိုယ်ကို ဒီပိုစ့်ကို ပြန်တက်ဂ်လိုက်တယ်ကွာ။ ဘယ်ရမလဲ ဟွန်းးးးးး တစ်... နှစ်... သုံး... လေး...ငါး...ခြောက်.. ခုနှစ်... ဟိဟိ ခုနှစ်ကြိမ်တိတိ တက်ဂ်တယ်နော်။ သက်တန့် တက်ဂ်တာနဲ့ ဆိုရင် ရှစ်ကြိမ်။ ရှစ်ငါးလီ လေးဆယ် ဟိဟိ.... ရေးလို့ လောက်မယ် ထင်တာပဲလေ။

ပထမဆုံး ဘလော့ ဆိုတာကို စဖတ်ဖူးတာက Angel Shaper ရဲ့ အကိုတော်စပ်ထားသူ ကိုနေစိုးနိုင်နဲ့ ကိုလွင်မင်းခန့် တို့ ရဲ့ " ပေးဆပ်သူ " ဆိုတဲ့ဘလော့လေးပေါ့။ သူတို့ နှစ်ယောက်တည်းရေးတာတော့ မဟုတ်ဘူး။ သူငယ်ချင်းညီအကို မောင်နှမတွေနဲ့ သင်ခန်းစာတွေ၊ မှတ်သားစရာတွေ၊ဗဟုသုတလေးတွေ၊ ဆုံးမစကားလေးတွေ မှတ်သားနာယူစရာတွေ ပေးလေ့ရှိတဲ့ Angel Shaper ရဲ့ နားခိုရာ အိမ်လေး တစ်ခုပါ။

နောက် အဲဒီကနေ ရောက်ဖြစ်တာကတော့ ရေတမာရဲ့ သင်ပုန်းကြီးဖတ်စာ ဆိုတဲ့ အိမ်လေးပေါ့။ သူက အသက်ငယ်ပေမယ့် ထင်ထားတာထက် ပိုရင့်ကျက်တဲ့ အတွေးတွေ၊ အရေးအသားတွေနဲ့  တပုံတပင် ပေးတတ်တဲ့ သူတစ်ယောက်ပါ။ ခုတော့ သင်ပုန်းကြီးဖတ်စာ ဟာ လူအအိပ်မက် ဖြစ်လို့  ဘာတွေမက်နေလဲ မသိပါဘူး အင်အားတွေလဲချွေတာနေလေရဲ့။ အဲဒီမှာလဲ နားခိုနေတတ်ပါတယ်။ အဲဒီကနေ ရောက်သွားမိတဲ့ နေရာကတော့ ရေးချင်ရာလျှောက်ရေး တဲ့ Angel Shaper ရဲ့ အကိုတော် ကိုသားကြီး ပါ။ သူကတော့ အရင်က သူ့ အကြောင်းတွေ အဲ သရဲအကြောင်းတွေ ရေးတတ်ပြီး၊ တစ်ခါမှ မတွေးနိုင်တဲ့၊ မတွေးဖူးတဲ့ အတွေးတွေ တွေးမိရလောက်အောင် ရယ်စရာလေးတွေလဲ တွေးတတ်၊ ရေးတတ်ပြီး တစ်ချက်ကလေးမပြုံးပဲ လှည့်မပြန်ရတဲ့ နားခိုရာလေးပေါ့။

အဲဒီကတဆင့်နားခိုဖြစ်တာကတော့ သတင်းတွေဖွတဲ့ဘက်မှာအားသာပြီး ခု ငှက်ကလေး ဘဝကနေ ဝက်ကလေး ဖြစ်သွားရရှာတဲ့ ညီမတော်စပ်သူ ဝက်ဝံကလေးရဲ့ စံမြန်းရာ လေးပါ။ သူက ပေါက်တီး ပေါက်ရှာတွေ ရေးတယ်။ ဖတ်လို့ တော့ကောင်းတယ်။ သူလဲသူ့  အကြောင်းတွေရေးတတ်တယ် အဲလေ သရဲအကြောင်းတို့ ၊ သူ့ အတွေ့အကြုံတို့ ကိုပြောတာပါ။ ဒါပေမယ့် သူက ကိုးရီးယားမင်းသမီးလုပ်နေတာ ဆိုတော့ တစ်ခါတစ်ခါ ရိုမန်ကလဲ တစ်လိုက်တာ တစ်တစ်တစ်နဲ့ ကိုနေလို့ တနင့်တပိုး ခံစားအောင် ရေးပြ တတ်သေးတယ်လေ။ သူ့ ဆီရောက်ရင်တော့ ခံစားရမလား၊ ဒါမှမဟုတ်လဲ တဝါးဝါးရယ်ရမလား အဲလိုလေးတွေနဲ့ ပြည့်နေတဲ့ နားခိုရာလေးတစ်ခုပေါ့။

ကိုလူထွေး လဲဘယ်ပြောကောင်းမလဲ ရယ်စရာမောစရာ ကောင်းတဲ့ သူ့ ရဲ့ပန်းခြံထဲက အတွေ့ အကြုံတို့၊ မှတ်သားစရာ၊ နာယူစရာတွေလဲ ပေးတတ်လို့  နားခိုဖြစ်တယ်။ နောက်တစ်ယောက်ကတော့ ဘလော့လောက ကနေ ခဏတဖြုတ်အနားယူထားတဲ့ ကိုကြီးရီနိုမာန် ပါ။ သူလဲပဲ အရေးအသား၊ အတွေးအခေါ် ကောင်းကောင်းလေးတွေနဲ့  ဆုံးမသွန်သင်ပေးတတ်တဲ့ အကိုကြီးတစ်ယောက်မို့ သူ့အိမ်မှာနားခိုတတ်တယ်လေ။
သူ့ လိုပဲ အနားယူထားတဲ့ ကိုနေမင်းသံစဉ် ကြီးလဲပဲ ဘာ့ကြောင့်မှန်းမသိပါဘူး နားပါတယ်တဲ့လေ။ သူလဲ အတွေးအရေး ထက်မြတ်တဲ့ အကိုဖြစ်လို့  နားခိုဖြစ်တာ ကျုပ်အမှားလားနော်။ သတိလဲ ရနေပါတယ်လေ။

နောက်တစ်ယောက်က မျှစ်ချိုးပြီးမွေးလာတဲ့ လေးစားအားကျရသူ ကိုမြစ်ကျိုးအင်းကြီး ပါ။ သူ့မောင်နှမတွေကို ဘာရသမှမပါပဲ မပေးဆပ်ချင်သူ၊ အားလုံးနားလည်မဲ့ ရသမျိုးနဲ့ စာတွေပဲ ပေးဖတ်ချင်သူ တစ်ယောက်ပါ။ သူ့ရဲ့ အတွေးနဲ့အရေးတွေဟာလဲ အံ့မခန်းလောက်အောင် ပါပဲ။ နောက်ဆုံးတင်တဲ့ ဘလော့ဂါ အငြိမ့်နဲ့ ဘလော့ဂါ ပွဲဈေးတန်းဟာလဲ ဘလော့လောကကြီးကို ပျော်ရွှင်ကြည်နူးစရာလေးနဲ့ ချစ်စရာကောင်းအောင် သူလက်စွမ်း ပြထားသေးတယ်လေ။ ဒါကြောင့်သူ့ အိမ်မှာလဲ နားခိုဖြစ်လို့  အပြစ်မတင်ကြဘူး မို့ လား။

နောက်နားခိုဖြစ်တဲ့ အိမ်လေးကတော့ တလောကပဲ လတ်လတ်ဆတ်ဆတ် အသဲကွဲခဲ့တဲ့ လူကြမ်းမင်းသားကြီး ကိုပြည့်စုံ ပါ။ သူဟာလဲ စီနီယာသိပ်ကျတဲ့ ဘလော့ဂါတစ်ယောက်ပေါ့။ သူ့ စာတွေဖတ်တာမကြာသေးပါဘူး။ ဒါပေမယ့် သူဟာအတွေးအရေး အားသာသလောက် အင်အားအလွန်ချွေတာပြီး ပိုစ့်တွေတော်တော်လေးကို မတင်ဖြစ်တာပါ။ သူ့ ဆီတော့ မသွားချင်လဲ သွားပါတယ်။ ရန်ရှာဖို့ ။ ဟိဟိ

ဒနက်စ်ကတော့ စာအရေးကောင်းသလောက် အင်မတန် အင်အားချွေတာသူများ စာရင်းမှာပါတဲ့ သူငယ်ချင်း တမလွန် အဲဆောရီးးးး တလနွန် (လကြီး) ဟာလဲ ခုတော့လယ်ထဲမှာပဲ ပျော်မွေ့ နေတယ်။ လယ်သူကြွယ်လေး ဖြစ်ရင် သူကြီးသမီးများ တင်တောင်းမလို့ စိတ်ကူးယဉ်ထားလားမသိပါဘူး။ ခုတော့လဲ လယ်ထဲမှာပဲ အချိန်ကုန် နေလေရဲ့။ နောက်ပြီး ရွက်လွင့် နေတဲ့ ကိုအင်ဒရူး ဆီလဲနားခိုဖြစ်ပါတယ်။ သူပျော်ပါးခဲ့တာတွေ အားကျအောင် အရေးအသားကောင်းကောင်းနဲ့ ကြွားတတ်သလို ရယ်စရာလေးတွေလဲ ဖြည့်ရေးတတ်တဲ့ အကိုတစ်ယောက်ပါ။ နောက်တစ်ယောက်ကတော့ Bonus လေးတွေရက်ရက်ရောရောပေးပြီး သူ့ မောင်နှမတွေကို ရယ်မော ပျော်ရွှင်အောင် လုပ်ပေးလေ့ရှိတဲ့ မအားလပ်တဲ့ကလေးအဖေကြီး ကိုသီဟသစ်ပါ။ သူ့ဆီလဲ အားမာန်သစ်တွေ သွားယူရင်း နားခိုဖြစ်တယ်လေ။

နားခိုဖြစ်တဲ့ ဒဒွေးက Angel Shaper ရဲ့ ဘကြီးချမ်း နဲ့  အသက်ကိုးဆယ်ပြည့်မွေးနေ့ ကို ချစ်တဲ့ သူငယ်ချင်း မောင်နှမတွေနဲ့ ပျော်ရွှင်စရာလေး ကျင်းပဖြစ်တဲ့ ကိုဖြိုး (လင်းကြယ်ဖြူ) တို့ ဟာလဲ အထင်မစမောလ် ကြနဲ့နော်။ အတွေးအရေးအားသာသလို၊ အစားကြီးတယ်။ အဆိုလဲကောင်းတယ်။ သူတို့ တူမလေး Angel Shaper အတိုင်းပဲ ဟိဟိ။ ကိုကြီးပီတာ နဲ့  သက်တန့် ချို တို့ ကတော့ ထူးဆန်းအံ့သြဖွယ် ကောင်းပြီး တစ်ခါမှ မမြင်မတွေ့ ဖူးတဲ့အရာတွေ ရှာရှာကြံကြံ တင်ပြတတ်လို့  ဝင်ခိုဖြစ်တယ်လေ။ ကြံကြံဖန်ဖန်လူသားနှစ်ဦးပေါ့လေ။ မတတ်တစ်ခေါက်လေး ရေးထားတာပါ ဆိုပြီး မသိမသာ စော်ကားနေတဲ့ ချစ်သူငယ်ချင်းကြီး ရကောက်ကတော့ အားလုံးရဲ့ ရင်ခွင်တစ်ခုစီကို သူ့ အရေးအသားတွေနဲ့  စိတ်ကြိုက်ဖန်ဆင်းနေပါတယ်။ ရယ်လိုက်ရတယ် တစ်ခါ၊ ငိုလိုက်ရတယ် အခါခါ၊ ကြည်နူးလိုက်ရတယ်တစ်ခါတရံ၊ စိတ်မကောင်းလဲ ဖြစ်ရတတ်ပြန်တယ်။ အဲလို အမျိုးမျိုးသော ရသတွေပေးနိုင်လောက်အောင် စာကိုအေးအေးဆေးဆေးပဲရေးချင်တဲ့ ရန်ကုန်သား ဆီလဲ နားခိုဖြစ်ပါတယ်လေ။

နောက်တစ်အိမ်ကတော့ သူ့ ရဲ့ ပတ်စ်ပို့ ပုံလေး တင်ပြီး သူဖြစ်ချင်တဲ့ဆုကို လူသိရှင်ကြား တောင်းဆုခြွေတဲ့ ကိုဟန်ကြီး ရဲ့ အိမ်လေးပါ။ သူက အတွေးသမား၊ တွေးချင်ရာတွေးပေမယ့် ရေးအားတော့ကောင်းတယ်နော်။ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့ ကိုတောင်ပေါ်သား ဆီကိုလဲ သူ့ ရဲ့ ပွင့်လင်းတဲ့ စာသားလေးတွေ၊ ခံစားချက်လေးတွေ လိုက်ဖတ်ဖြစ်ပါတယ်။ တစ်ခါတစ်ခါ တိုတိုတုတ်တုတ်လေးတွေနဲ့ ပညာပေးတတ်တဲ့ ကိုယုယကြီး ဟာလဲ မဟေသီအနားပဲ ကပ်နေလားမသိပါဘူး။ ပျောက်နေပါတယ်။ သူမရှိတဲ့အချိန်တွေသွားပြီး အိမ်စောင့်ပေးဖြစ်တယ်လေ။ အိမ်စောင့်ခ ရေခဲမုန့်  ဝယ်ကျွေးခိုင်းရဦးမယ်။ ဟဲဟဲ

သူ့ ဆီမသွားရင် စိတ်ဆိုးတတ်တဲ့ ချစ်စရာမောင်ငယ် ကြယ်ကလေး ဟာလဲ အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်ပြီး လူတိုင်းကို ကောင်းစေချင်တဲ့စိတ်ဓာတ်နဲ့ ကြိုးစားနေတဲ့ အတွက် သူ့ စာတွေဖတ်ရင် တစ်ခါတလေ ကိုယ့်ကိုယ်ကို ပြန်တောင်ရှက်မိပါတယ်။ သူ့လောက်မှ မရင့်ကျက်ရလေခြင်းဆိုပြီးပေါ့။ သူ့လိုပဲမတွေ့တာကြာရင်၊ သူ့ ဘလော့ကို ဝင်မကြည့်ရင် စိတ်ကောက်တတ်တဲ့ မောင်ငယ်လေး တစ်ယောက် ရှိသေးတယ် အားလီ တဲ့။ သူ့ကောင်မလေးကို အလျော့ပေးသလောက် သူ့အမကိုတော့ အနိုင်ယူချင်တဲ့ ကလေးဆိုးကြီးပါလေ။ ကဗျာလေးတွေ၊ ပိုစ့်တိုတိုရှင်းရှင်းလေးတွေ၊ အိုင်တီပိုင်း ဆိုင်ရာ လေးတွေနဲ့  ပြည့်နှက်တဲ့ ကိုဇောင်းကြီး ရဲ့ အိမ်ဟာ Angel Shaper နားခိုနေကျနေရာလေးတွေထဲက တစ်ခုပါ။ မက်ခဲ့ဖူးတဲ့ အိပ်မက်တွေ အကောင်အထည်ဖော်မဲ့ သူငယ်ချင်းလေး မင်း ရဲ့အိမ်ဟာလဲ သိသင့်တဲ့ သတင်း၊ အနုပညာ၊ ဂိမ်းတွေပါမကျန် သွားလေ့လာလို့ ရလို့ အရောက်သွားတတ်တယ်။

မြန်မာပြည်ပြန်ရောက်နေတဲ့ သူငယ်ချင်း ဂျပန်ကောင်လေး ကိုလဲ သတိရမိပါတယ်။ သူ့ ရဲ့ ရိုးသားဖြူစင်မှုတွေ ပေါ်လွင်အောင် ဖော်ပြရေးသားတတ်တဲ့ သူငယ်ချင်းတစ်ယောက်မို့ သူ့စာတွေအမြဲသွားဖတ်ဖူးတယ်။ ခုတော့ သူလဲ အွန်လိုင်းမော်တော်ပီကယ်တွေကြောင့် လိုင်းတွေကြပ်ပြီး အသစ်မတင်နိုင်ရှာဘူးနေမယ်။ မအားတာလဲ နေမှာပါလေ။ သူငယ်ချင်း ၀ါဆိုမိုး ၊ အလှအပလေးတွေကို သဘာဝကျကျ လှပအသက်ဝင်အောင် ရိုက်ယူ တတ်တဲ့ ကိုမင်းသန့်  ဆီလဲ ပုံလေးတွေကို သွားသွားခံစားရတာ ရင်ထဲ ကြည်နူးဖို့ ကောင်းတယ်လေ။ ဒီတစ်ယောက်က သီချင်းလေးတွေလဲမတတ်တခေါက်ရေးပြီး ခြင်ထောင်ချ အသံသွင်းယူ တတ်တဲ့ ကိုနွေဆူး ပါ။ သူကလဲ အတွေးကောင်း အရေးကောင်းသလို ညနေပိုင်းဆို ပုလင်းထောင်တတ်တယ်ဆိုလား။ ခွက်ပုန်းချတာ ဆိုလား နားတော့မလည်ပါဘူး။ ဟိဟိ သူ့ ဆီစာသွားဖတ်ရတာ အရသာ တော်တော်ရှိတာနော်။

ညခင်းနဲ့ လမင်း ကိုရင်နော်ခင်လေးငယ် နဒီမိုးညိုကိုဂျူလိုင်ကိုမိုးကုတ်သားကိုအိမ်ကို TnT ကိုခြေလှမ်းသစ်ကိုမနောသား ကာရံဆူး အရူးလေး၊ ပေါက်တတ်ကရ အတွေးအပိုင်းအစတွေနဲ့ ကိုစည်သူ ၀သန်မိုး၊ တစ်ခါတလေ သွားချောင်းဖတ်ဖူးတဲ့ RepublicFidoDido ကစားပြီး စာမရေးတော့တဲ့ ကိုနေဒေးသစ်၊ အသက်ငယ်သလောက် လိမ်မာပြီး ထက်မြက်တဲ့ မောင်ငယ်လေး Craton သူတို့တွေဟာ လေးစားအားကျ အတုယူစရာကောင်းတဲ့ ခံစားချက်တွေ၊ အရေးအသားတွေနဲ့  မျှဝေပေးကြလို့ နားခိုဖြစ်ခဲ့တယ်။

နောက်ပြီး Angel Shaper ကြိုက်တဲ့အိမ်လေးထဲကပါပဲ အမကြီးနှစ်ယောက်ရဲ့အိမ်ကို အမြဲလိုလိုသွားဖြစ်ပေမယ့် ကိုယ်လို ငပေါလေး တစ်ယောက်အနေနဲ့ မန့်တောင်မမန့် ရဲလို့ ဖတ်ပြီး မမန့်ပဲလှည့်ပြန်လာရ တတ်ပါတယ်။ သူတို့ ကတော့ လူငယ်တွေကို ထက်မြက်ထူးချွန်ကြိုးစား စေချင်ပြီး၊ အင်မတန်တော်တဲ့ အမကြီး မနော်ဟရီနဲ့  မနိုင်းနိုင်းစနေ ပါ။

Angel Shaper ချစ်တဲ့ကဗျာလေးတွေ စုဝေးရာဖြစ်တဲ့ အိမ်လေးတွေရဲ့ သခင်လေးတွေကတော့ ပီပြင်လှတဲ့ စကားလုံးလေးတွေပိုင်ရှင်တွေ ဖြစ်ကြတဲ့ မကြီးပန်ဒိုရာကိုအောင်သာငယ်ကိုဖုန်းမြင့်ကိုမိုးလှိုင်ည ကိုကင်းကောင်ကိုစိုင်း၊ ပိုစ့်လဲရေးပေမယ့် ကဗျာရေးလဲကောင်းတဲ့ ကိုမိုးစက်အိမ်ပင့်ကူအန်တိမ်တိုက် ဖြစ်တဲ့ ဆူးရင့်နဲ့ တန့်ဆည်စာချစ်သူ အဝေးရောက်ပင်လယ် သူတို့ ဆီမှာ ကဗျာလေးတွေခံစားရင်း နားခိုတတ်ခဲ့တယ်။

စကားလုံး အသုံးအနှုန်း လှလှပပသုံးတတ်ပြီး အရမ်းတော်တဲ့ မမများကတော့ မာယာများတဲ့ မနှင်း မမယ်ကိုးမကြီးငုံ၊ Angel Shaper ကို ရေခဲမုန့် ကျွေးပြီး ဆုချမဲ့ မမအလိမ်မာလေး သမီးပျို၊ ကို ဆိုတဲ့လူကိုပဲ အချိန်တိုင်း သတိရနေတတ်တဲ့ ငဇော်၊ ဟိုးးးးးး တလောကမှ တွေ့ပြီး ခင်မင်ခွင့်ရခဲ့တဲ့ မလေး အမရာ နဲ့ မမယ်မဒီ၊ ကိုလေး အိုင်လွယ်ပန် (ဟိဟိ မမများစာရင်းထဲ ထည့်လိုက်လို့ တလွဲမတွေးကြေးနော်။ သူနဲ့ တော့ မဆုံဖြစ်သေးပါဘူး)၊ မမေလေး၊ ခံစားတတ်လွန်းတဲ့ မမကောင်းကင်ပြာ၊ အရမ်းချစ်တတ်တဲ့ မကြယ်ဖြူစင် မမိုးခါး မေဇင်၊ ချစ်သူငယ်ချင်းကြီး အနော်မအနမ်း၊ လွတ်လပ်စွာတွေးတတ်ပြီး စိတ်ကြိုက်ရေးပြလေ့ရှိတဲ့ ဘလော့ဂါခုံရုံးရဲ့ ပေါင်ချိန် မယ်မယ်ကိ၊ အငိုသန်တဲ့ တူမလေး မက်မက်၊ ပျောက်နေတာ ကြာပြီဖြစ်တဲ့ မကြီး လပြည့်ရိပ်၊ ချစ်တဲ့ မမစူး၊ မကြီး KOM၊ လိုင်ဘရာဒီ စာတိုက်ကြီးသဖွယ် ဖတ်စရာစုံတဲ့ မ May 16 နဲ့  Flower Poem တို့ ရဲ့ ဧရာဝတီ စာကြည့်တိုက်ကြီ၊ မကြီး မေတ္တာရောင်ပြန်၊ Broken Heart နေတယ် ဆိုပြီး အသည်းကွဲပြနေတဲ့ ချစ်သူငယ်ချင်း ချင်းမလေး (ပျောက်ချင်းမလှ ပျောက်နေတာ.. ဘယ်ဆီကို မင်းရောက်နေလဲ) ၊ ချစ်ခင်ပွန်းနဲ့ သားသမီးတွေကို သိပ်ချစ်တဲ့ မမ Sharon၊ အချက်အပြုတ်အရမ်းကောင်းတဲ့ မမမေမေဂျာမုန်း နဲ့ ညီမလေး မြူးမမမိုး (သူတို့စေတနာတွေပေါ့ Angel Shaper ဒီနှစ်လအတွင်း ၁၀ပေါင်တောင် ဝိတ်တက်ပါသတဲ့လေ ဟူးးးး )၊ မမဘေဘီဝိုင်း၊ ဂိမ်းမက်တဲ့ စုလတ်၊ အလုပ်များနေတာလား၊ နေမကောင်းပဲဖြစ်နေလား သတင်းမရတဲ့ မမမာလာ၊အိမ်ဝေးနှင်းဆီလေး အမတငယ်၊ သုံးရာသီဘဝခရီးလေးက မအိအိ၊ ပြောချင်တဲ့ အကြောင်းလေးကို ချစ်စရာပုံလေးတွေနဲ့ တင်ပြတတ်တဲ့ ၀င်နီ၊ နှစ်ယောက်ပေါင်းသောင်းကျန်းနေကြတဲ့ ရှောက်သီးနဲ့ဂေါက်သီး၊ သားချောချောလေး မွေးပြီးကြွားနေတဲ့ မပွင့်မြူးဇင်၊ ကိုကိုချစ်ကို အားကြီးချစ်တဲ့ မီးမီးချစ်၊ ရင်တွေလှလှပပ ဖွင့်ပြတဲ့ (ရင်ထဲကစာသားတွေ ဖွင့်ပြတာကိုပြောပါတယ် အဟဲ) မမစိမ်း၊ ချစ်စရာသတ္တ၀ါလေး အဲလေ ညီမလေး ဖြစ်တဲ့ ငှက်ငယ်လေး၊ ပျော်တတ်တဲ့ သူငယ်ချင်း မော်စကွီတို သူ့ဆီမှာပျော်စရာတော်တော်ကောင်းပါတယ်ဆို၊ အနာဂတ်ရဲ့ လမ်းပြကြယ်လေး ဖြစ်တဲ့ ဇေလေး၊ တောင်ကြီးရောက်ပြီး အပျော်လွန် ဘလော့လေး မေ့နေတဲ့ သူငယ်ချင်း အိပ်မက်ကဗျာ၊ ခန့် ညားထည်ဝါတဲ့ MRDBA ရဲ့ ဘလော့လေးပေါ့။ အမြဲမရောက်ပါဘူး။ ဒါပေမယ့် တစ်ခါရောက်ဖူးလို့  အချိန်ရရင် နဲနဲစီသွားဖတ်တယ်။ အိုင်တီပိုင်း မျှဝေပေးတတ်တဲ့ အကိုတွေ မောင်ငယ်တွေလဲ ရှိသေးတယ်။ ကိုသံလုံငယ်၊ ချစ်သူငယ်ချင်း ဟိန်းနီမောင်ငယ်စံပီးTechanical Library ပန်မြတ်သွင် တို့ ရှိပါသေးတယ်။ ကိုယ်က အိုင်တီပိုင်း ခပ်ပါးပါးလေး ဆိုတော့ သူတို့တွေဆီက အကူအညီအများကြီး ရတယ်လေ။

ကဲပါလေ........ ပြောနေရရင် ရှည်တယ်ဖြစ်မယ်။ ဒါတောင် မမှတ်မိတာအများကြီးရှိသေးတယ်နော်။ လင်ခ့်တွေ မသိတော့လို့ နာမည်တွေလဲမေ့လို့ ဆိုတာတွေ တပုံကြီးပဲ။ သူတို့ တွေအားလုံးဟာ သူတို့ ရဲ့ အတွေးအခေါ်၊ အယူအဆတွေ၊ အိုင်ဒီယာတွေကို လွတ်လပ်စွာ၊ လှပစွာ၊ အကျိုးရှိစွာ အသုံးချနေကြတဲ့ လူမှုဝန်ထမ်းလို့  Angel Shaper သတ်မှတ်တဲ့ လူမျိုးတွေထဲက ပါ။ ဘာလို့ လဲဆိုတော့ စာဖတ်သူကို အဓိက ပေးချင်တဲ့ သူတို့ ရင်ထဲက မေတ္တာစေတနာစစ်စစ်နဲ့ မက်ဆေ့လေးတွေ လှမ်းမြင်ရလို့ ၊ ခံစားရလို့ ပါ။

နောက်ဆုံးအကြိုက်ဆုံး အိမ်လေးတစ်ခုကတော့ ဖြူစင်ကြယ် ( Angel Shaper ) ရဲ့ဘလော့အိမ်လေးပါ။ သူ့ရဲ့ ရူးတူးတူးပေါတောတော အရေးအသားကို ကြိုက်တာတော့ မဟုတ်ပါဘူး။ သူ့ သူငယ်ချင်းမောင်နှမတွေ အားလုံး ချစ်ခင်မှုနဲ့ ပေးခဲ့ကြတဲ့ ကွန်မန့်လေးတွေ ပြန်ပြန်ဖတ်ရင်း ၊ ချစ်စရာသူတို့ အော်သံလေးတွေ သွားနားထောင်ရင်း ပျော်ခဲ့ရလို့ ကြည်နူးရလို့  အမြဲပဲ ရောက်ပါတယ်လေ။ ဟဟားးး

သက်တန့် နဲ့အားလုံးသော သူငယ်ချင်းမောင်နှမများ တက်ဂ်ထားတာနဲ့တစ်ခြားစီလို့ တော့ မပြောလိုက်ပါနဲ့နော်။ မုသားမပါ လင်္ကာမချောတဲ့။ Angel Shaper ကတော့ ကိုယ့်လင်္ကာမချောရင် နေပါစေ။ ကိုယ့်ကာရံတွေ မညီရင် နေပါစေ။ မုသားမပါတဲ့ ရင်ထဲက အဖြူရောင် စကားလုံးတွေနဲ့  ပွင့်လင်းရိုးသားစွာ ဒီက်ဂ်ကိုရေးလိုက်တာပါ။ အပိုစကားတွေ မဟုတ်သလို၊ ဖောနေတာလဲ မဟုတ်ဘူးနော်။ အားလုံးကို အပြင်းအထန်သတိရနေပြီး ကမောက်ကမ အလုပ်ချိန်တွေနဲ့  လတ်တလောကျန်းမာရေးကြောင့် ဘယ်အိမ်မှ မလည်နိုင်တာ ခွင့်လွတ်ပေး စေချင်ကြောင်း တောင်းပန်ရင်း ခုသက်သာလာတာနဲ့ ဒီတက်ဂ်လေး ရေးလိုက်ပါတယ်။ နောက်နေ့ ဝက်ကလေးနဲ့ မကြီးနှင်းရဲ့ တက်ဂ်လေးရေးရင်း ဘလော့တခွင် ပြဲပြဲစင်အောင် သောင်းကျန်းရေး စတော့မည်ဟု အတိအလင်းကြေငြာအပ်ပါသည်။ ကိုသားကြီး၊ ဘွားကိ၊ ဝက်ကလေး၊ မေဇင်၊ ပါးလုံး၊ ရကောက်၊ သောင်းကျန်းသူများ သတိ သတိ သတိ။။ သမီးကြီးလာပြီနော်။။။။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
12.9.09 ( Sat; )
7:45 Am

ပထမဆုံး Angel Shaper လုပ်တဲ့ အလုပ်က စပြောရမယ်ဆိုရင် ဖက်ရှင် အင်္ကျီဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ အရောင်းစာရေးပေါ့။ ဒီနေ့ သောကြာနေ့ဆိုတော့ ဈေးဝယ်နဲနဲ များပါတယ်။ အလုပ်လဲ နဲနဲ ရှုပ်တယ်။ ဝန်ထမ်းလဲ သိပ်မလောက်တော့ နဲနဲပင်ပန်းတာပေါ့လေ။ အဲလို အလုပ်များနေတဲ့ကြားထဲက တတ်နိုင်သလောက် ဈေးဝယ် သူတွေကို လိုက်ကူညီပေးနေရပါတယ်။ ရှုပ်နေတာတွေ ရှင်းရင်းနဲ့ Local ဈေးဝယ်သူနှစ်ယောက် ဂျင်းဘောင်းဘီ လိုက်ဖွနေတာတွေ့တော့ သူတို့ဆီသွားပြီး ဘာကူညီရမလဲ မေးလိုက်ပါတယ်။ တစ်ယောက်က သူ့ဆိုဒ်လိုချင် တယ်လို့ပြောပါတယ်။ တို့လဲ သူ့ဆိုဒ်က ဘာဆိုဒ်လဲ ပြန်မေးတာပေါ့။ အဲလိုနဲ့ သူ့ဆိုဒ် လိုက်ရှာပေးတယ် ဆိုပါ တော့။ တို့ဆီမှာက သူလိုချင်တဲ့ဂျင်းဘောင်းဘီဆိုဒ် ကုန်နေပါတယ်။ တခြား ဂျင်းဘောင်းဘီ ပုံစံ ဒီဇိုင်းအမျိုးမျိုး
လိုက်ပြပေးပါတယ်။ သူက အခြားတစ်ခုကို လှမ်းဆွဲပြီး ဈေးနှုန်းကပ်တဲ့ Label လေးမရှိတော့ ကိုယ့်ကိုမေးတယ်။ ဒီလိုနဲ့ ဘယ်လောက်မှန်းမသေချာဖို့ ဈေးနှုန်းကို ကွန်ပျူတာမှာ သွားစစ်ပေးမယ်ဆိုပြီး လှမ်းထွက်မယ် အလုပ်မှာ တစ်ယောက်က စိတ်မရှည်စွာ သူတို့ Arabic လို ထဆဲပါတယ်။

ဒီနေရာမှာ ဆဲတယ်လို့ ပြောလိုက်ရပေမယ့် တို့ Arabic လို မတတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကို ဆဲမှန်းသိနေတယ်။ ခံစားနေရတယ်လေ။ ဗိုက်ထဲက ပုဏ္ဏားလေး ပြောပြတာပဲနေမှာပေါ့။ အဲဒီလူဆဲတော့ ဘေးက မန်နေဂျာမလေး ဖြတ်ကနဲ အဲဒီလူကို မျက်လုံးပြူးပြီး ကြည့်လိုက်သလို၊ တို့လည်းရပ်ပြီး သူ့ကို ဖျတ်ခနဲ ပြန်လှည့်ကြည့်လိုက် ပါတယ်။ ကိုယ်ကလဲ သူ့ကို စိတ်ရှည်ရှည် လိုက်ကူညီပေးရသေးတယ်။ အဲလို ဘလိုင်းကြီးထဟောင်တာတော့ Angel Shaper မခံစားနိုင်ပါဘူး။ တော်တော်ဒေါသထွက်မိပါတယ်။

ငယ်ငယ်ကတည်းက အဖေ ဆုံးမထားတာ တစ်ခုရှိပါတယ်။ "သမီး။ သူများတွေက သမီးကို ဘယ်လိုပြောပြော၊ ဆဲဆဲ သည်းခံတတ်ပါစေ။ စိတ်မဆိုးပါနဲ့။ အလွန်ဆုံး ချီးထုတ်လေး၊ ခွေးမလေး ပြောရင်တောင် စိတ်မဆိုးပါနဲ့ ကွယ်။ ဘာလို့လဲဆိုတော့ ငါ့သမီးက ချီးထုတ်မှ မဟုတ်တာ။ ခွေးမလေးမှ မဟုတ်တာနော်" လို့ အရာရာမှာ စိတ်တို၊ စိတ်ဆတ်ပြီး၊ ဒေါသထွက်လွယ်တဲ့ စိတ်မရှည်တဲ့ တို့ကို ဖေဖေ အဲလို ဆုံးမခဲ့ဖူးပါတယ်။ တို့ ရဲ့ Shaper ကြီး တစ်ယောက်ဖြစ်တဲ့ အကို၊ အဘ၊ ဘကြီးမိုး ကလဲ ခံစားလွယ်၊ စိတ်တိုလွယ်တဲ့ တို့ကို "Try To Watch Your Feeling And Know That What Your Mind's Happening, So That You Can Control Yourself " ဆိုပြီး သေချာဆုံးမထားဖူးပါတယ်။ အဲလို ဆုံးမ ခဲ့ကြပါရက်နဲ့ ဒီနေ့  စိတ်လိုက်မာန်ပါ ပြန်ရန်စွာမိတဲ့ အတွက် ဒီနေရာ ကနေ သူတို့ကို တောင်းပန်လိုက်ပါတယ်။ နောက်ကို စိတ်ထိန်းနိုင်အောင်လည်း ကြိုးစားပါ့မယ်လို့ မချင့်မရဲ ဂတိထပ်ပေးပါတယ်။

ဒီနေ့တော့ အင်မတန် ဒေါသထွက်မိတာ အမှန်ပါ။ ဘာသိဘာသာ နေလိုက်ရင် ရမဲ့ ကိစ္စလေးပါ။ ဒါပေမယ့် မနေတတ်ခဲ့ပါဘူး။ သူတို့ကို ပြန်ပြောမိပါတယ်။ "တို့ကို အဲလိုမဆဲပါနဲ့။ လူလိုပြောပါ။ နားလည်အောင်ပြောပါ။ တို့ဟာ ဒီမှာ ဈေးဝယ်သူကို ကူညီဖို့  အလုပ်လုပ်နေတာပါ။ အဓိပ္ပာယ်မရှိတဲ့ စကားမျိုး သုံးပြီး မစော်ကားပါနဲ့" လို့  ပြန်စွာမိပါတယ်။ သူတို့ ကိုယ့်ကို အဲလို ထဆဲစရာ ဘာအကြောင်းမှ မရှိတာပါ။ သူ့ဟာသူ Local မကလို့  မိုက်ကယ်လ် ဖြစ်နေရင်တောင် လုံးဝ ဂရုမစိုက်ပါဘူး။ မကြောက်ပါဘူး။ (ရန်ကုန်မှာ Kick Boxing ထိုးလာ ခဲ့သူပါ။ Akido လည်း နဲနဲ ရသေးတယ်။ ဟဟားးးး သူတို့လောက်တော့ မဖြုံပါဘူး။ မလန့်မိပါဘူးလေ။) Angel Shaper ကိုယ့်ကိုယ်ကို တန်ဖိုးထားပါတယ်။ အလုပ်ကိုလဲ သိက္ခာတရား၊ ကိုယ်ကျင့်တရားနဲ့ တတ်နိုင်သလောက် ကောင်းမွန်စွာ ကြိုးစားပြီးလုပ်ပါတယ်။ သူတို့စိတ်ရှိတိုင်း အသားလွတ်ဆဲတာ ခံနေရအောင် ကိုယ်ဟာ အပေါစား ဈေးသည်၊ အောက်တန်းစား ဈေးသည်လည်း မဟုတ်သလို၊ မကောင်းတာ လုပ်စားနေတာလည်း မဟုတ်ပါဘူး။ အဲဒီတော့ လုံးဝကို ဂရုမစိုက်ပါဘူး။ ကိုယ့်ကို အဲလို ဆဲတာ မကြိုက်ပါဘူး။ အဲဒါကြောင့်ကိုယ်လဲ မဆဲပါဘူး။

ဘယ်သူ့ကိုမှ မကြောက်လို့  ဒူဘိုင်းကိုလာတာပါ။ Angel Shaper ဒီလို နိုင်ငံကို လာပြီး အလုပ်လာလုပ်ဖို့ ဘယ်သူမှ မတိုက်တွန်းပါဘူး။ ကိုယ့်ဘာသာ ဆုံးဖြတ်ပြီးမှ လာတာပါ။ မြန်မာပြည်ကနေ အဝေးသင်ဘွဲ့လေး တစ်ခုတောင် မယူခဲ့ရတဲ့ တို့ ဟာ ရန်ကုန်မှာ IELTS ဖြေပြီး နိုင်ငံခြားကျောင်းတက်နိုင်ဖို့  ထွက်လာခဲ့တာပါ။ ကျောင်းလခတွေလည်း သွင်းပြီး သွားပါပြီ။ အားလုံး ဆင်သင့်ဖြစ်နေပေမယ့် ဗီဇာ တင်တဲ့ နေရာမှာ မပြည့်စုံလို့ နောက်နှစ် စာသင်နှစ် ရွေ့လိုက်ရပါတယ်။ ဒီတော့ အဲဒီ တစ်နှစ် အတွင်း ဘာသင်တန်းတွေ တက်ရမလဲ၊ ဘာလုပ်ရင်ကောင်းမလဲ စုံစမ်းရင်းနဲ့ အလုပ်အင်တာဗျူးခေါ်တာတွေ့တော့ လျှောက်ကြည့်တယ်။ အင်တာဗျူးကို ဘာရယ်မဟုတ် အတွေ့အကြုံရအောင် ဝင်ဖြေကြည့်မိပါတယ်။ အတူဖြေတဲ့ သူတွေက ဘွဲ့တွေလည်းရပြီး အလုပ် အတွေ့အကြုံ ဘယ်စင်တာ၊ ဘယ်ပလာဇာ၊ ဘယ်ဆိုင်မှာ ဘယ်နှနှစ် အတွေ့အကြုံရှိ၊ ဆိုတာတွေ မြင်ရပါတယ်။ ကိုယ်ကျတော့ ၁၀တန်းအောင်ပြီး ဘာအလုပ်မှမလုပ်ဖူးဘူး။ ကျောင်းတက်ဖို့လုပ်နေဆဲလူတစ်ယောက်ဆိုတော့ နဲနဲတော့ ရယ်ရတာပေါ့လေ။ ကုမ္ပဏီရဲ့ Area Manager ကိုယ်တိုင် ဒူဘိုင်းကနေလာဗျူးတာပါ။ သူက အလုပ်နဲ့  ပတ်သက်တာ တစ်ခုမှ မမေးပါဘူး။ မေးရင်လဲ ဖြေတတ်မှာ မဟုတ်ဘူးလေ။ အဲလိုနဲ့ ဒူဘိုင်းကို သွားရမှာနော်တဲ့။ အင်တာဗျူးဖြေဖို့ လာကတည်းက ဒူဘိုင်းဆိုတာ မြန်မာပြည် ရဲ့ ဒေသ တစ်ခုခုလို့  ထင်ထားခဲ့လို့ လာလျှောက်တာပါ။ ဟဟားးး အဲလောက် ဗဟုသုတ ကြွယ်ပါတယ်။

အဲလိုနဲ့ အင်တာဗျူးအောင်တယ်ပေါ့။ ဗီဇာကျပြီလဲဆိုရော စဉ်းစားရပါတော့တယ်။ ၃၊ ၄နှစ် ကျောင်းသွားတက် ပြီးရင် အလုပ်ကို လုပ်ရမှာပါပဲ။ ပြီးတော့ အဲဒီ ၃၊ ၄ နှစ်မှာ ကုန်ခဲ့တဲ့ငွေတွေကို ပြန်ရှာဖို့ တော်တော်လေး ပြန်ကြိုးစားရမယ်။ အတွေ့အကြုံလည်းလိုအပ်လာမယ်။ ခုမထင်မှတ်ပဲ အလုပ်ရတော့ လုပ်ကြည့်မှပါပေါ့။ ပြီးတော့ ကိုယ်က တစ်နှစ်ကြီးတောင် အားနေတာပဲ။ မုန့်ဖိုးတောင် စုဖြစ်ဦးမယ် ဆိုပြီး ဖေဖေ့ကို ဖုန်းဆက်၊ အိမ်ပြန်ပြီး အားလုံးကိုနှုတ်ဆက် ဆုံးမစကားတွေနာယူပြီး ထွက်လာခဲ့တာပါ။ တကယ်ဆို မရင့်ကျက်သေးတဲ့ ကလေးဆိုးသာသာတို့ကို အဘွားဆို ခုထိ စိတ်မချပါဘူး။ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်တတ်တဲ့ ခပ်စွာစွာ ကလေးတစ်ယောက်ပါဆိုပြီး တဖွဖွနဲ့ အဆင်ပြေ၊ မပြေ စိတ်ပူကြတုန်းပါ။ ဒီအသက် ဒီအရွယ်နဲ့ ဒီကိုလာပြီး အလုပ်လာလုပ်တာ မချမ်းသာတဲ့ တို့ရဲ့မိသားစု အတွက်သက်သက်ပါ။ သိပ်ချစ်ရတဲ့ အဘွား၊ အဖေနဲ့အမေ မောင်လေး၊ ညီမလေးတွေနဲ့ မကျန်းမာတဲ့ ဦးလေး မိသားစု၊ ငယ်ငယ်ရွယ်ရွယ် မုဆိုးမ ဖြစ်ရရှာတဲ့ အဒေါ်တို့ သားအမိ၊ မိသားစုအားလုံး အတွက် အနစ်နာခံပြီး ကြိုးစားနေတဲ့၊ အရမ်းပင်ပန်းနေပြီဖြစ်တဲ့ စကာင်္ပူက တို့ရဲ့ အဒေါ်၊ လုပ်ချင်တာကို လုပ်ခွင့်မရသေးတဲ့ ဒေါ်လေးတို့အတွက်ပဲ ကြိုးစားပြီး စွန့်စားချင်မိတာပါ။

Angel Shaper ရဲ့ ပင်ကိုယ်စိတ်ကိုက အရမ်းကြီး ချမ်းသာကြွယ်ဝ ချင်တဲ့ ဆန္ဒလဲ မရှိလှပါဘူး။ လှချင်ပချင်တာ၊ ဝတ်ချင်စားချင်တာ၊ ဟိုဟာလိုချင် ဒီဟာလိုချင်တာ သိပ်မရှိသလောက်ပါပဲ။ အလှအပအတွက် အချိန်ကုန်၊ ငွေ အကုန်ခံပြီး ဘာမှ ထူးခြားလာမှာမဟုတ်တဲ့ ကိုယ့်ရဲ့ ပင်ကိုယ်ရူပကာအစွမ်းကို သိထားလို့ စိတ်မဝင်စားမိတာလဲ ဖြစ်ချင် ဖြစ်မှာပေါ့လေ။ ဘယ်လောက်တောင်လဲဆို တစ်ချို့  အလှပြင်ဘူးတွေ၊ ပစ္စည်းတွေကို ဖွင့်တောင် မဖွင့် တတ်ပါဘူး။ ဟဟားးး အဲလောက်ကို မိန်းမဆန်ပါတယ်။ Angel Shaper ဟာ သီချင်းလေးတွေရယ်၊ ဂစ်တာ တစ်လက်ရယ် ရှိပြီး၊ ရေခဲမုန့်  ပုံမှန်စားနေရရင် ကျေနပ်နေသူ။ ရော့ခ်သီချင်းကောင်းလေးတွေနဲ့ ကော်ဖီ ကောင်းကောင်း တစ်ခွက် ရှိနေရင် ပြည့်စုံတယ် ထင်တတ်သူပါ။

ခုချိန်မှာ မိသားစုကို လိုချင်တဲ့ ပုံစံရောက်အောင် ပြန်မလုပ်ကျွေးနိုင်သေးတာကိုတော့ ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်ရပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ ကြိုးစားရဦးမယ် ဆိုတာကိုတော့ နှလုံးသွင်းပြီး အားမွေးထားပါတယ်။ ဒီအလုပ်က ကိုယ့်အတွက် ပထမဦးဆုံး အလုပ်အတွေ့အကြုံဆိုတော့လဲ အင်မတန် ညစ်စရာတွေ များပါတယ်။ ဒီလို မိသားစု အတွက်ပဲ စွန့်စားချင်တဲ့ အတွက် ဘယ်လို အခက်ခဲ ပဲရှိနေပါစေ၊ သူတို့ အားလုံး အတွက် လုပ်နေရ တာပဲ ဆိုတာတွေးကြည့်မိရင် ပိုပြီးသည်းခံလာနိုင်သလို၊ အကုန်လုံးနီးပါး အဆင်ပြေလာပါတယ်။ ကြိုးစားချင် စိတ်လည်း ပိုရှိလာပါတယ်။ ချစ်စရာကောင်းတဲ့ မောင်အငယ်ဆုံး သားငယ်လေးက ဘယ်လိုစာရေးပြီး အားပေးသလဲဆိုရင် "မမရေ... အဆင်ပြေလား၊ ကျွန်တော်တို့ ညတိုင်း ဆုတောင်းပေးတယ်နော်။ ဘာမှအားငယ် နဲ့ သိလား။ ဘယ်သူ့ကိုမှလဲ မကြောက်နဲ့နော်။ အိမ်မှာလိုပဲ ခပ်စွာစွာနေ သိလား" တဲ့။ Angel Shaper မျက်ရည်တောင် ဝဲခဲ့ရတဲ့ အားဆေး တစ်ခွက်ပေါ့။

ဟိုးလွန်ခဲ့တဲ့ ၃၊ ၄ လောက်က တို့ ဆိုင်ကို ကုမ္ပဏီရဲ့ ဘော့စ်ဆိုသူ လာပါတယ်။ ဖြစ်ချင်တော့ မန်နေဂျာရဲ့ နားရက်ပါ။ တစ်နေ့ကပဲ ဒီနွေရာသီမှာ မရောင်းရတဲ့ အနွေးထည်တွေကို အပြင်မထုတ်ပဲ Stock Room ထဲမှာပဲ ထည့်ထားမိကြတာပေါ့။ သူအင်မတန်ဒေါသထွက်ပါတယ်။ ရှိသမျှ လူအကုန်ခေါ်ပြီး ဆူပါတယ်။ ဘာလို့ ဒီဂျာကင် အားလုံး ဒီထဲရောက်နေတာလဲလို့ တို့ကို မေးတယ်။ "ဒါတွေကို သမီးတို့ မန်နေဂျာက အထဲ ခနထားမယ် ဆိုလို့ ထားတာပါ" လို့ ဖြေခဲ့ပါတယ်။ သူက "ဒါဆို ပြတင်းပေါက်ကနေ ခုန်ချလို့ ငါခိုင်းရင် ခုန်ချမလား" တဲ့။ တော်တော် အဓိပ္ပာယ်မရှိတဲ့ စကားပါ။ "မခုန်ပါဘူး။ ဘာလို့ ခုန်ချရမှာလဲ။ အဓိပ္ပာယ်မရှိတာ" ဆိုတော့။ သူက "ဘာလို့ လဲ" တဲ့။ "ရော် သေမှာပေါ့ဗျ" လို့  ပြန်ဖြေခဲ့တယ်လေ။ သူက "ကဲ အဲလိုနင်တို့် ကို နာကျင်မယ် ဆိုတာသိတတ်ရင်၊ နင်တို့ခုလို ပေါ့ရော့တာ ငါ့စီးပွားရေးကို ထိခိုက်စေတယ်။ င့ါကို နာကျင်စေတယ်ဆိုတာ နားမလည်ဘူးလား" တဲ့။ "အယ်... ဒါကတော့ မန်နေဂျာက အဆင်ပြေအောင် လုပ်တာလေ။ ထားစရာနေရာလဲ မရသေးလို့ပါ" လို့ ပြန်ပြောတော့။ "ဒါဆို နင်တို့မန်နေဂျာထက် ငါ ပိုပြီး အာဏာရှိတယ်ဆိုတာ မြင်ချင်တာလားတဲ့ (အရေးထဲ အာဏာရူးနဲ့ လာတွေ့နေတယ်။ တို့ကြားဖူးတဲ့ နိုင်ငံ တစ်နိုင်ငံက အုပ်ချုပ်သူလို စိတ်မျိုး ဝင်နေသေးတယ်။ အာဏာလိုချင်တာ၊ ပြချင်တာ ကိုပြောတာပါ)။ လုပ်ပြမယ်တဲ့။ Dim မင်းကို နောက်တပတ် အိမ်ပြန်ပို့မယ်" တဲ့။ မဆီမဆိုင်လေ.... ပျော်ပျော်ကြီးပေါ့။ ကြားချင်တာကြာပေါ့ ထိုစကား။ တို့အပြုံးမပျက် "ဟုတ်ကဲ့။ အိုကေ။ ပို့ပါ။ ပြန်မယ်" လို့  အဖြေပြန်ပေးလိုက်ပါတယ်။ ဒီလိုကိစ္စလေးနဲ့ အိမ်ပြန်ပို့ မှာလား၊ ပို့ စမ်းပါလားဗျာ။ ပျော်လွန်းလို့ ကပြီးတောင် ပြန်မယ့်သူပါ။

သူက ပြောပါသေးတယ်လေ... "နင်တို့ မြန်မာနိုင်ငံမှာ ငွေဈေး ဘယ်လောက် ရှိတယ်။ အလုပ်လုပ်ရတာ ဘယ်လောက်ခက်ခဲတယ် ဆိုတာ ငါသိတယ်။ ဘယ်လိုအခြေအနေရှိတယ်" ဘာညာနဲ့ တို့နိုင်ငံကိုများ ရာရာနဲ့ စစ သူက အထင်သေးတဲ့စကား၊ စော်ကားချင်တဲ့ စကားတွေ လာပြောနေပါသေးတယ်။ ကိုယ့်အမိမြေထိရင် မခံတဲ့ Angel Shaper ပါ... ပြန်ပြောပါတယ်။ "ဟုတ်ပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် အမှန်အတိုင်း ပြောရမယ် ဆိုရင် သမီး ဒီကိုမလာခင် အလုပ်မလုပ်ဖူးသလို အလုပ်မရှိပါဘူး။ သင်တန်းတွေ၊ ကျောင်းတွေပဲ တက်ရပါတယ်။ အဲဒီအချိန် သမီးတို့အိမ်မှာ ထမင်းကို ပုံမှန်စားနိုင်သလို လူလိုသူလိုဝတ်ရပါတယ်။ ခု သမီး ဒီမှာ အလုပ်လာလုပ် တယ်။ ကျန်ခဲ့တဲ့ မိသားစုတွေ ချမ်းသာမသွားပါဘူး။" လို့ ပြန်ဖြေလိုက်ပါတယ်။ အိမ်ပြန်ရင်တောင် ကိုယ့်နိုင်ငံမှာ ငတ်သေမသွားဘူး ဆိုတာ ပြတာပါ။

သူက အံ့သြပါတယ်။ "Dim, I'm not Making you Fun, I'M Telling You Seriously" တဲ့။ "ဟုတ်ကဲ့ပါ၊ ဟုတ်ပါပြီ၊ အိုကေပါတယ်။" ဆိုပြီး ပြုံးပြုံးလေးပါပဲ။ အတူတူ အဆူခံရတဲ့ ဖားမကတော့ ငိုပြပါတယ်။ မပို့ပါနဲ့ပေါ့။ Angel Shaper ကတော့ မပြောပါဘူး။ ကိုယ့်ကိုယ်ကို မှားတယ်လို့ မှ မထင်တာ။ မန်နေဂျာအနေနဲ့လည်း အဓိပ္ပာယ်မရှိပဲ၊ ဒီလိုမလုပ်ဘူး ဆိုတာ ယုံကြည်ထားတယ်။ အကြောင်းရှိလို့ အထဲ ခနပို့ တာပဲလေ။ ဒီလိုနဲ့ ပဲ ဘောစ့်ဆိုသူက "နောက်တစ်ခါ မင်းတို့ မန်နေဂျာ လုပ်ခိုင်းတိုင်း လိုက်မလုပ်ပါနဲ့ အဓိပ္ပာယ်မရှိဘူး ထင်ရင် မေးပါ။" လို့ ပဲ နောက်ဆုံး လေပြေပြန်ထိုးသွားပါတယ်။

Angel Shaper ပြောချင်တာက ကိုယ့်နိုင်ငံမှာ ခက်ခဲနေပေမယ့် တစ်ခုခု ရှာကြံလုပ်ပြီး နေထိုင်စားသောက်လို့ ရပါသေးတယ်။ ဒီလို သူများနိုင်ငံမှာ အလုပ်လာလုပ်တာဟာလည်း အနဲဆုံး ပိုက်ဆံ ပိုရမယ်၊ ပိုစုမိမယ် ထင်လို့  လာခဲ့ကြတာမလား။ ကျွန်လာခံတာမှမဟုတ်တာ။ အလုပ်လာလုပ်တာပါ။ ဒီလို ကောင်းကောင်းမွန်မွန် အလုပ် လာလုပ်တာကို လူသားချင်းချင်း လာနှိမ်ချင်တယ် ဆိုရင်တော့ Angel Shaper လက်မခံတတ်ပါဘူး။ ကိုယ် ကောင်းတယ်ထင်ရင်လဲ ငြိမ်ခံမနေပါဘူး။ ဘယ်သူ့ကိုမှ ဂရုမစိုက်တာပါ။

Angel Shaper ဒီပိုစ့်ရေးတာ အင်မတန် ခံပြင်းလွန်းလို့ရယ်။ နောက်မှရောက်လာတဲ့ မောင်ငယ်၊ ညီမငယ်တွေ ဂျူနီယာလေးတွေကိုအဓိက ပြောချင်တာပါ။ သူများ ဘာပြောပြော ငြိမ်ခံပြီး အလျော့မပေးစေချင်တာပါ။ ရိုးရိုးသားသားနဲ့ အလုပ်ကို ကြိုးစားပါ၊ အမှားနည်းအောင်လည်း ကြိုးစားလုပ်ပါ။ အထက်လူကြီးပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ် သူများ လေးစားအောင်ကြိုးစားပြီး ကျင့်ကြံနေထိုင်ပါ။ အပြောမခံရအောင်လည်း နေပါ။ လာပြောရင်လဲ မခံပါနဲ့။ အထိခိုက်မခံပါနဲ့ ။ အနှိမ်မခံပါနဲ့။ အလုပ်လုပ်တာ သခင်လိုပဲလုပ်ပါ။ ကျွန်လို မလုပ်ပါနဲ့။ ကိုယ်လည်းလူ၊ သူလည်းလူပါ။ လူဟာလူပဲ ဘာမှမကွာပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်း တောင် ပညာပြ၊ အနိုင်ကျင့်တတ်တဲ့ သူတွေ ကြားရ၊ တွေ့ရပါတယ်။ Angel Shaper ကတော့ လုံးဝကို အနိုင်ကျင့် မခံသလို၊ ကိုယ်လဲ ပြန်မလုပ်တတ်ပါဘူး။ ဘယ်နိုင်ငံခြားသားမှ ဇွတ်မှိတ် အထင်မကြီးသင့်သလို၊ ခေါင်းငုံ့ခံပေးစရာလည်း မလိုဘူးလို့ မြင်ပါတယ်။ လူလူချင်းဟာ လူစိတ်မွေးပြီး Respect ပေးသင့်တယ် လို့ ပဲ ထင်ပါတယ်။ ဒီလောက်ပဲလေ။ ဘာကိုမှ မကြောက်ပဲ၊ စိတ်ဓာတ်ကြံ့ခိုင်ကြစေချင်ပါတယ်။ Angel Shaper တော့ တော်တော် ဆရာလုပ်တာပဲလို့ မမြင်စေချင်ပါဘူး။ ရင်ဘတ်ထဲက စေတနာမေတ္တာနဲ့ ခံပြင်းစိတ်လေးတွေကို နားလည်ပေးကြပါကုန်...........
အားလုံး အဆင်ပြေလို့ အောင်မြင်ပျော်ရွှင်ကြပါစေနော်။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
29.8.09 ( Sat; )
3:45 Am

အားလုံးသော မောင်နှမများကို နွေးထွေးစွာ ကြိုဆိုပါတယ်။

ဒီကနေ့  အိမ်သစ်တက်ပွဲလေး ဖြစ်မြောက်လာဖို့  အင်မတန်ကြိုးစားခဲ့ရတာပါ။
လွန်ခဲ့တဲ့ တပတ်လောက်ကပေါ့ အလုပ်ကအပြန် လူကလဲ ပင်ပန်းပြီး ဖျားနေသလို ဖြစ်တာနဲ့ပဲ ဆေးသောက်ပြီး မအိပ်ခင် ကွန်ပျူတာဖွင့် ဘလော့လေးဝင်ကြည့်လိုက်တော့ နာဂစ်ထက်ဆိုးတဲ့ မုန်တိုင်ကြီးဖြစ်နေပါတယ်။ Upgrade to pro today! ဆိုတဲ့စာလေး တစ်အိမ်လုံးမှာ ပျံနှံ့ နေပါတယ်။ ဘာကြီးမှန်းလည်းမသိတာနဲ့ ခေါင်းကြီး သွားတယ်လေ။ ဘာမှမလုပ်တတ်လောက်အောင် တော်တဲ့သူဆိုတော့ ဂျီတော့လေးဖွင့်ပြီး တွေ့တဲ့ သူကို အကူအညီတောင်းဖို့ လုပ်ရပါတယ်။

သိတဲ့အတိုင်းပါပဲ..... အားလုံးလိုလိုက ဂျီပုန်းလုပ်ပြီး ပွေလီနေတာလား၊ အိပ်နေကြပြီလား မသိပါဘူး။ တစ်ယောက်မှ မတွေ့။ ကံကောင်းထောက်မစွာ စံပီးဆိုတဲ့ မောင်ငယ်ဘလော့ဂါလေးနဲ့ တွေ့ ပါတယ်။ သေချာ ဝင်မွှေထားပေးဖို့ အကူအညီတောင်းပြီး ဆေးရှိန်နဲ့ အရမ်းအိပ်ချင်နေလို့ အိပ်ယာဝင်ခဲ့တယ်။ မနက်နိုးလာတော့ ဘလော့လေးပဲ အရင်ဆုံးဝင်ကြည့်ဖြစ်ပါတယ်။ ပညာရှင်လေးက ပြီးအောင်လဲ လုပ်မထားဘူးလေ။ အိမ်လေးက သပ်ရပ်နေပေမယ့် Angel Shaper သိပ်ချစ်တဲ့ မောင်နှမတွေ ပေးခဲ့တဲ့ ကော်မန့်လေးတွေနဲ့ လင်ခ့်လေးတွေ မတွေ့ရတော့ ပြာယာခတ်သွားပါတယ်။ အဲဒီနေ့ တစ်နေကုန် ဘာမှ မလုပ်နိုင်ပါဘူး။ ရင်ထဲမှာ ဝမ်းနည်းပြီး ငိုတောင်ငိုမိ မတတ်ပါပဲ။ အဲလို ဘာဆက်လုပ်ရမယ်မှန်းလဲ မသိလောက်အောင် တော်တာပါ။ ဟီးးး

မောင်မင်းကြီးသားကလဲ အွန်လိုင်း နှစ်ရက် ဆက်တိုက် တက်မလာပါဘူး။ ငါတော့ ပညာပြခံလိုက်ရတယ် ဆိုပြီး တငိုငိုနဲ့ အွန်လိုင်းမှာတွေ့သမျှ အကို၊အမတွေ သူငယ်ချင်းတွေအားလုံးကို တိုင်တန်းပါတယ်။ သမီးကို တတ်နိုင် သလောက် ဖျောင်းဖျနှစ်သိမ့်ကြပေးပါတယ်။ ကျေးဇူး သိပ်တင်ပါတယ်လေ။ သမီးအကို ကိုနိုင်ကြီး၊ အကျီ င်္ အဖြူလေးနဲ့ ချစ်မမထင်းထင်းမေလေး၊ သူငယ်ချင်း ရေတမာ၊ ဘုမသိဘမသိ လိုက်ချော့ပေးနေရတဲ့ သူငယ်ချင်း စုလတ်။ သူတို့လေးတွေက အကြံအဥာဏ်ပေး၊ နှစ်သိမ့်အားပေးခဲ့ကြတာ အဲဒီအချိန် Angel Shaper ခံစားနေရ တာတွေအတွက် အားဆေးလေးတွေ ဖြစ်ခဲ့ရတာ အမှန်ပါ။ နောက်ရက် ဟိုတစ်ယောက် အွန်လိုင်းတက် မတက် စောင့်နေပါသေးတယ်။ နေ့လည် အလုပ်သွားခါနီးမှ ရောက်လာတော့ ငိုပြ၊ ချွဲပြပြီး သူ့ကို ဆူလိုက်ပါသေးတယ်။
(အဟီး ချစ်စရာလေးနော်အကူအညီလဲတောင်းသေးတယ်။ ဟဟားး) သူက ရှင်းပြ၊ ပြောပြပါတယ်။ အမအတွက် လုပ်ပေး နေတာပါတဲ့။ သူကလဲ တတ်နိုင်သလောက် လုပ်ပေးနေပါတယ်တဲ့ ။ အဲလိုဆိုတော့လည်း အိုကေပေါ့။

ဒီလိုနဲ့နောက်ရက် အွန်လိုင်းမှာ ဘလော့လေးစဖွင့်ပေးခဲ့တဲ့ (မိန်းမကြောက် အဲ ချစ်တဲ့) သူငယ်ချင်းဟိန်းနီ ထူးဆန်းစွာ အွန်လိုင်းမှာပေါ်လာပါတယ်။ ဘယ်ရမလဲ အိမ်သစ်လေးကြွားပြီး လိုအပ်တာတွေ ထပ်လုပ်ပေးဖို့ ဝကွက်အပ်လိုက်ပါတယ်။ ဟဟားးး (မျက်နှာမြင်ခိုင်းချင်ပါစေ ဆိုတဲ့ ဆုများ ပြည့်ခဲ့လေရော့သလား ဟိန်းနီရေ)
သူတို့ ရဲ့ စေတနာနဲ့ အလှဆင် ပြင်ဆင်ပေးမှုကြောင့် ဖြူစင်ကြယ်လေးဟာ ခုတော့ ကြည့်ပျော်ရှုပျော်လေး ဖြစ်နေပါတယ်။ သူတို့ကို ကျေးဇူးတင်တယ်ဆိုတဲ့စကားထက် ပိုလေးနက်တဲ့ စကားလေးတွေ ရှိရင်ထပ်ပြောချင် ပါသေးတယ်။ ဒီလိုနဲ့ သူငယ်ချင်းတွေရဲ့ ချစ်စရာကောင်းတဲ့ စေတနာလေးတွေကြောင့် အိမ်သစ်လေးနဲ့ပေါ့။
(အဟဲ..... ငကြွား)

အိမ်သစ်တက်ပွဲလေးကို အစားသောက်လေးနဲ့ပါ လုပ်ချင်လာတာနဲ့ နေကောင်းခါစ မမမေမေဂျာမုန်းကို ပူဆာ လိုက်ပါတယ်။ သူကလဲ လှိုက်လှိုက်လှဲလှဲ ပဲ ချက်ပြုတ်ပြီး ချက်ချင်းပို့ ပေးလိုက်ပါတယ်။ ပညာရှင်လေးတွေရဲ့ နှောင့်နှေးမှုတွေကြောင့် (အဲလို အပြစ်တင်မိတာ ကိုယ်ပျင်းမှန်းမသိစေချင်တာ ဖြစ်မယ် ဟိဟိ) မမမေမေ လုပ်ပေးလိုက်တဲ့ အစားအသောက်လေးတွေ ချက်ချင်းချမကျွေးနိုင်တာ တောင်းပန်ပါတယ်နော်။ ဒါပေမဲ့ မပူ ကြပါနဲ့ ၊ မပူကြပါနဲ့နော်... ရေခဲသေတ္တာထဲ သိမ်းထားပါတယ်။ မပုပ်မသိုးပါဘူး။ ဟိဟိ လတ်ဆတ်မွှေးကြိုင်ပြီး စားချင်စဖွယ်ပါပဲနော်။ မြူးလေး ဆိုတဲ့ကောင်မလေးကတော့ ခရီးပန်းလို့  ဘာမှ ချက်မပေးနိုင်ရှာတော့ ချစ်တဲ့ ရေခဲမုန့် တွေနဲ့ မမမေမေချက်ပေးထားတဲ့ အစားအသောက်လေးတွေနဲ့ပဲ ချစ်တဲ့မောင်နှမတွေကို ဧည့်ခံလိုက်ရ ပါတယ်။

သူငယ်ချင်း ရေတမာကလည်း သူကိုယ်တိုင်ကြော်ထားတဲ့ အကြော်တွေဆိုပြီး ဗန်းလိုက် ယူလာပါတယ်။ ပျော်စရာကြီးပါ။ ဒါပေမယ့် အချဉ်ရည်လေးတွေတော့ အဲကောင် နမော်နမဲ့ လုပ်လိုက်လို့ မှောက်ကုန်သတဲ့။ ခေါင်းတစ်ချက် ခေါက်လိုက်ရပါတယ်။ တိန်။ ဟိဟိ အရသာရှိလေစွ။။။။။။။။။။။။။။။။ ဗိုက်ဝအောင်စားသွားကြပါ။ ကျွတ်ကျွတ်အိတ် ထုတ်လာတဲ့ ချစ်ကို ကိုသားကြီးကတော့ အဝစားပြီး ကျန်တာ ထုတ်သွားပေါ့။ (ဟိဟိ ကျန်တာပဲနော်)။ အဆိုအတီးကိုကျတော့ ကိုယ်တိုင် ဟော်လိုလေးနဲ့ ဆိုပြီး ခြင်ထောင်ချသွင်းကြည့်မလို့ပါပဲ။ ဒီမောင်နှမတွေ သေခန်းရှင်ခန်းပြတ် ဖြစ်သွားမှာ စိုးလို့  လက်လျော့ လိုက်ရပါတယ်။ Angel Shaper မှ အားလုံးကို သံယောဇဉ် မပြတ်နိုင်တာ။ ဟဲဟဲ ဒါကြောင့် ဘလော့လေးနဲ့ လိုက်မယ့် ကိုနွေဆူးပို့ပေးထားသော အကြည်တော်ရဲ့ ဖြူစင်ခြင်းဆိုတဲ့ သီချင်းလေးနဲ့ အားလုံးကို ဧည့်ခံလိုက်ရပါတယ်။ Angel Shaper ကိုယ်တိုင် ဆိုပြီး သွင်းမဲ့ သီချင်းလေးကတော့ ကိုနွေဆူးရေးထားတဲ့ ချိုးငှက်လေး ဆိုတဲ့ သီချင်းပါ။ ကိုသားကြီးကလည်း ရေးပေးနေပါတယ်တဲ့။ မပို့သေးလို့  မရသေးပါဘူး။ ဒါတွေက အဆိုတော် ဖြစ်ချင်တဲ့ Angel Shaper ရဲ့ ရူးသွပ်မှု တစ်ခုသာဖြစ်ပါတယ်လေ။ အခွင့်ရရင်တော့ သတ္တိရှိတဲ့သူ နားထောင်လို့ရအောင် ကြိုးစားပြီး တင်ချင်ပါတယ်။ ဟဲဟဲ....................

ကမ္ဘာကျော်အဆိုတော်ကြီး ဖြစ်လာတဲ့ တစ်နေ့  Show တွေ Concert တွေ အတွက် VIP တန်း လက်မှတ်လေး တွေကိုလည်း ကြိုတင်ပြီး ဘွတ်ကင် လုပ်ထားချင်ရင်ရပါတယ်နော်။ Angel Shaper ရဲ့ ဘလော့ဂါမောင်နှမများ ကတော့ ဦးစားပေး VVIP တန်းကိုပေးမှာပါ။ ဟဲဟဲ။။။။ ကဲကဲကဲ......... ကြွရောက်လာတဲ့ မောင်နှမများအားလုံး အကြည်တော်ရဲ့ ဖြူစင်ခြင်းကို နားထောင်ရင်း မုန့်လေးတွေ အားရပါးရ စားပြီး ပျော်ကြတာပေါ့နော့်။
စားသောက်ခြင်းအစီအစဉ် စတင်လိုက်ပါပြီ။ ဖြောင်းးးးးးးး ဖြောင်းးးးးးးးးးးး ဖြောင်းးးးးးးးး
ကိုသားကြီး လက်ခုတ်သံ အကျယ်ဆုံးးး ဟဟဟဟားးးးးးး

ဒါတွေကတော့ မမမေမေရဲ့ လက်ရာလေးတွေပါ။
မမမေမေ ကိုယ်တိုင်ရှယ်ချက်ပေးထားတဲ့ အုန်းနို့ခေါက်ဆွဲလေးပေါ့။
အိုးလိုက်ကို ချပေးတာနော်။ အစားကြီးတဲ့ သူ ကြိုက်သလောက်သာ တွယ်ကြမယ်ဗျိုးးးးးးးး








ဒါကတော့ ကြက်သဲကြော်တဲ့နော်..........



ဒါကတော့ ဆူရှီပါကွယ်။။။။။




ဒါကတော့ ငှက်ပျောသီးဆနွင်းမကင်းတဲ့။ အချိုပွဲ အတွက်ပေါ့။



ဒါကတော့ သူငယ်ချင်းလေး ရေတမာရဲ့ အကြော်စုံပါ။
လုစားကြမယ်လေနော်။ ခစ်ခစ်



ခုတော့ သမီးရဲ့ ကိုယ်ပိုင် မုန့် လေးတွေ ချကျွေးမယ်လေ။
ဘီစကွတ်နဲ့ ချောကလက်အရင်စားကြမယ်။



ခုရေခဲမုန့် အလှည့် ဟီးးဟီးးးး ပလွတ်။။။





သမီးရဲ့ မောင်နှမများအားလုံးကို သတိရနေပါသည်။
အားလုံး ကျန်းခန့်သာလို့ မာနေကြမယ်လို့ ယုံကြည်ယူဆကာ ဆန္ဒလေးလည်းပြုလိုက်ပါသည်။
သမီးလည်း သာလို့ မာလို့ ပါပဲ။ ဟီးးးဟီးးး
အိမ်လည်မထွက်နိုင် အသစ်မတင်နိုင် ခြင်းကို နားလည်ပေးစေချင်သည်။
အိမ်သစ်လေး ဆောက်နေ၍ ဘာမှ မလုပ်နိုင်၊ ဘယ်မှ မသွားနိုင်သေးပါ။
အိမ်သစ်လေး ပြီးမှ မောင်နှမများ နဲ့ ပျော်ပျော်ရွှင်ရွှင် အိမ်သစ်တက်ပွဲ လုပ်နိုင်ရန် အားခဲထားသည်။
အခုတော့ ဖေ့စ်ဘွတ်မှာ လယ်စိုက်ပြီး ပိုက်ဆံစုနေသည်။ ဟိဟိ
အစားအသောက်၊ အဆိုအတီး ပါနိုင်အောင်လဲ ကြိုးစားနေသည်။
အစားသောက်အတွက် သမီးရဲ့ မမမေမေ နဲ့ ညီမလေးမြူးကို အပူကပ်ထားသည်။
မမမေမေကတော့ ချက်ပေးပြီးပြီ။ စားချင်စဖွယ်လေးတွေမို့ လို့  အရင်ကစ်ရမလား စဉ်းစားနေသည်။
ဟိဟိ (ကိုသားကြီး ဒေါပွဦးမယ်)
ဟိုကောင်မလေး ကတော့ ခုထိ သတင်းလာမပို့ သေးပါ။
အားလုံးကို သတိရတယ်။ လွမ်းတယ်။ လင်ခ့်တွေလဲ မနည်းပြန်စုနေရတယ်။
လာချောင်းကြတာ ကျေးဇူးတင်တယ်။ ဟိဟိ
အားလုံးနဲ့ ပျော်ရွှင်ဖို့ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီး နိုင်အောင် ကြိုးပမ်းနေသည်။
ဒါပဲ။။။ ဒါပဲနော်
အားလုံးးးးးးးးးးးးးးးးးးးးးး အာဘွားးးးးးးးးး

ချစ်ခင်စွာဖြင့်
Angel Shaper
24. 8. 09 ( Mon; )
12: 50 Pm