ကိုယ့်ဘဝမှာ မျက်ရည်ရဲ့ တန်ဖိုးဆိုပြီး ခံစားနားလည်ခွင့်ရခဲ့တဲ့ အမှတ်တရတွေ အများကြီးထဲက တစ်ချို့ကို ဖွင့်ပြောပြချင်နေမိတယ်။

ဟိုးးးးးးးးးတုန်းက ကိုယ့်ကို အရမ်းချစ်မြတ်နိုးခဲ့တဲ့ ကိုယ့်ရဲ့ချစ်ဦးသူဟာ "သူ့အချစ်ကို ကိုယ်က မယုံကြည်လို့" ဆိုပြီး ကြေကွဲဝမ်းနည်းစွာ ကိုယ့်ကြောင့် မျက်ရည်ကျခဲ့ဖူးတယ်။ အဲ့ဒီအချိန်ကစပြီး အချစ်ကို ယုံကြည်စွာ တန်ဖိုးထားတတ်ဖို့ ကိုယ့်နှလုံးသားထဲမှာ အဲ့ဒီအစွဲက ထင်ကျန်နေခဲ့တယ်။

ကိုယ့်ရဲ့ကျေးဇူးရှင် ချစ်ဖခင်ကြီးကလည်း ကိုယ့်ကြောင့် မျက်ရည်ကျခဲ့ဖူးတယ်။ ကိုယ့်မိသားစုနဲ့ အဝေးကြီးကို ပထမဆုံး ကိုယ်ခွဲသွားရတဲ့အချိန်တုန်းကပေါ့။ ကိုယ်အိမ်ပြန်ရောက်တဲ့မနက်ခင်းလေးမှာပဲ ကိုယ့်ဖေဖေက "သူချစ်သော သမီးကြီးနဲ့ အကြာကြီး ခွဲသွားရပေမယ့် အခုလို ကျန်းမာရွှင်လန်းစွာ ပြန်ဆုံခွင့်ပေးတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို မျက်ရည်တွေကျပြီး ချီးမွမ်းဆုတောင်းခဲ့တယ်။" ဘဝ၊ ဘဝတွေအတွက် ကိုယ်ချစ်တဲ့ မိသားစုနဲ့ ပြန်ပြီး ခွဲခွာနေနေရတဲ့ အခုလို အချိန်မျိုးမှာတော့ ဖေဖေ့မှာ ခံနိုင်ရည်တွေ ရှိနေလောက်ပါပြီလေ။ ဘဝရဲ့ တိုက်ပွဲတွေကြား လဲကျ ရှုံးနှိမ့်တဲ့အခါတွေမှာ၊ ဝမ်းနည်းအားငယ်လာတဲ့ အချိန်မျိုးတွေမှာ ကိုယ့်အတွက် မျက်ရည်တွေကျပြီး ဆုတောင်းပေးနေတဲ့ ကိုယ့်ကို ချစ်သော မိဘ၊ မောင်နှမ နဲ့ ကိုယ့်မိသားစုတွေရဲ့ မေတ္တာတရားတွေကို မြင်ယောင်ရင်း ကိုယ်အားသစ်တွေ ပြန်မွေးယူခဲ့ရတယ်။ အနေဝေးသည့်တိုင် အတူရှိစဉ်တုန်းကထက် မိဘစကားကို မမေ့မလျော့ ရိုသေစွာ နားထောင်လိုက်လျှောက် ဖြစ်ခဲ့တယ်လေ။

ကိုယ်အရမ်းချစ်ရတဲ့ ကိုယ့်ချစ်သူလည်း သူနဲ့အဝေးကြီးကို ထွက်လာရမဲ့အချိန်မှာ ဖြေမဆည်နိုင် ဝမ်းနည်း မျက်ရည်ကျခဲ့တယ်။ ချစ်သူရဲ့မျက်ရည်တွေအတွက် ကိုယ် ဘာမှပြင်ဆင်မထားခဲ့မိဘူး။ အဲ့ဒီအချိန်တုန်းက နှုတ်ဆက်ခွဲခွာဖို့အတွက် ခံစားရတဲ့ နာကျင်မှုက ကိုယ်ကိုယ်တိုင်တောင် မခံမရပ်နိုင်ခဲ့ဘူး။ ကိုယ့်အတွက်နဲ့ ချစ်သူကျခဲ့ဖူးတဲ့ မျက်ရည်တွေအတွက် "ဘာပဲဖြစ်ဖြစ် သူ့ကို နားလည်ခွင့်လွှတ်ပေးဖို့၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့အချစ်ကို လေးစားတန်ဖိုးထားပြီး သစ္စာရှိရှိ ချစ်နေဖို့" ဆိုတဲ့အရာတွေ အခုချိန်ထိပါပဲ ကိုယ့်နှလုံးသားမှာ သံမှိုစွဲနေခဲ့တယ်။

ကိုယ့်ကိုချစ်သောသူတွေရဲ့ မျက်ရည်စက်တွေဟာ ကိုယ့်အသိဥာဏ်တွေ မှတ်ဥာဏ်အဖြစ် ပြောင်းလဲသွားတဲ့ အချိန်ထိ ကိုယ့်ဘဝမှာ အများကြီး ကူညီပြောင်းလဲ အကျိုးသက်ရောက်နေမှန်း တအံ့တသြ နားလည်ခံစားခဲ့ရတယ်။

ဒီလိုပါပဲ... မနေ့ညက Facebook မှာ Blog တွေမှာ မြင်ရ၊ ဖတ်ရတဲ့ ဧရာဝတီကိုချစ်သော ဧရာဝတီရဲ့ ချစ်သူတွေရဲ့ ကျမျက်ရည်တွေ၊ ရင်ဘတ်ထဲက စကားလုံးတွေ၊ တောင်းဆုလေးတွေကို တနင့်တပိုးကြီး ဖတ်လိုက်ရတဲ့အချိန်မှာ ဒီအတွေးလေးတွေနဲ့အတူ ဧရာဝတီအတွက် စကားလေးတွေ ပြောပြချင်မိတဲ့ စိတ်ကလေး ဖြစ်လာခဲ့ရတယ်။ ဗီဒီယိုဖိုင်တွေထဲက ဧရာဝတီမြစ်ရေစီးသံတွေဟာ "ကိုယ့်အလိုဆန္ဒမပါပဲ ကိုယ့်ကို နိုင်ထက်စီးနင်း မလုပ်ကြပါနဲ့"၊ "ဧရာဝတီကိုချစ်သော ဧရာဝတီရဲ့ချစ်သူများ ကူညီကယ်တင်ကြပါ" လို့များ ငိုယိုတောင်းပန်နေသယောင် ရင်ဘတ်ထဲထိ ရိုက်ခိုက်လို့လာခဲ့တယ်။

ကိုယ့်အနေနဲ့ ဘာမှမစွမ်းဆောင်နိုင်ပါဘူး။ ဘာမှလုပ်မပေးနိုင်သလို ကိုယ်တိုင်လည်းမကယ်တင်နိုင်ပါဘူး ဧရာဝတီ။ မင်းဟာ ကိုယ်တို့ တိုင်းပြည်ကို ကျက်သရေတိုးစေတဲ့အပြင်၊ ရှားပါးတဲ့သဘာဝ သယံဇာတတွေနဲ့ သတ္တဝါ အားလုံးကို အကျိုးပြုတဲ့ ကိုယ်တို့အားလုံးရဲ့ အဖိုးထိုက်တဲ့ ရတနာမြစ်တစ်စင်းပါ။
"မငိုပါနဲ့ ဧရာဝတီ"
မင်းဘက်မှာ ရပ်တည်နေတဲ့ မင်းရဲ့ချစ်သူတွေရှိနေတယ်။
မင်းအတွက်ကျတဲ့ မျက်ရည်တွေ၊ မင်းအတွက် ပြုတဲ့ တောင်းဆုတွေဟာ
မင်းကို မင်းရဲ့ရန်သူတွေ လက်ထဲ လည်စင်းခံ ပြိုကျမသွားဖို့၊
မင်းဘဝ ရှင်သန် အဓွန့်ရှည်ဖို့ စွမ်းဆောင်ပေးနိုင်မယ်ဆိုတာ ကိုယ်ယုံကြည်တယ်။ မင်းလည်း ယုံကြည်နေလိုက်ပါ။ ကိုယ်တို့အားလုံးအတွက် မင်းထာဝရ စီးဆင်းပေးပါ။
ဧရာဝတီမြစ်ကြီး ရာဇဝင်သံသရာတိုင် ရှင်သန်စီးဆင်းနိုင်ပါစေသား။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
24.9.2011 (Sat;)
11:45PM

မနေ့ညက ထူးဆန်းတဲ့ ပိတ်ကားတစ်ခုမှာ အမှတ်မထင် မြင်တွေ့လိုက်ရတဲ့ ပုံရိပ်တစ်ချို့ ပေါ့။
မိသားစုလက်စုံထမင်းဝိုင်းမှာ ငါ.......မပါဘူး။
ညနေခင်း မိသားစုတွေ စနောက်ရင်း တီဗွီထိုင်ကြည့်ချိန်မှာလည်း ငါ........မပါဘူး။
လူစုံတက်စုံ ဆွေးနွေးရင်း တိုင်ပင်ကြတဲ့ စကားဝိုင်းမှာလည်း ငါ...........မပါဘူး။
မိသားစုရဲ့ တစ်နိုင်စီးပွားကို စုစုစည်းစည်း လုပ်နေကြချိန်မှာလည်း ငါ...........မပါဘူး။
ရပ်ကွက်ထဲက သာရေးနာရေး အမှုကိစ္စတွေအတွက် ရပ်ကွက်လူငယ်လေးတွေ စုစည်း လုပ်ဆောင်နေတဲ့နေရာမှာလည်း ငါ................မပါဘူး။
ငါ..... ငါ..... ငါ.... ငါဘယ်တွေရောက်နေတာလဲ?
ငါ ဘာတွေလုပ်နေတာလဲ..... င့ါကိုယ်ငါ ပိတ်ကားတွေနောက်မှာ ရှာဖွေနေရင်းးး

ဟော................. ငါ..... ငါ... တစ်ယောက်တည်းပါလားးး
တစ်ယောက်တည်း ဆာလောင်မှုအတွက် မုန့်ဝယ်ထွက်ချိန် ဘေးကနေ ပိုက်ဆံလိုက်ရှင်းပေးမယ့် အဘွားလည်း ရှိမနေဘူး။
တစ်ယောက်တည်း အထီးကျန် အားငယ်လို့ ဆုံးရှုံးနာကျင်နေချိန် အားပေးနှစ်သိမ့်ပေးမဲ့ ဖေဖေလည်း အနားမှာမရှိဘူး။
ကိုယ့်ရဲ့ ဝေရာဝိစ္စတွေအကုန် လုပ်ပေး၊ စားချင်တာကို ချက်ကျွေး၊ လုပ်ချင်တာတွေကို အားပေးတတ်တဲ့ မေမေလည်း မရှိဘူး။
ဖျားနာနေချိန် ဆေးခန်းလိုက်ပို့၊ ဂရုတစိုက်နဲ့ မသောက်ချင်တဲ့ဆေးတွေကို စိတ်ရှည်ရှည်နဲ့ လိုက်တိုက်မဲ့ အဒေါ်လည်း မရှိဘူး။
ကိုယ်ပြောသမျှကို စိတ်ဝင်တစား ပြုံးပြုံးလေးနားထောင်ပေးမယ့် ဦးလေးလည်း အနားမှာ မရှိဘူး။
လိုချင်တာကို မရရအောင်ဝယ်ပေး၊ စားချင်တာတွေကို ဝယ်ကျွေးမဲ့ ဒေါ်လေးလည်း မရှိဘူး။
ကိုယ့်အပေါ်အနွံတာခံတတ်တဲ့ ညီမလေးလည်း ပျောက်နေတယ်။
သီချင်းတွေဆိုပြ ကပြပြီး၊ တစ်ခါတလေ စိတ်တိုအောင် လိုက်စတတ်တဲ့ မောင်လေးလည်း မရှိဘူး။
အလိုမကျလို့ စိတ်ကောက် စိတ်ဆိုးနေချိန် ချော့မော့ပေးမဲ့ သူငယ်ချင်းတွေလည်း အနားမှာ မရှိဘူး။
ငါ့တစ်ယောက်တည်း ဒဏ်ရာဗရပွနဲ့ လျှောက်ရင်း လျှောက်ရင်း လဲလိုက် ထလိုက် နဲ့။
တင်းထားလိုက်ရတဲ့အားတွေများ တင်းဖန်များတော့ ပြတ်ချင်ချင်.......
အဲ့ချိန်မှာပဲ..... ဆတ်ခနဲ........လန့်နိုးတော့..........
အော်.... ငါ အိပ်မက်ဆိုးတွေမက်နေတာပါလား........ ဆိုတဲ့ အသိဥာဏ်တွေ မှတ်ဥာဏ်အဖြစ် ပြောင်းလဲသွားတဲ့အချိန်ထိ
အဲဒီအိပ်မက်ဆိုးကိုပဲ စိတ်နာနာနဲ့ ဆက်မက်နေရဆဲ........

ချစ်ခြင်းများစွာဖြင့်
Angel Shaper
31.5.2010 (Mon;)
10:35 Pm

Angel Shaper ငယ်ငယ်တုန်းက သင်္ကြန်ကျပြီဟေ့ ဆိုရင် ဘယ်မှကိုမထွက်ရဲလောက်အောင် ရေပက်ခံရမှာ အင်မတန် ကြောက်တတ်သူပါ။ အနှစ်သက်ဆုံး အားကစား လို့ အမေးခံရရင် ရေကူးခြင်း လို့သာဖြေတတ်တယ် ခုထိ ရေမကူးတတ်ပါဘူး။ ငယ်ငယ်တုန်းကတော့ သူငယ်ချင်းတွေနဲ့ အိမ်နောက်ဖေးချောင်းမှာ ရေကူးပြီး ဆော့ကစားလေ့ ရှိပါတယ်။ တစ်နေ့ သူငယ်ချင်းတွေနဲ့ ရေထဲ စိန်ပြေးတမ်းကစား နေတုန်း Angel Shaper ခြေထောက်ကြွက်တက်ပြီး ရေနစ်ပါတယ်။ အစအနောက်သန်တဲ့ Angel Shaper ကို ဥာဏ်နီဥာဏ်နက် များတယ် ထင်ပြီး သူငယ်ချင်းတွေက ချက်ချင်းလာမကူကြပါဘူး။ အကြာကြီးနေမှ ရေမွန်းပြီး အသက်မရှူနိုင်လို့ ရေပေါ် ပြန်မတက်နိုင်မှပဲ သူငယ်ချင်းတွေက ရေနစ်နေမှန်း သိပြီး အချိန်မီ ကယ်တင်ခဲ့ကြ လို့သာ ရေနစ်လို့ မသေ တယ်။ အဲဒီအချိန်ကတည်းက ရေဆို အသေကြောက်၊ ချောင်းထဲ ဘယ်တော့မှ ရေမဆော့ဖြစ်တော့သလို၊ ရေချိုးခန်းထဲ ရေချိုးရမှာတောင် ဝန်လေးရလောက်တဲ့အထိ ရေကို ကြောက်တတ်သွားရတာပါ။
(Angel Shaper ရဲ့ ရေကြောက်ရသော အကြောင်းရင်း ဤတွင် ပြီး၏။) အဟဲ....

သင်္ကြန်ကျပြီ ဆိုရင်တော့ ရေကြောက်မှန်း သိနေတဲ့ သူငယ်ချင်းတွေ Angel Shaper ကို ရေလောင်းဖို့ ချောင်းရတာ သူတို့အလုပ်။ အပြင် ထွက်လည်စရာတောင် မလို၊ အိမ်ရှေ့ထွက်မိပြီ ဆိုရင်ကို ရေလောင်းချင်သူ တွေ ဝိုင်းဝိုင်းလည်နေတတ်တာ မဆန်းတော့။ ရေများ အပက်ခံရပြီ၊ အလောင်းခံရပြီဟေ့ ဆိုရင် အသံပြဲကြီးနဲ့ အော်ငိုပစ်လိုက်တာ ပါပဲ။ ရေကြောက်တာကိုး။ သူတို့တွေ ရေလောင်းလိုက် ရလို့ Angel Shaper အော်ငိုပြီ ဆိုရင် အရမ်းကိုပျော်ကြတယ်လေ (တော်တော်စိတ်ပုပ်တဲ့ ကောင်တွေ)။ အင်မတန် စွာကျဲလန်နေတဲ့ကောင်ကို ရေလောင်းလို့ အော်ငိုတယ် ဆိုတာ သူတို့ အတွက်တော့ သဘောကျစရာပေါ့။ သူတို့အတွက် နိုင်ကွက်က ဒါပဲ ရှိတာကိုး။

အဲလိုနဲ့ပဲ သင်္ကြန်အတွင်းဆို Angel Shaper တို့ ခရစ်ယာန်လူငယ်လေးတွေ ဘုရားကျောင်းမှာ Camp သွင်းပြီး သင်တန်းတွေ တက်ရပါတယ်။ ကျမ်းစာတွေ သင်ရတယ်။ သီချင်းတွေလည်း သင်ရတယ်။ ဂစ်တာ၊ ကီးဘုတ်၊ တယော စသဖြင့် သင်ရတယ်။ ဂိမ်းတွေဆော့ရတယ်။ ရေကလည်းကြောက်တတ်တော့ အပြင်မထွက်ရဲ၊ မလည်ရဲ၊ မကဲရဲနဲ့ ခပ်ကဲကဲ Angel Shaper သင်္ကြန်တွင်းတွေမှာတော့ ဘုရားကျောင်းမှာပဲ အပျော်ရွှင်ဆုံး အချိန် ကုန်ခဲ့ရတယ်။

ရပ်ကွက်ထဲမှာတော့ ညဆိုရင် လူငယ်တွေစုပြီး မုန့်လုံးရေပေါ်တွေ လုပ်စားကြတယ်။ ထမနဲလည်း ထိုးကြတယ်။ ထန်းလျက်မွှေးမွှေးလေးနဲ့ မုန့်လုံးရေပေါ်တွေကိုတော့ အရမ်းကြိုက်တယ်။ ကံစမ်းမဲ လို့ခေါ်တဲ့ ငရုပ်သီးစပ်စပ် လေးတွေထည့်ထားတဲ့ မုန့်လုံးတွေကိုတော့ အရမ်းမုန်း။ အဲဒါ မမတွေနဲ့ ကိုကို ကဲကဲလေးတွေ လက်ချက်ပေါ့။ လူကြီး၊ သူမ တွေကို တစ်အိမ်တက်ဆင်း ကျွေးပြီးပြီ ဆိုမှ လူငယ်တွေ၊ ကလေးတွေ လုစားရတယ်...အဲလေ... ဝိုင်းစားကြရတယ်။ ဂစ်တာတီးပြီး သီချင်းတွေဆိုကြတယ်။ သင်္ကြန်သီချင်း ဆိုရင်တော့ ကောင်မလေးတွေက ယိမ်းအကလေးတွေနဲ့ ထကကြနဲ့ ပျော်စရာသင်္ကြန်လေး တွေကို ဆယ်တန်းထိ ရပ်ကွက်ထဲက သူငယ်ချင်း အကို၊ အမတွေနဲ့ ပျော်ပျော်ကြီးကို ဆင်နွှဲခွင့်ရခဲ့ပါတယ်။

သူငယ်ချင်းတွေက အိမ်မှာပဲဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းမှာပဲဖြစ်ဖြစ် အလှူလုပ်မယ် ဆိုရင်တော့ Angel Shaper မပျက်မကွက် သွားရောက် အားပေးပြီး လူမှုရေးကျေပွန်တတ်ပါတယ်။ အဟဲ... Angel Shaper အလှူအိမ်တွေက ချက်တဲ့ ဟင်းတွေတော်တော်ကြိုက်တယ်။ အိမ်မှာ အမေ့ကို အလှူအိမ်က ဟင်းတွေချက်ကျွေးဖို့ ပူဆာနေကျ။ အလှူအိမ်က ကုလားပဲဟင်းချက်လေး၊ သရက်သီးသုပ်လေး၊ မုန့်ညှင်းချဉ်သုပ်လေး ကအစ အရမ်းကြိုက်ပါတယ်။ စားလို့ အရမ်းကောင်းတာကိုး။ အဲလိုနဲ့သင်္ကြန် အလှူတွေလည်း တတ်နိုင်သလောက် ဆင်နွှဲဖြစ်ခဲ့တယ်။ (ငတ်ကြီးကျမှန်း သိသာနေလား မသိ)

ရန်ကုန်ရောက်တော့ သင်္ကြန်ဆိုရင် Alpine က ကျင်းပတဲ့ IC Show တွေကို ရှေ့ဆုံးကနေ အားပေးတတ် လာတယ်။ ရှိုးကြည့်ဖို့ အကိုတစ်ယောက်က သူ့ကားနဲ့ လိုက်ပို့တယ်။ လမ်းမှာ ရေတွေပက်တော့ အော်ငိုပါတယ်။ မှတ်မှတ်ရရ ၂၀၀၈ သင်္ကြန်ကို မောင်နှမရင်းလို ချစ်ရတဲ့ သူငယ်ချင်း Russell နဲ့အတူ သူတို့ ရဲ့ မြန်မာ့အသံ ဝင်းကြီးထဲက မိသားစုတွေ၊ သူ့သူငယ်ချင်းတွေနဲ့ ကဲခဲ့ဖူးတယ်။ အကိုကပဲ သူ့ကားနဲ့ လိုက်ပို့ခဲ့တာပါ။ သူနဲ့ သူ့ကောင်မလေးကတော့ ကားရှေ့ခန်းမှာ လုံလုံခြုံခြုံပေါ့။ ရေတွေ စပြီး အပက်ခံရတော့ ရင်ထဲအေးလိုက်တာ၊ ကျောတွေကို စိမ့်ခနဲပဲ။ အစက အော်ငိုမိသေးတယ်။ အားလုံးက ပျော်နေကြတော့ ကိုယ်လည်း သူတို့လိုပဲ သီချင်းတွေအော်ဆိုရင်း ရေပက်ခံရတာကို ပျော်နေမိတော့တယ်။ တကယ့်အမှတ်ရစရာ သင်္ကြန်ရက်လေး တစ်ရက်ပါ။ အင်းယားကန်မှာ ကားတွေ အကုန်ပိတ်ကြပ်လို့ စိတ်တွေ ညစ်ခဲ့ရသေးတယ်။ နေ့လည် ပင်ပန်းတော့ မုန့်တွေစားကြတယ်။ ဆက်လည်ကြတယ်။ ညနေမှ အိမ်ပြန်နားဖြစ်ကြတယ်။ နောက်နေ့ ဖျားပါလေရော။ ရေမကြောက်တော့တာ အဲဒီကတည်းက ခုထိပေါ့။ ဟိဟိ

ဒီနှစ်တော့ သင်္ကြန်ဆိုတာ ဘာမှန်းတောင် မသိလိုက်ပါဘူး။ သူငယ်ချင်း Neo ကတော့ ပီနန်းလိုက်ပို့မယ်တဲ့။ သူ့အဖေတို့ တီးဝိုင်းနဲ့ သီချင်းပေးမဆိုလို့ သူ့ကိုကွေးနေတာလေ... မသွားချင်ဘူးပဲ ငြင်းရတာပေါ့။ အကိုတော် ဝဏ္ဏ၊ သူငယ်ချင်း ဖိုးချို တို့လည်း အလှူအတွက် အလုပ်များနေတယ် ဆိုပြီး ဖုန်းပဲဆက်တယ်။ ဖိတ်ကျွေးဖော် တောင် မရ။ ငမူး ကိုလောက်လောက် ကလည်း သူပဲကဲမယ်တဲ့၊ င့ါညီမလေး အိပ်ယာမထနိုင်ဘူး ဆိုပြီး မခေါ်ချင်ပဲ ပစ်ထားတော့ ဘယ်မှ မသွားဖြစ်တော့ဘူးပေါ့။ အကိုတော် ကိုသားကြီးကလည်း သင်္ကြန်အတွင်း အကဲပိုနေပြီး ညီမတော် သမီးကြီးကို မေ့ထားလို့ သူ့ကိုလည်း ကွေးတယ်။ ဒီတော့ Angel Shaper ရဲ့ ၂၀၁၀ သင်္ကြန်က ဘာမှန်းကို မသိလိုက်တာ အဆန်း မဟုတ်ပါဘူး လေနော်။

ဒီနှစ်ကို ရန်ကုန်သင်္ကြန်ရဲ့ အစည်ဆုံးနေရာလေးတွေမှာ မဏ္ဍပ်မဆောက်ရ ဆိုတဲ့ သတင်းကြားတော့ စိတ်ထဲ ဘဝင်မကျ ဖြစ်မိသေးတယ်။ အနုပညာရှင်တွေ နေပြည်တော်မှာပဲ သင်္ကြန်ကျမယ် ဆိုတဲ့သတင်း ကြားရ ပြန် တော့ စိတ်မကောင်းဖြစ်မိတယ်။ အနုပညာရှင်တွေကို လွမ်းတာလား နေပြည်တော်မှာ သင်္ကြန်မကျရလို့ အဆိုတော် မဖြစ်သေးတဲ့ ကိုယ့်ကိုယ်ကို အားငယ်မိတာလားတော့ မသိ........(အဟဲ)

ရင်ဘတ်ထဲကနေ ဝမ်းနည်းကြေကွဲရဆုံး ဖြစ်ရပ်ကတော့ ရန်ကုန်သင်္ကြန်မှာ အေးချမ်းတဲ့ သင်္ကြန်မိုးတွေ မရွာပဲ ဗုံးပေါက်တယ် ဆိုတဲ့ သတင်းကို ကြားနေ၊ မြင်နေရတာကိုပါပဲ။ လန်းနေမဲ့ သူငယ်ချင်းတွေကို စိတ်ပူပြီး စုံစမ်း ဆက်သွယ်ရ၊ ဆုတောင်းပေးရနဲ့ တစ်ယောက်တည်း ဝမ်းနည်းပြီး စိတ်ထိခိုက်နေမိတယ်။ ဘာဖြစ်တာလဲဗျာ...... သင်္ကြန်ဆိုတာ မြန်မာတွေရဲ့ မင်္ဂလာရှိတဲ့ နှစ်သစ်ကူး အခါသမယ၊ ရေတွေလောင်း၊ ပက်ပြီး နှစ်ဟောင်းက အညစ်အကြေးတွေကို အေးမြတဲ့ သင်္ကြန်ရေနဲ့ ဆေးကြောပစ်တာ မြန်မာ့သင်္ကြန်မဟုတ်လား။။။။ ဘယ့်နှယ်... နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ မဆေးပဲ အနုမြူမှုန့်တွေနဲ့ လာဆေးပေးရတယ် လို့ သိပ်ကို အရုပ်ဆိုး အကျည်းတန်လွန်းလှပါတယ်။ ဆွံ့အသွားခဲ့ရတဲ့ စိတ်ထိခိုက်စရာ ဖြစ်ရပ်ကလေး တစ်ခုပါ။

အဲဒီ အနုမြူမှုန့်တွေကြား အသက်ပေးလိုက်ရတဲ့ သူတွေ၊ ထိခိုက် ဒဏ်ရာရသူတွေ အားလုံးအတွက် ထပ်တူ ဝမ်းနည်း နာကြည်းစွာ စိတ်မကောင်း ဖြစ်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအဖြစ်အပျက်ဆိုးတွေရဲ့ နောက်မှာ တို့မြန်မာတွေ အတွက် ငြိမ်းချမ်းမှု ဆိုတဲ့ လေပြေညင်းကလေးတွေ တိုက်ခတ်ပြီး၊ မေတ္တာတရား ဆိုတဲ့ မိုးစက်ကလေးတွေ ကျရောက်ပါစေ။ စာနာတတ်တဲ့ ဗုံးတွေသာ ဖေါက်ခွဲပြီး၊ ကိုယ်ချင်းစာတရား ဆိုတဲ့ ရေပိုက်တွေနဲ့ ပက်ဖြန်းနိုင်ကြပါစေလို့သာ.......

သမီးကြီး Angel Shaper ရဲ့ သူငယ်ချင်း မောင်နှမအားလုံး မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေနော်...

ချစ်ခြင်းများစွာဖြင့်
Angel Shaper
18.4.2010 (Sun;)
6:55 Am

ည........... မှောင်မိုက်လွန်းတဲ့ ည
မှောင်မိုက်မှုတွေ ကြားက
အလင်းရောင် တစ်ချို့ တဝက် ဖြန့်ကျက်လို့နေလေရဲ့။
အော်..... လရောင်နဲ့အတူ အေးချမ်းမှုတွေများ ပါလာမလားလို့ ငါခိုလှုံခဲ့မိတယ်။
ရင်ထဲမှာပူလောင်ခြင်းတွေကိုပဲ ငါခံစားရရှိခဲ့တယ်။

အိပ်လို့ မပျော်တဲ့ ည......
ရင်မှာ အမျိုးအမည်မသိတဲ့ခံစားမှုတစ်ချို့ 
ပူလောင်နေတာလား၊ ခံရခက်တာလား မသိတဲ့ ခံစားမှုတစ်ချို့ 
ဒီလိုနဲ့ ပဲ အချစ်ဆိုတာကို အကျွမ်းတဝင်ဖြစ်မှန်း သိခဲ့ရတယ်။

အထီးကျန် ခြောက်သွေ့တဲ့ည.......
တစ်ယောက်တည်း အတွေးတွေ များစွာထဲက
ပျော်ရွှင်တာတွေ၊ ဝမ်းနည်းတာတွေ ခံစားဖူးတယ်။
နှစ်ဦးသား အတိုင်းမသိပျော်ရွှင်ခဲ့ဖူးတယ်။

ခုတော့လည်း ငါ့တစ်ယောက်တည်း
ရယ်ချင်ရယ်နေတယ်။ မျက်ရည်လေးတွေ ဝဲချင်ဝဲနေတယ်။
ဘယ်သူမှမသိတဲ့ တစ်ကိုယ်တည်းလွမ်းဆွတ်မှု
ရူးကြောင်ကြောင် အတွေးများလား......
အင်းးးးးးးးးး သေချာတာတော့ ငါအခုထက်ထိ အိပ်မရသေးတာပါပဲ။

အိပ်မပျော်တဲ့ သမီးကြီးအိန်ဂျယ့်ကို အရထူးတဲ့ အကိုတော်ကိုလောက်ကြီး (ခေါ်) ကိုခလောက်
(ကိုအိုက်ခီလောက်)က သနားလို့တဲ့...... မူးမူးနဲ့ လက်ဆောင်ရေးပေးလိုက်တဲ့ ကဗျာလေးပေါ့။
ကိုလောက်ကြီးရေ.......ကျေးဇူးကြီးးးးကြီးးးးးးးးးးးနော်။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
6.2.2010 (Sat;)
3:20Am

အလုပ်ထဲမှာဗျာ (၁) မှာ မကျနပ်ချက်တွေ ဖွင့်ထုတ်ဖူးတယ်မို့လား။ ဒီတစ်ခါ အလုပ်ထဲမှာ အသစ်ရလာတဲ့ သူငယ်ချင်း မောင်နှမသစ်တွေ အကြောင်း ကြွားရင်း အလုပ်ထဲမှာ ပေါခဲ့တောခဲ့ကြတာလေးတွေ အဲလေ... ပျော်ခဲ့ပါးခဲ့ကြတာလေးတွေ ရေးချင်ပါတယ်။

Angel Shaper တစ်နှစ်လုံး ဒီဆိုင်မှာ တစ်ဦးတည်းသော မြန်မာဖြစ်နေတာ။ ပြန်ခါနီးမှပဲ သူငယ်ချင်းသစ်တွေ ရလာတယ်။ တစ်ယောက်တည်းတုန်းကတောင် တစ်ဆိုင်လုံး ဗြောင်းဆန်နေအောင် သောင်းကျန်းခဲ့တာ ခု Angel Shaper အပါအဝင် မြန်မာလေးယောက်ဖြစ်နေပြီလေ။ ဘယ်လောက်ပျော်စရာကောင်းမလဲဆိုတာ စဉ်းစား၍သာကြည့်ကြပါကုန်။

Angel Shaper ပထမဆုံးမိတ်ဆက်ပေးချင်တာ အရင်ဆုံးရောက်လာတဲ့ အကိုသူငယ်ချင်းအသစ် မင်းမင်းပါ။ သူကတော့ အေးအေးလေးနဲ့  အင်မတန်အစအနောက်သန်တဲ့သူ၊ Angel Shaper ရဲ့ ထမင်းဗူးကို တာဝန်ယူရတဲ့ သူပါ။ နောက်တစ်ယောက်က ကြိုင်ကြိုင် (ခ) ကြိုင်ကြီးလို့ ချစ်စနိုးခေါ်တဲ့ ကိုကြိုင်သင်းပါ။ သူကတော့ ငါးပိကြော် ဗူးလေးနဲ့  ချဉ်ရည်ဟင်းလေး ပုံမှန်နီးပါး ထည့်လာပေးတဲ့သူပေါ့။ နောက်တစ်ယောက်က ဟင်းချက်ကောင်းတဲ့ ကျော်ဇင်ပါ။ တစ်ခါမှ ဟင်းမချက်ဖူးပါတဲ့။ သူချက်လာတဲ့ ဟင်းမှန်သမျှ ကောင်းလွန်းလို့ ကိုယ်တွေကတော့ နှစ်နှစ်ခြိုက်ခြိုက် အားပေးလေ့ရှိပါတယ်။

Angel Shaper က တစ်ဦးတည်းသော သူတို့ ရဲ့ ညီမတော်ဆိုတော့ Break အရင်ယူရပါတယ်။ ဒီတော့ကာ ဘယ်ပြောကောင်းမလဲ ကိုသားကြီး ညီမ သမီးကြီးပဲ အစားဆိုရင်တော့ အဟဲဟဲ.......သိတယ်ဟုတ်။ ထမင်းဗူးတွေ ဟင်းဗူးတွေ တစ်ပုံကြီးကို မစားခင် အပြင်ကိုလာကြွှားရတာအမော။ " ကြည့်ကြစမ်းပါဦးဗျာ။ ဘာဖြစ်လို့များ ကျွန်တော် ဒီလို အခွင့်အရေးမျိုးကို ခုများမှ ရတာလဲ။ တစ်လပဲရတော့မဲ့ ဒီအခွင့်အရေးကို လက်မလွတ်သင့် ဟီးးးးးဟီးးးးးး " ဆိုပြီးထွက်အော်ရင် သူတို့ တွေ သာမက ဆိုင်ကလူတွေ အကုန် တဟားဟား အော်ရယ်ပြီး အားကျရတဲ့ အဖြစ်ဗျာ။ ကိုယ်ကလဲ သူတို့ ချက်လာတဲ့ ဟင်းတွေ မှန်သမျှကို ညီမငယ်ပီသစွာ အားပေးခဲ့ရတာ ပေါ့နော်။

နောက်ပြီး အူကြောင်ကြောင်ကောင်တွေများ အကိုတော်တွေဆီကတဆင့် "စကားပြောရင်၊ ရယ်ပြုံးလိုက်ရင် ပါးချိုင့်လေးနဲ့ ကောင်မလေးလေ သူ့ ကို ဒီကဒ်လေး ပေးပေးပါ။ သူ့ဖုန်းနံပါတ်ပေးပါ" ဆိုပြီး သူတို့ ကဒ်တွေများ ပေးထားခဲ့တာတို့ ဘာတို့ညာတို့များဆိုရင်တော့ ဆွဲဖြဲကြတယ်။ ဖုန်းနံပါတ်တော့ တစ်ခါတလေ ပေးကြတယ်။ ဟဲဟဲ...ဆိုင်က ဘော်ဘော်ကြီး ( Soul လို့ခေါ်တဲ့ Morocco က Arabic ပါ) ရဲ့ ဖုန်းနံပါတ်ကို ပေးကြတယ်။ ဘော်ဘော်ကြီးကို ခေါ်မိလို့ကတော့ မလွယ်ဘူးမှတ်ပါ။ သူက အသေစားတာပါဆို (ခေါင်းပြောတာ) ဟိဟိ။ ပြီးတော့ သူက ကိုယ့်ရဲ့ ဖိုက်တာလေ။ ကိုယ်လုပ်တဲ့ ပြသနာမှန်သမျှ လိုက်ရှင်းပေး၊ ကာကွယ်ပေးတဲ့ အားကိုးရသူ ဘော်ဘော်ကြီးပေါ့။ အဲသလိုပေါ့ ကိုယ့်ကို ရိသဲ့သဲ့ လာရိရင်တော့ အကိုတော်တွေကော ဘော်ဘော်ကြီးကော နည်းမျိုးစုံနဲ့ ငကြောင်တွေကို ပညာပြပေးကြပါတယ်။ ကိုယ့်ညီမကို ဘယ်သူကများ တစ်ပါးသူလက်ထဲ ရောက်အောင် ကူညီမလဲလေနော်။ အဲလို စိတ်ချရတဲ့ ဘော်ဒီကဒ်တွေ ရထားတယ်။ အဟဲ...

ဆိုင်ကို မြန်မာတွေ စကားတွတ်ထိုးပြီး ဝင်လာတာမြင်ရရင်ဖြင့် လေးယောက်သား တပြုံးပြုံးနဲ့  ဘာမှဝင်မပြောပဲ နောက်ကနေ ဘယ်လိုစရမလဲချောင်းပြီး တစ်ခုခုမေးမှ မြန်မာလိုပြန်ဖြေပေးလိုက်ရင် ဟိုက ကြောင်သွားတာတို့၊ လန့်ဖြန့်သွားတာတို့ ဖြစ်ရော။ အကိုတစ်ယောက် လာလည်တုန်းကဆို လေးယောက်သားလုပြီး စကား လိုက်ပြောကြတာ အမောဗျာ။ ပြီးရင် လေးယောက်သားလုပြီး ပြည်တွင်းဖြစ် ( made in Myanmar) တွေကို လိုက်ကြွားရတာ၊ လိုက်ကြော်ငြာရတာ အမောဗျာ။ ဈေးကလဲ အကြီးဆုံးဗျ။ အဲလိုနဲ့ အဲဒီအကိုကြီးဆို နားပူလို့နေမယ်။ နောက်မလာရဲတော့ဘူး ဟီးးဟီးးးးးးးး အမှန်က SPRINGFIELD ဆိုတာ SPAIN BRAND ပါ။ ဈေးအကြီးဆုံး၊ ဒီဇိုင်းအလှဆုံးနဲ့  အကောင်းဆုံးတွေဟာ ကိုယ့်နိုင်ငံက ထုတ်တာပိုများသလိုဖြစ်နေတော့ ကြွားကြတာပေါ့ဗျာ။ ဂုဏ်လဲယူမိပါတယ်။ ဒီလေးယောက်လက်ချက်နဲ့  လာသမျှ မြန်မာတွေမှာ ခေါင်းတွေ မူးနောက် သွားလောက်အောင်ကို ဧည့်ဝတ်ကျေခဲ့ကြတယ်။

နောက်တစ်ခါကတော့ ကြိုင်ကြိုင်နဲ့ ဘော်ဘော်ကြီးတို့ METRO ရထားစီးတိုင်း ဆုံနေကျ မမလှလှ နှစ်ယောက် ဆိုင်ကိုလာတဲ့ တစ်နေ့ပေါ့။ သူတို့ နှစ်ယောက် ဆိုင်မှာ အကျီ င်္တွေလာကြည့်ကြတယ်။ စကားကလဲ တွတ်ထိုးပြီး ပြောနေကြလေရဲ့။ အကျင့်အတိုင်းစနောက်ကြဖို့ မျက်စပစ်ပြီးကြပြီလေ။ ဘော်ဘော်ကြီးက သူတို့နှစ်ယောက်ကို Metro စီးရင်အမြဲတွေ့တယ်။ ချောတယ်။ သူတို့ ဘာစကားပြောတာလဲ နားထောင်ကြည့်။ ဆိုပြီး ကိုယ့်ကို ဝင်ရောခိုင်းတာပေါ့။ မြန်မာလားတဲ့။ ကိုယ်က သိပေမဲ့ မသိသလိုနေဦး။ နားထောင်ကြည့်မယ် ဆိုပြီး သူတို့ကို လိုက်ကြည့်နေတုန်းမှာပဲ Fitting Room ထဲ အကျီတွေ ဝတ်ကြည့်နေတဲ့ ပြောင်အိုကြီး ( အဘိုးကြီး မို့လို့ပါ) ထွက်လာတော့ သူတို့ တွေတစ်ဖွဲ့တည်း ဖြစ်နေမှန်း သိလိုက်ရတော့တယ်လေ။ ဘော်ဘော်ရော ဟိုသုံးယောက်ရော တစ်ယောက် တစ်လှည့်ကြည့်ပြီး မျက်စိမျက်နှာပျက်သွားရတာပေါ့။ ဘော်ဘော်ကြီးကတော့ ရုပ်ချောလို့ ကိုယ့်ကို ဝင်ရော ခိုင်းတာ အဘိုးကြီးနဲ့ ဖြစ်နေလို့ပေါ့။ ကိုယ်တွေကတော့ သိတယ်မလား နှမြောမိတာပါ။ ကိုယ့်အမ ချောချော လှလှလေးတွေကို လူမျိုးခြား အဘိုးကြီးလက်ထဲ ထည့်ပေးလိုက်ရသလို ခံစားရတာပါ။ ဘော်ဘော်ကြီးက သူတို့ ထွက်သွားပြီးတော့မှမေးတယ် " မြန်မာလား" တဲ့။ ကိုယ်ကလဲ အညံ့မခံ "အရူးးးးးးး နင်ဂျပန်လိုမတတ်ဘူးလား။ သူတို့ ဂျပန်လိုပြောနေတာလေ။ ဟွန်းးးးးး " လို့အရူးကွက်နင်းပြီး သူ့ ကို ဟောက်စားလုပ်ခဲ့တယ်။ ငါကဂျပန်လို နှုတ်ဆက်တာလောက်ပဲ တတ်တာလေတဲ့။ အမှန်ကိုယ်ဆို ဂျပန်လို ဟယ်လို လို့တောင် နှုတ်မဆက်တတ်ပါဘူး။ အဲဒီ မမလှလှလေးတွေကိုတော့ မစမနောက်လိုက်ရပါဘူး။ ကြီးကြီးကျယ်ကျယ်ပြောရရင် ကိုယ့်ရင်အစုံကို နင်းခြေသွားသလိုကို ခံစားရပါတယ်။ တကယ်နှမြောမိတယ် မမတို့ရေ။

အဲ......ကျန်ပါသေးတယ်။ တစ်ချို့ လူမျိုးခြားတွေကို ကြိုက်သလိုနာမည် ပေးခေါ်တတ်ကြသေးတယ်။ ဥပမာ ထိပ်ပြောင်လေး ဆိုရင် (ပြောင်ကလေး၊ ပြောင်လေး)ပေါ့။ ထိပ်က နဲနဲပိုပြောင်ရင် (ပြောင်ကြီး)ပေါ့။ ကတုံး ဆိုရင်တော့ကတုံးပါပဲ၊ တခြားကတုံးတွေကိုတော့(ဆံရှည်)၊ ဆံပင်နဲနဲပဲပေါက်ပြီး ထိပ်ကလေးကွက်ပြောင်နေရင် (ကွက်ကလေးပြောင်)၊ အဲလို အမျိုးမျိုး နာမည်ပေးပြီးခေါ်တတ်ကြတယ်။ တစ်ခါဆို ပြောင်ကြီးတစ်ယောက် အကျီ ဝတ်ကြည့်နေတာ သူနဲ့မတော်လို့ နောက်ဆိုဒ်တစ်ခုတောင်းတယ်။ သွားရှာပေးပြီး ပြန်လာတော့ သူက တံခါးကို ပြန်ပိတ်ထားတယ်လေ။ ကိုယ်လဲ ဘယ်လိုခေါ်တယ်မှတ်လဲ "ပြောင်ကြီးရေ... "လို့ခေါ်လိုက်တာ ဟိုက "ရားးးး" တဲ့ "အလဲ့။ နားလည်တယ်။ ထူးတတ်တယ်တော့" ဆိုပြီး လေးယောက်သား ပြုံးစိစိနဲ့ပေါ့။ နောက်တစ်ခါ မင်းမင်း အလှည့်မှာတော့ "ပြောင်ကြီးရေ.. "ခေါ်တာ ဟိုကမထူးဘူးဗျာ။ သူလဲအကြံကုန် "အဖေရေ...."လို့ ခေါ်လိုက်ကော ဟိုက "ဝေးးးးးးးး" တဲ့ဟဟားးးးးးးးးးးးးး မင်းမင်းခံလိုက်ရတာလေ။ အချောင် ကုလားထိပ်ပြောင်ကို အဖေတော်လိုက်ရတယ်။ အဟိ အဲလို အဲလိုတွေဗျာ။

ကောင်မလေး ချောချောလေးတွေများ သူတို့မောင်ငယ်လေးတွေအတွက် ဈေးဝယ်လာရင်တော့ အဲဒီ ကောင်လေးတွေက ဟိုသုံးယောက်ရဲ့ ယောက္ဖ ဆိုတဲ့ နာမည်ရရောပေါ့။ ကောင်လေးက အကျီ င်္ဝတ်ကြည့်တယ်။ "အဆင်ပြေလား" မေးရင်း ဟိုဘက်ကို "ကြည့်စမ်း ကြိုင်ကြိုင် ငါ့ယောက္ဖလေး "ဆိုပြီး တဖက်ကိုတော့ "ယောက္ဖရေ Size, Ok! " လက်မထောင်ပြလိုက်တာ ဟိုကလဲ "အိုကေ" ပေါ့။ ဟဟားးးးးးးး ကြားထဲက ကောင်လေးငယ် ခမျာ သူ့အမချောချောလေးကို ပေးလိုက်ရတယ်ဗျာ။

ကုလားချောချောလေးတွေများ သေချာပြုံးပြပြီးကူညီပေးကြည့်ပါလား အကိုတော်တွေက လိုက်စတတ်ပါတယ်။ " ကြည့်စမ်း၊ ကြည့်စမ်း သူ့ကောင်ကိုတော့ ပြုံးပြုံးကြီး ကူညီပေးနေတယ်။" ဆိုတာမျိုး။ "နှာခေါင်းကြီးကို ကြည့်ပါဦးဟယ်။" ဆိုတာမျိုး လိုက်စတာ။ ကိုယ်ပဲသိနားလည်တော့ "သေမယ်။ သေမယ်နော်။ ဟွန်းးးးးးးး " လို့ပဲ လိုက်ကြိမ်းနေရတယ်။

လေးယောက်သား ဈေးဝယ်သူတွေကို ခင်ခင်မင်မင် စနောက်ကြတယ်။ ပျော်အောင်နေကြတယ်။ စည်းလုံးကြတယ်။ အားလုံးလဲ အဆင်ပြေပါတယ်။ တစ်ခုခုဆို ကိုယ်က အငယ်ဆုံးဖြစ်ပေမယ့် စီနီယာလိုဖြစ်နေတော့ တစ်ခုခု မေးလို့ ကိုယ်က တစ်ကြိမ်ထက် ပိုပြောပြရမယ်ဆိုရင် "ရှည်လာပြီနော်။ ရှည်လာပြီ။ စိတ်စိတ်။ စိတ်ရှည်လာပြီ" ဆိုပြီး မာန်မဲ မိတတ်သေးတယ်။ သူတို့ကတော့ ခွင့်လွတ်ပါတယ်။ ဗွေမယူကြပါဘူး။ ဒီဆိုင်မှာ သူတို့ကြောင့်ပဲ ကိုယ့်မှာ မောင်နှမ ရတယ်ဆိုပြီး အားတွေပိုရှိလာတာ၊ ပိုပျော်လာတာပါ။ ဘာပဲပြောပြောပေါ့။ ဒီဆိုင်၊ ဒီကုမ္ပဏီမှာ မြန်မာတွေ ရိုးသားတယ်။ အလုပ်ကြိုးစားတယ်။ ဆိုတာတွေကို ကြားရတာ အရသာရှိသလို ဂုဏ်လဲယူမိပါတယ်။ သူတို့ကိုလဲကိုယ်က လိုအပ်တာတွေပြောပြရင်း၊ အကြံပေးနိုင်သလောက်ပေးရင်း (တနည်းအားဖြင့်တော့ စွာပုံ၊ စွာနည်းပေါ့) ပျော်ပျော်ကြီး အလုပ်လုပ်ခဲ့ကြတယ်။ နောက်တစ်ပတ်ပြီးရင် ဒီမောင်နှမတွေကို ခွဲရတော့မယ်။ ခွဲသွားဖို့ အင်အားတော့မရှိသေးဘူး။ ဒါပေမဲ့ခွဲကြရဦးမယ်။ ဘာပဲဖြစ်ဖြစ် ပျော်ခဲ့ဖူးတာတွေ အမှတ်ရနေဦးမှာပါ။
နောက်မှ ဆက်မယ်ဗျာ။ ခေါင်းအားကြီးကိုက်နေပြီ။
အားလုံး ပြုံးပျော်ကြည်နူးနိုင်ကြပါစေနော်။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
22.10.09 (Thur;)
3:50 Am

လူကြီး အသက် (၂၇) နှစ် သည် လွန်ခဲ့သော ၃ နှစ်ခန့်က သူ၏ချစ်သူ ကလေးထံမှ ပျောက်သွားပါသဖြင့် တွေ့ရှိပါက အကြောင်းကြားစေလိုပါသည်။
လူကြီး၏ ထင်ရှားသော အမှတ်အသားများမှာ-------

၁။ ဆွဲဆောင်မှုရှိသည့် မျက်ဝန်းနက်များ ပိုင်ဆိုင်ထားခြင်း
၂။ နူးညံ့သည့် နှုတ်ခမ်းတစ်စုံ ပိုင်ဆိုင်ထားခြင်း
၃။ လန်းဆန်းလတ်ဆတ်သည့် အပြုံးများ ပိုင်ဆိုင်ထားခြင်း
၎။ သစ္စာရှိခြင်း၊ တည်ကြည်ခြင်း
၅။ ယောကျာင်္းပီသသော ခန္ဓာနှင့် လူပီသသော စိတ်ဓာတ်များ ပိုင်ဆိုင်ထားခြင်း
၆။ သူ၏ချစ်သူအား ကလေးတစ်ယောက်လို ဖြူစင်၍ ချစ်ပါသည်ဟုဆိုကာ ကလေး ဟူ၍တင်စားခေါ်ဝေါ်တတ်ခြင်း
၇။ ချစ်သူအား အစွမ်းကုန်အလိုလိုက်ကာ ဆိုးနွဲ့ ခွင့်ပေးတတ်ခြင်း
၈။ ချစ်သူကို အလွန်ချစ်သော အချစ်များ ပိုင်ဆိုင်ထားခြင်း
၉။ ချစ်သူ၏ အချစ်များအားလုံးကိုလည်း ရရှိပိုင်ဆိုင်ထားခြင်း
၁၀။ ချစ်သူအား ရိုသေ၊ တန်ဖိုးထားသော စည်းကမ်းရှိသည့် နှလုံးသားတစ်စုံ ပိုင်ဆိုင်ထားခြင်း
၁၁။ ချစ်သူ စိတ်ကောက်လျှင် ရေခဲမုန့်ဝယ်ကျွေးကာ ဖြူစင်သည့်အနမ်းများနှင့် ပြန်ချော့တတ်ခြင်း
၁၂။ ချစ်သူ စိတ်အလိုမကျ၊ စိတ်ဓာတ်ကျနေလျှင် လက်ကလေးဆုပ်၍ နဖူးလေးနမ်းကာ အားပေးနှစ်သိမ့်တတ်ခြင်း
၁၃။ ချစ်သူ၏ အားနည်းချက်များအား သူ၏အကြင်နာများနှင့် ပြုပြင်ဖြည့်ဆည်းပေးတတ်ခြင်း
၁၄။ ချစ်သူ အဆစ်အမြစ် ကိုက်ခဲနာကျင်ကာ ဝေဒနာခံစားနေရလျှင် ဆေးလိမ်းပေးရင်း သူသာ ထိုဝေဒနာများအား ယူပစ်လိုက်ချင်သည် ဟုတဖွဖွပြောကာ ကြင်နာယုယတတ်ခြင်း
၁၅။ ဆေးသောက် အလွန်ကြောက်သော ချစ်သူအား ဖျားနာလျှင် ဆေးချော့တိုက်ကာ ပြုစုတတ်ခြင်း
၁၆။ ချစ်သူ ဆိုပြသော သီချင်းများကို ဝေဖန်အကြံပေးကာ အားပေးနားဆင်ပေးတတ်ခြင်း
၁၇။ ချစ်သူနှင့် ရုပ်ရှင်အတူကြည့်၊ သီချင်းအတူနားထောင်ခြင်းအား အလွန်မြတ်နိုးတတ်ခြင်း
၁၈။ ချစ်သူ၏ ဆန္ဒများအား အတတ်နိုင်ဆုံး လိုက်လျောပေးတတ်ခြင်း
၁၉။ ပေါက်ကရပြောတတ်သော ချစ်သူအား ဗိုက်ခေါက်ဆွဲကာ ဆုချတတ်ခြင်း
၂၀။ ချစ်သူအား မိန်းမ မဆန်စေလိုခြင်း

................စသော စသော အချက်အလက်များနှင့်ပြည့်စုံသော သူမှာ ကလေး၏ချစ်သူ လူကြီးပင်ဖြစ်ပါသည်။
တွေ့ ရှိပါက အကြောင်းကြားစေလိုပါသည်။
ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ပါမည်။
ဖြားယောင်းသွေးဆောင် လက်ခံထားသူများအား ဥပဒေအရ ထိရောက်စွာအရေးယူမည်။
လူကြီး ရောက်ရာ အရပ်မှ အမြန်ပြန်လာပါ။
ကလေး အသည်းအသန်ဖျားနေသည်။
လူကြီးကို လွမ်းနေသည်။ စိတ်လဲ ပူနေသည်။
အမြန်ပြန်လာပါ။


ချစ်ခြင်းများစွာဖြင့်
Angel Shaper
7.10.09 ( Thur;)
2:00 Am

ပထမဆုံး Angel Shaper လုပ်တဲ့ အလုပ်က စပြောရမယ်ဆိုရင် ဖက်ရှင် အင်္ကျီဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ အရောင်းစာရေးပေါ့။ ဒီနေ့ သောကြာနေ့ဆိုတော့ ဈေးဝယ်နဲနဲ များပါတယ်။ အလုပ်လဲ နဲနဲ ရှုပ်တယ်။ ဝန်ထမ်းလဲ သိပ်မလောက်တော့ နဲနဲပင်ပန်းတာပေါ့လေ။ အဲလို အလုပ်များနေတဲ့ကြားထဲက တတ်နိုင်သလောက် ဈေးဝယ် သူတွေကို လိုက်ကူညီပေးနေရပါတယ်။ ရှုပ်နေတာတွေ ရှင်းရင်းနဲ့ Local ဈေးဝယ်သူနှစ်ယောက် ဂျင်းဘောင်းဘီ လိုက်ဖွနေတာတွေ့တော့ သူတို့ဆီသွားပြီး ဘာကူညီရမလဲ မေးလိုက်ပါတယ်။ တစ်ယောက်က သူ့ဆိုဒ်လိုချင် တယ်လို့ပြောပါတယ်။ တို့လဲ သူ့ဆိုဒ်က ဘာဆိုဒ်လဲ ပြန်မေးတာပေါ့။ အဲလိုနဲ့ သူ့ဆိုဒ် လိုက်ရှာပေးတယ် ဆိုပါ တော့။ တို့ဆီမှာက သူလိုချင်တဲ့ဂျင်းဘောင်းဘီဆိုဒ် ကုန်နေပါတယ်။ တခြား ဂျင်းဘောင်းဘီ ပုံစံ ဒီဇိုင်းအမျိုးမျိုး
လိုက်ပြပေးပါတယ်။ သူက အခြားတစ်ခုကို လှမ်းဆွဲပြီး ဈေးနှုန်းကပ်တဲ့ Label လေးမရှိတော့ ကိုယ့်ကိုမေးတယ်။ ဒီလိုနဲ့ ဘယ်လောက်မှန်းမသေချာဖို့ ဈေးနှုန်းကို ကွန်ပျူတာမှာ သွားစစ်ပေးမယ်ဆိုပြီး လှမ်းထွက်မယ် အလုပ်မှာ တစ်ယောက်က စိတ်မရှည်စွာ သူတို့ Arabic လို ထဆဲပါတယ်။

ဒီနေရာမှာ ဆဲတယ်လို့ ပြောလိုက်ရပေမယ့် တို့ Arabic လို မတတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကို ဆဲမှန်းသိနေတယ်။ ခံစားနေရတယ်လေ။ ဗိုက်ထဲက ပုဏ္ဏားလေး ပြောပြတာပဲနေမှာပေါ့။ အဲဒီလူဆဲတော့ ဘေးက မန်နေဂျာမလေး ဖြတ်ကနဲ အဲဒီလူကို မျက်လုံးပြူးပြီး ကြည့်လိုက်သလို၊ တို့လည်းရပ်ပြီး သူ့ကို ဖျတ်ခနဲ ပြန်လှည့်ကြည့်လိုက် ပါတယ်။ ကိုယ်ကလဲ သူ့ကို စိတ်ရှည်ရှည် လိုက်ကူညီပေးရသေးတယ်။ အဲလို ဘလိုင်းကြီးထဟောင်တာတော့ Angel Shaper မခံစားနိုင်ပါဘူး။ တော်တော်ဒေါသထွက်မိပါတယ်။

ငယ်ငယ်ကတည်းက အဖေ ဆုံးမထားတာ တစ်ခုရှိပါတယ်။ "သမီး။ သူများတွေက သမီးကို ဘယ်လိုပြောပြော၊ ဆဲဆဲ သည်းခံတတ်ပါစေ။ စိတ်မဆိုးပါနဲ့။ အလွန်ဆုံး ချီးထုတ်လေး၊ ခွေးမလေး ပြောရင်တောင် စိတ်မဆိုးပါနဲ့ ကွယ်။ ဘာလို့လဲဆိုတော့ ငါ့သမီးက ချီးထုတ်မှ မဟုတ်တာ။ ခွေးမလေးမှ မဟုတ်တာနော်" လို့ အရာရာမှာ စိတ်တို၊ စိတ်ဆတ်ပြီး၊ ဒေါသထွက်လွယ်တဲ့ စိတ်မရှည်တဲ့ တို့ကို ဖေဖေ အဲလို ဆုံးမခဲ့ဖူးပါတယ်။ တို့ ရဲ့ Shaper ကြီး တစ်ယောက်ဖြစ်တဲ့ အကို၊ အဘ၊ ဘကြီးမိုး ကလဲ ခံစားလွယ်၊ စိတ်တိုလွယ်တဲ့ တို့ကို "Try To Watch Your Feeling And Know That What Your Mind's Happening, So That You Can Control Yourself " ဆိုပြီး သေချာဆုံးမထားဖူးပါတယ်။ အဲလို ဆုံးမ ခဲ့ကြပါရက်နဲ့ ဒီနေ့  စိတ်လိုက်မာန်ပါ ပြန်ရန်စွာမိတဲ့ အတွက် ဒီနေရာ ကနေ သူတို့ကို တောင်းပန်လိုက်ပါတယ်။ နောက်ကို စိတ်ထိန်းနိုင်အောင်လည်း ကြိုးစားပါ့မယ်လို့ မချင့်မရဲ ဂတိထပ်ပေးပါတယ်။

ဒီနေ့တော့ အင်မတန် ဒေါသထွက်မိတာ အမှန်ပါ။ ဘာသိဘာသာ နေလိုက်ရင် ရမဲ့ ကိစ္စလေးပါ။ ဒါပေမယ့် မနေတတ်ခဲ့ပါဘူး။ သူတို့ကို ပြန်ပြောမိပါတယ်။ "တို့ကို အဲလိုမဆဲပါနဲ့။ လူလိုပြောပါ။ နားလည်အောင်ပြောပါ။ တို့ဟာ ဒီမှာ ဈေးဝယ်သူကို ကူညီဖို့  အလုပ်လုပ်နေတာပါ။ အဓိပ္ပာယ်မရှိတဲ့ စကားမျိုး သုံးပြီး မစော်ကားပါနဲ့" လို့  ပြန်စွာမိပါတယ်။ သူတို့ ကိုယ့်ကို အဲလို ထဆဲစရာ ဘာအကြောင်းမှ မရှိတာပါ။ သူ့ဟာသူ Local မကလို့  မိုက်ကယ်လ် ဖြစ်နေရင်တောင် လုံးဝ ဂရုမစိုက်ပါဘူး။ မကြောက်ပါဘူး။ (ရန်ကုန်မှာ Kick Boxing ထိုးလာ ခဲ့သူပါ။ Akido လည်း နဲနဲ ရသေးတယ်။ ဟဟားးးး သူတို့လောက်တော့ မဖြုံပါဘူး။ မလန့်မိပါဘူးလေ။) Angel Shaper ကိုယ့်ကိုယ်ကို တန်ဖိုးထားပါတယ်။ အလုပ်ကိုလဲ သိက္ခာတရား၊ ကိုယ်ကျင့်တရားနဲ့ တတ်နိုင်သလောက် ကောင်းမွန်စွာ ကြိုးစားပြီးလုပ်ပါတယ်။ သူတို့စိတ်ရှိတိုင်း အသားလွတ်ဆဲတာ ခံနေရအောင် ကိုယ်ဟာ အပေါစား ဈေးသည်၊ အောက်တန်းစား ဈေးသည်လည်း မဟုတ်သလို၊ မကောင်းတာ လုပ်စားနေတာလည်း မဟုတ်ပါဘူး။ အဲဒီတော့ လုံးဝကို ဂရုမစိုက်ပါဘူး။ ကိုယ့်ကို အဲလို ဆဲတာ မကြိုက်ပါဘူး။ အဲဒါကြောင့်ကိုယ်လဲ မဆဲပါဘူး။

ဘယ်သူ့ကိုမှ မကြောက်လို့  ဒူဘိုင်းကိုလာတာပါ။ Angel Shaper ဒီလို နိုင်ငံကို လာပြီး အလုပ်လာလုပ်ဖို့ ဘယ်သူမှ မတိုက်တွန်းပါဘူး။ ကိုယ့်ဘာသာ ဆုံးဖြတ်ပြီးမှ လာတာပါ။ မြန်မာပြည်ကနေ အဝေးသင်ဘွဲ့လေး တစ်ခုတောင် မယူခဲ့ရတဲ့ တို့ ဟာ ရန်ကုန်မှာ IELTS ဖြေပြီး နိုင်ငံခြားကျောင်းတက်နိုင်ဖို့  ထွက်လာခဲ့တာပါ။ ကျောင်းလခတွေလည်း သွင်းပြီး သွားပါပြီ။ အားလုံး ဆင်သင့်ဖြစ်နေပေမယ့် ဗီဇာ တင်တဲ့ နေရာမှာ မပြည့်စုံလို့ နောက်နှစ် စာသင်နှစ် ရွေ့လိုက်ရပါတယ်။ ဒီတော့ အဲဒီ တစ်နှစ် အတွင်း ဘာသင်တန်းတွေ တက်ရမလဲ၊ ဘာလုပ်ရင်ကောင်းမလဲ စုံစမ်းရင်းနဲ့ အလုပ်အင်တာဗျူးခေါ်တာတွေ့တော့ လျှောက်ကြည့်တယ်။ အင်တာဗျူးကို ဘာရယ်မဟုတ် အတွေ့အကြုံရအောင် ဝင်ဖြေကြည့်မိပါတယ်။ အတူဖြေတဲ့ သူတွေက ဘွဲ့တွေလည်းရပြီး အလုပ် အတွေ့အကြုံ ဘယ်စင်တာ၊ ဘယ်ပလာဇာ၊ ဘယ်ဆိုင်မှာ ဘယ်နှနှစ် အတွေ့အကြုံရှိ၊ ဆိုတာတွေ မြင်ရပါတယ်။ ကိုယ်ကျတော့ ၁၀တန်းအောင်ပြီး ဘာအလုပ်မှမလုပ်ဖူးဘူး။ ကျောင်းတက်ဖို့လုပ်နေဆဲလူတစ်ယောက်ဆိုတော့ နဲနဲတော့ ရယ်ရတာပေါ့လေ။ ကုမ္ပဏီရဲ့ Area Manager ကိုယ်တိုင် ဒူဘိုင်းကနေလာဗျူးတာပါ။ သူက အလုပ်နဲ့  ပတ်သက်တာ တစ်ခုမှ မမေးပါဘူး။ မေးရင်လဲ ဖြေတတ်မှာ မဟုတ်ဘူးလေ။ အဲလိုနဲ့ ဒူဘိုင်းကို သွားရမှာနော်တဲ့။ အင်တာဗျူးဖြေဖို့ လာကတည်းက ဒူဘိုင်းဆိုတာ မြန်မာပြည် ရဲ့ ဒေသ တစ်ခုခုလို့  ထင်ထားခဲ့လို့ လာလျှောက်တာပါ။ ဟဟားးး အဲလောက် ဗဟုသုတ ကြွယ်ပါတယ်။

အဲလိုနဲ့ အင်တာဗျူးအောင်တယ်ပေါ့။ ဗီဇာကျပြီလဲဆိုရော စဉ်းစားရပါတော့တယ်။ ၃၊ ၄နှစ် ကျောင်းသွားတက် ပြီးရင် အလုပ်ကို လုပ်ရမှာပါပဲ။ ပြီးတော့ အဲဒီ ၃၊ ၄ နှစ်မှာ ကုန်ခဲ့တဲ့ငွေတွေကို ပြန်ရှာဖို့ တော်တော်လေး ပြန်ကြိုးစားရမယ်။ အတွေ့အကြုံလည်းလိုအပ်လာမယ်။ ခုမထင်မှတ်ပဲ အလုပ်ရတော့ လုပ်ကြည့်မှပါပေါ့။ ပြီးတော့ ကိုယ်က တစ်နှစ်ကြီးတောင် အားနေတာပဲ။ မုန့်ဖိုးတောင် စုဖြစ်ဦးမယ် ဆိုပြီး ဖေဖေ့ကို ဖုန်းဆက်၊ အိမ်ပြန်ပြီး အားလုံးကိုနှုတ်ဆက် ဆုံးမစကားတွေနာယူပြီး ထွက်လာခဲ့တာပါ။ တကယ်ဆို မရင့်ကျက်သေးတဲ့ ကလေးဆိုးသာသာတို့ကို အဘွားဆို ခုထိ စိတ်မချပါဘူး။ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်တတ်တဲ့ ခပ်စွာစွာ ကလေးတစ်ယောက်ပါဆိုပြီး တဖွဖွနဲ့ အဆင်ပြေ၊ မပြေ စိတ်ပူကြတုန်းပါ။ ဒီအသက် ဒီအရွယ်နဲ့ ဒီကိုလာပြီး အလုပ်လာလုပ်တာ မချမ်းသာတဲ့ တို့ရဲ့မိသားစု အတွက်သက်သက်ပါ။ သိပ်ချစ်ရတဲ့ အဘွား၊ အဖေနဲ့အမေ မောင်လေး၊ ညီမလေးတွေနဲ့ မကျန်းမာတဲ့ ဦးလေး မိသားစု၊ ငယ်ငယ်ရွယ်ရွယ် မုဆိုးမ ဖြစ်ရရှာတဲ့ အဒေါ်တို့ သားအမိ၊ မိသားစုအားလုံး အတွက် အနစ်နာခံပြီး ကြိုးစားနေတဲ့၊ အရမ်းပင်ပန်းနေပြီဖြစ်တဲ့ စကာင်္ပူက တို့ရဲ့ အဒေါ်၊ လုပ်ချင်တာကို လုပ်ခွင့်မရသေးတဲ့ ဒေါ်လေးတို့အတွက်ပဲ ကြိုးစားပြီး စွန့်စားချင်မိတာပါ။

Angel Shaper ရဲ့ ပင်ကိုယ်စိတ်ကိုက အရမ်းကြီး ချမ်းသာကြွယ်ဝ ချင်တဲ့ ဆန္ဒလဲ မရှိလှပါဘူး။ လှချင်ပချင်တာ၊ ဝတ်ချင်စားချင်တာ၊ ဟိုဟာလိုချင် ဒီဟာလိုချင်တာ သိပ်မရှိသလောက်ပါပဲ။ အလှအပအတွက် အချိန်ကုန်၊ ငွေ အကုန်ခံပြီး ဘာမှ ထူးခြားလာမှာမဟုတ်တဲ့ ကိုယ့်ရဲ့ ပင်ကိုယ်ရူပကာအစွမ်းကို သိထားလို့ စိတ်မဝင်စားမိတာလဲ ဖြစ်ချင် ဖြစ်မှာပေါ့လေ။ ဘယ်လောက်တောင်လဲဆို တစ်ချို့  အလှပြင်ဘူးတွေ၊ ပစ္စည်းတွေကို ဖွင့်တောင် မဖွင့် တတ်ပါဘူး။ ဟဟားးး အဲလောက်ကို မိန်းမဆန်ပါတယ်။ Angel Shaper ဟာ သီချင်းလေးတွေရယ်၊ ဂစ်တာ တစ်လက်ရယ် ရှိပြီး၊ ရေခဲမုန့်  ပုံမှန်စားနေရရင် ကျေနပ်နေသူ။ ရော့ခ်သီချင်းကောင်းလေးတွေနဲ့ ကော်ဖီ ကောင်းကောင်း တစ်ခွက် ရှိနေရင် ပြည့်စုံတယ် ထင်တတ်သူပါ။

ခုချိန်မှာ မိသားစုကို လိုချင်တဲ့ ပုံစံရောက်အောင် ပြန်မလုပ်ကျွေးနိုင်သေးတာကိုတော့ ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်ရပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ ကြိုးစားရဦးမယ် ဆိုတာကိုတော့ နှလုံးသွင်းပြီး အားမွေးထားပါတယ်။ ဒီအလုပ်က ကိုယ့်အတွက် ပထမဦးဆုံး အလုပ်အတွေ့အကြုံဆိုတော့လဲ အင်မတန် ညစ်စရာတွေ များပါတယ်။ ဒီလို မိသားစု အတွက်ပဲ စွန့်စားချင်တဲ့ အတွက် ဘယ်လို အခက်ခဲ ပဲရှိနေပါစေ၊ သူတို့ အားလုံး အတွက် လုပ်နေရ တာပဲ ဆိုတာတွေးကြည့်မိရင် ပိုပြီးသည်းခံလာနိုင်သလို၊ အကုန်လုံးနီးပါး အဆင်ပြေလာပါတယ်။ ကြိုးစားချင် စိတ်လည်း ပိုရှိလာပါတယ်။ ချစ်စရာကောင်းတဲ့ မောင်အငယ်ဆုံး သားငယ်လေးက ဘယ်လိုစာရေးပြီး အားပေးသလဲဆိုရင် "မမရေ... အဆင်ပြေလား၊ ကျွန်တော်တို့ ညတိုင်း ဆုတောင်းပေးတယ်နော်။ ဘာမှအားငယ် နဲ့ သိလား။ ဘယ်သူ့ကိုမှလဲ မကြောက်နဲ့နော်။ အိမ်မှာလိုပဲ ခပ်စွာစွာနေ သိလား" တဲ့။ Angel Shaper မျက်ရည်တောင် ဝဲခဲ့ရတဲ့ အားဆေး တစ်ခွက်ပေါ့။

ဟိုးလွန်ခဲ့တဲ့ ၃၊ ၄ လောက်က တို့ ဆိုင်ကို ကုမ္ပဏီရဲ့ ဘော့စ်ဆိုသူ လာပါတယ်။ ဖြစ်ချင်တော့ မန်နေဂျာရဲ့ နားရက်ပါ။ တစ်နေ့ကပဲ ဒီနွေရာသီမှာ မရောင်းရတဲ့ အနွေးထည်တွေကို အပြင်မထုတ်ပဲ Stock Room ထဲမှာပဲ ထည့်ထားမိကြတာပေါ့။ သူအင်မတန်ဒေါသထွက်ပါတယ်။ ရှိသမျှ လူအကုန်ခေါ်ပြီး ဆူပါတယ်။ ဘာလို့ ဒီဂျာကင် အားလုံး ဒီထဲရောက်နေတာလဲလို့ တို့ကို မေးတယ်။ "ဒါတွေကို သမီးတို့ မန်နေဂျာက အထဲ ခနထားမယ် ဆိုလို့ ထားတာပါ" လို့ ဖြေခဲ့ပါတယ်။ သူက "ဒါဆို ပြတင်းပေါက်ကနေ ခုန်ချလို့ ငါခိုင်းရင် ခုန်ချမလား" တဲ့။ တော်တော် အဓိပ္ပာယ်မရှိတဲ့ စကားပါ။ "မခုန်ပါဘူး။ ဘာလို့ ခုန်ချရမှာလဲ။ အဓိပ္ပာယ်မရှိတာ" ဆိုတော့။ သူက "ဘာလို့ လဲ" တဲ့။ "ရော် သေမှာပေါ့ဗျ" လို့  ပြန်ဖြေခဲ့တယ်လေ။ သူက "ကဲ အဲလိုနင်တို့် ကို နာကျင်မယ် ဆိုတာသိတတ်ရင်၊ နင်တို့ခုလို ပေါ့ရော့တာ ငါ့စီးပွားရေးကို ထိခိုက်စေတယ်။ င့ါကို နာကျင်စေတယ်ဆိုတာ နားမလည်ဘူးလား" တဲ့။ "အယ်... ဒါကတော့ မန်နေဂျာက အဆင်ပြေအောင် လုပ်တာလေ။ ထားစရာနေရာလဲ မရသေးလို့ပါ" လို့ ပြန်ပြောတော့။ "ဒါဆို နင်တို့မန်နေဂျာထက် ငါ ပိုပြီး အာဏာရှိတယ်ဆိုတာ မြင်ချင်တာလားတဲ့ (အရေးထဲ အာဏာရူးနဲ့ လာတွေ့နေတယ်။ တို့ကြားဖူးတဲ့ နိုင်ငံ တစ်နိုင်ငံက အုပ်ချုပ်သူလို စိတ်မျိုး ဝင်နေသေးတယ်။ အာဏာလိုချင်တာ၊ ပြချင်တာ ကိုပြောတာပါ)။ လုပ်ပြမယ်တဲ့။ Dim မင်းကို နောက်တပတ် အိမ်ပြန်ပို့မယ်" တဲ့။ မဆီမဆိုင်လေ.... ပျော်ပျော်ကြီးပေါ့။ ကြားချင်တာကြာပေါ့ ထိုစကား။ တို့အပြုံးမပျက် "ဟုတ်ကဲ့။ အိုကေ။ ပို့ပါ။ ပြန်မယ်" လို့  အဖြေပြန်ပေးလိုက်ပါတယ်။ ဒီလိုကိစ္စလေးနဲ့ အိမ်ပြန်ပို့ မှာလား၊ ပို့ စမ်းပါလားဗျာ။ ပျော်လွန်းလို့ ကပြီးတောင် ပြန်မယ့်သူပါ။

သူက ပြောပါသေးတယ်လေ... "နင်တို့ မြန်မာနိုင်ငံမှာ ငွေဈေး ဘယ်လောက် ရှိတယ်။ အလုပ်လုပ်ရတာ ဘယ်လောက်ခက်ခဲတယ် ဆိုတာ ငါသိတယ်။ ဘယ်လိုအခြေအနေရှိတယ်" ဘာညာနဲ့ တို့နိုင်ငံကိုများ ရာရာနဲ့ စစ သူက အထင်သေးတဲ့စကား၊ စော်ကားချင်တဲ့ စကားတွေ လာပြောနေပါသေးတယ်။ ကိုယ့်အမိမြေထိရင် မခံတဲ့ Angel Shaper ပါ... ပြန်ပြောပါတယ်။ "ဟုတ်ပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် အမှန်အတိုင်း ပြောရမယ် ဆိုရင် သမီး ဒီကိုမလာခင် အလုပ်မလုပ်ဖူးသလို အလုပ်မရှိပါဘူး။ သင်တန်းတွေ၊ ကျောင်းတွေပဲ တက်ရပါတယ်။ အဲဒီအချိန် သမီးတို့အိမ်မှာ ထမင်းကို ပုံမှန်စားနိုင်သလို လူလိုသူလိုဝတ်ရပါတယ်။ ခု သမီး ဒီမှာ အလုပ်လာလုပ် တယ်။ ကျန်ခဲ့တဲ့ မိသားစုတွေ ချမ်းသာမသွားပါဘူး။" လို့ ပြန်ဖြေလိုက်ပါတယ်။ အိမ်ပြန်ရင်တောင် ကိုယ့်နိုင်ငံမှာ ငတ်သေမသွားဘူး ဆိုတာ ပြတာပါ။

သူက အံ့သြပါတယ်။ "Dim, I'm not Making you Fun, I'M Telling You Seriously" တဲ့။ "ဟုတ်ကဲ့ပါ၊ ဟုတ်ပါပြီ၊ အိုကေပါတယ်။" ဆိုပြီး ပြုံးပြုံးလေးပါပဲ။ အတူတူ အဆူခံရတဲ့ ဖားမကတော့ ငိုပြပါတယ်။ မပို့ပါနဲ့ပေါ့။ Angel Shaper ကတော့ မပြောပါဘူး။ ကိုယ့်ကိုယ်ကို မှားတယ်လို့ မှ မထင်တာ။ မန်နေဂျာအနေနဲ့လည်း အဓိပ္ပာယ်မရှိပဲ၊ ဒီလိုမလုပ်ဘူး ဆိုတာ ယုံကြည်ထားတယ်။ အကြောင်းရှိလို့ အထဲ ခနပို့ တာပဲလေ။ ဒီလိုနဲ့ ပဲ ဘောစ့်ဆိုသူက "နောက်တစ်ခါ မင်းတို့ မန်နေဂျာ လုပ်ခိုင်းတိုင်း လိုက်မလုပ်ပါနဲ့ အဓိပ္ပာယ်မရှိဘူး ထင်ရင် မေးပါ။" လို့ ပဲ နောက်ဆုံး လေပြေပြန်ထိုးသွားပါတယ်။

Angel Shaper ပြောချင်တာက ကိုယ့်နိုင်ငံမှာ ခက်ခဲနေပေမယ့် တစ်ခုခု ရှာကြံလုပ်ပြီး နေထိုင်စားသောက်လို့ ရပါသေးတယ်။ ဒီလို သူများနိုင်ငံမှာ အလုပ်လာလုပ်တာဟာလည်း အနဲဆုံး ပိုက်ဆံ ပိုရမယ်၊ ပိုစုမိမယ် ထင်လို့  လာခဲ့ကြတာမလား။ ကျွန်လာခံတာမှမဟုတ်တာ။ အလုပ်လာလုပ်တာပါ။ ဒီလို ကောင်းကောင်းမွန်မွန် အလုပ် လာလုပ်တာကို လူသားချင်းချင်း လာနှိမ်ချင်တယ် ဆိုရင်တော့ Angel Shaper လက်မခံတတ်ပါဘူး။ ကိုယ် ကောင်းတယ်ထင်ရင်လဲ ငြိမ်ခံမနေပါဘူး။ ဘယ်သူ့ကိုမှ ဂရုမစိုက်တာပါ။

Angel Shaper ဒီပိုစ့်ရေးတာ အင်မတန် ခံပြင်းလွန်းလို့ရယ်။ နောက်မှရောက်လာတဲ့ မောင်ငယ်၊ ညီမငယ်တွေ ဂျူနီယာလေးတွေကိုအဓိက ပြောချင်တာပါ။ သူများ ဘာပြောပြော ငြိမ်ခံပြီး အလျော့မပေးစေချင်တာပါ။ ရိုးရိုးသားသားနဲ့ အလုပ်ကို ကြိုးစားပါ၊ အမှားနည်းအောင်လည်း ကြိုးစားလုပ်ပါ။ အထက်လူကြီးပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ် သူများ လေးစားအောင်ကြိုးစားပြီး ကျင့်ကြံနေထိုင်ပါ။ အပြောမခံရအောင်လည်း နေပါ။ လာပြောရင်လဲ မခံပါနဲ့။ အထိခိုက်မခံပါနဲ့ ။ အနှိမ်မခံပါနဲ့။ အလုပ်လုပ်တာ သခင်လိုပဲလုပ်ပါ။ ကျွန်လို မလုပ်ပါနဲ့။ ကိုယ်လည်းလူ၊ သူလည်းလူပါ။ လူဟာလူပဲ ဘာမှမကွာပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်း တောင် ပညာပြ၊ အနိုင်ကျင့်တတ်တဲ့ သူတွေ ကြားရ၊ တွေ့ရပါတယ်။ Angel Shaper ကတော့ လုံးဝကို အနိုင်ကျင့် မခံသလို၊ ကိုယ်လဲ ပြန်မလုပ်တတ်ပါဘူး။ ဘယ်နိုင်ငံခြားသားမှ ဇွတ်မှိတ် အထင်မကြီးသင့်သလို၊ ခေါင်းငုံ့ခံပေးစရာလည်း မလိုဘူးလို့ မြင်ပါတယ်။ လူလူချင်းဟာ လူစိတ်မွေးပြီး Respect ပေးသင့်တယ် လို့ ပဲ ထင်ပါတယ်။ ဒီလောက်ပဲလေ။ ဘာကိုမှ မကြောက်ပဲ၊ စိတ်ဓာတ်ကြံ့ခိုင်ကြစေချင်ပါတယ်။ Angel Shaper တော့ တော်တော် ဆရာလုပ်တာပဲလို့ မမြင်စေချင်ပါဘူး။ ရင်ဘတ်ထဲက စေတနာမေတ္တာနဲ့ ခံပြင်းစိတ်လေးတွေကို နားလည်ပေးကြပါကုန်...........
အားလုံး အဆင်ပြေလို့ အောင်မြင်ပျော်ရွှင်ကြပါစေနော်။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
29.8.09 ( Sat; )
3:45 Am

သမီးရဲ့ မောင်နှမများအားလုံးကို သတိရနေပါသည်။
အားလုံး ကျန်းခန့်သာလို့ မာနေကြမယ်လို့ ယုံကြည်ယူဆကာ ဆန္ဒလေးလည်းပြုလိုက်ပါသည်။
သမီးလည်း သာလို့ မာလို့ ပါပဲ။ ဟီးးးဟီးးး
အိမ်လည်မထွက်နိုင် အသစ်မတင်နိုင် ခြင်းကို နားလည်ပေးစေချင်သည်။
အိမ်သစ်လေး ဆောက်နေ၍ ဘာမှ မလုပ်နိုင်၊ ဘယ်မှ မသွားနိုင်သေးပါ။
အိမ်သစ်လေး ပြီးမှ မောင်နှမများ နဲ့ ပျော်ပျော်ရွှင်ရွှင် အိမ်သစ်တက်ပွဲ လုပ်နိုင်ရန် အားခဲထားသည်။
အခုတော့ ဖေ့စ်ဘွတ်မှာ လယ်စိုက်ပြီး ပိုက်ဆံစုနေသည်။ ဟိဟိ
အစားအသောက်၊ အဆိုအတီး ပါနိုင်အောင်လဲ ကြိုးစားနေသည်။
အစားသောက်အတွက် သမီးရဲ့ မမမေမေ နဲ့ ညီမလေးမြူးကို အပူကပ်ထားသည်။
မမမေမေကတော့ ချက်ပေးပြီးပြီ။ စားချင်စဖွယ်လေးတွေမို့ လို့  အရင်ကစ်ရမလား စဉ်းစားနေသည်။
ဟိဟိ (ကိုသားကြီး ဒေါပွဦးမယ်)
ဟိုကောင်မလေး ကတော့ ခုထိ သတင်းလာမပို့ သေးပါ။
အားလုံးကို သတိရတယ်။ လွမ်းတယ်။ လင်ခ့်တွေလဲ မနည်းပြန်စုနေရတယ်။
လာချောင်းကြတာ ကျေးဇူးတင်တယ်။ ဟိဟိ
အားလုံးနဲ့ ပျော်ရွှင်ဖို့ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီး နိုင်အောင် ကြိုးပမ်းနေသည်။
ဒါပဲ။။။ ဒါပဲနော်
အားလုံးးးးးးးးးးးးးးးးးးးးးး အာဘွားးးးးးးးးး

ချစ်ခင်စွာဖြင့်
Angel Shaper
24. 8. 09 ( Mon; )
12: 50 Pm

နင်နဲ့ ငါဟာ တားမြစ်ချက်များစွာနဲ့ ဆုံခွင့်ရထားသူတွေပါ။
တစ်ချိန်တုန်းက နင်ငါ့ကို အရမ်းချစ်ခဲ့ပြီး၊ ငါလဲ နင့်ကို သိပ်ချစ်ခဲ့တာတွေဟာ
ခုတော့ ပုံပြင်လေး တစ်ပုဒ်လိုပါပဲလား။
ဒါပေမဲ့ အဲဒီပုံပြင်လေးကို ငါခုချိန်ထိ ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပြောပြနေမိတယ်။
ခုထက်ထိ သိပ်ကိုလေးနက်နေသေးတယ်ဟာ။
တကယ်တော့ ငါတို့ နှစ်ယောက်ဟာ ကမောက်ကမ လောကကြီးရဲ့ ချောက်ချတာကို ခံနေရတယ်။
နင့်ကို ငါချစ်သလို၊ ငါ့ကိုနင်သိပ်ချစ်ခဲ့တဲ့ ငါတို့ နှစ်ယောက်ရဲ့အချစ်တွေဟာ
လူတွေအမြင်မှာ နားလည်ရခက်သလောက် ငါတို့ နှစ်ယောက်အတွက်
ရှင်းလင်းပြတ်သားတဲ့ ပုစ္ဆာတပုဒ် အဖြေကို ညှိယူသလိုလေးပါပဲနော်။
ဒါပေမယ့် ငါ့ကို တစ်ယောက်တည်းထားခဲ့ပြီး နင်ဟိုးးးးးးးးးးးးးးးးအဝေးကြီးကို ထွက်သွားလိုက်တာ.....
ငါလုံးဝ မသိတဲ့ အဝေးတစ်နေရာမှ တကယ့်ကို အဝေးကြီးနော်။
ဘယ်ဆီမှာမှန်းကို မသိတဲ့ အဝေးကြီးကို နင်ပျောက်ကွယ်သွားခဲ့တယ်။
ကဲ...ပြောပါဦး
နင် နှုတ်ဆက်မသွားခဲ့သလို ပြန်လာမဲ့နေ့ ကိုလဲ မပြောခဲ့တဲ့
နင့်ရဲ့ ဂတိတွေ၊ သစ္စာတွေအတွက် ငါ နင့်ကို စောင့်နေပေးရဦးမှာလား။။။။
နင့်အတွက် ဆိုပြီး ငါ့အလွမ်းတွေ တနင့်တပိုး ထုပ်ပိုးထားခဲ့တာ ပုပ်သိုးသွားခဲ့ပြီ။
ငါ နင့်ကိုမချစ်ခဲ့ဘူး။ ငါနင့်ကို မလွမ်းခဲ့ဘူး။ ငါနင့်ကို မတမ်းတခဲ့မိပါဘူးဟာ။။
နင်ယုံတယ်မဟုတ်လား ဟင်။။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
18.8.09 ( Tue; )
4: 25 Am

တစ်ခါတုန်းက စာတော်ပြီး အရမ်းကြိုးစားတဲ့ ဆေးကျောင်းသားတစ်ယောက်ရှိတယ်။ အတန်းတိုင်းမှာလဲ ပထမရခဲ့တဲ့ သူက ပညာမာန်လေးလဲ ရှိသတဲ့လေ။ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားဖြစ်တဲ့ သူ့မှာ နှုတ်ဖြေဖြေဖို့ပဲ လိုတော့တဲ့ အချိန်လေးအတွက် တော်တော်လေးကို ပြင်ဆင်နေတယ်။ သူ့ကိုယ်သူလဲ ယုံကြည်မှု အပြည့်အဝရှိနေတယ်လေ။

ဒီလိုနဲ့ စာမေးပွဲနေ့ရောက်လို့ ပါမောက္ခကြီးက မေးခွန်းစမေးပါတယ်။
"မင်းဆီကို အသည်းအသန်ဖြစ်နေတဲ့ လူနာ တစ်ယောက်ရောက်လာမယ်။ မင်း ဒီဆေးတိုက်ရမယ်၊ ဟုတ်တယ်နော်။ ကဲ...မင်းသူ့ကို ဘယ်လောက်တိုက်မလဲ?" လို့ အင်မတန်လွယ်တဲ့ မေးခွန်းမေးလိုက်ပါသတဲ့။
အရမ်းတော်တဲ့ သူ့အတွက်ကတော့ ဒါဟာ အလွန်လွယ်တဲ့ မေးခွန်းလေးပါ။
သူ့ကိုတောင်မမေးသင့်ဘူးလို့ သူက ယူဆထားတာပေါ့လေ။ သူပြင်ဆင်ထားတာတွေနဲ့ ယှဉ်ကြည့်လိုက်ရင်တော့ မိုင်နာလေးပေါ့။ သူက ပြုံးပြီးတော့ ချက်ချင်း ပြန်ဖြေလိုက်တယ်။
"ကျွန်တော့်လူနာကို ကျွန်တော် ဒီဆေး တစ်ဝက်တိုက်ပါမယ်"။
ဒီလိုနဲ့ စာမေးပွဲပြီးလို့ သူ ပြန်လာတယ်။

လမ်းမှာ သူဖြေခဲ့တာတွေကို ပြန်စဉ်းစားလိုက်တယ်။ သူတိုက်လိုက်တဲ့ ဆေးတစ်ဝက်ဟာ အသည်းအသန် ဖြစ်နေတဲ့ လူနာတစ်ယောက်အတွက် တော်တော်လေး များနေတယ်။ အမှန် သူတိုက်ရမဲ့ ဆေးက သုံးပုံတစ်ပုံပဲ ဆိုတာ သူပြန်သတိရလိုက်တယ်။
ဒီလိုနဲ့ စာမေးပွဲခန်းထဲကို သူ အမြန်ပြေးလားပြီး ပါမောက္ခကြီးကို ဝင်ခွင့်တောင်းတယ်။
"ပါမောက္ခကြီး ခင်ဗျာ၊ ကျွန်တော့်ကို ဝင်ခွင့်ပြုပါ။ ကျွန်တော်တိုက်လိုက်တဲ့ဆေး အရမ်းများသွားပါတယ်။
တကယ်တိုက်ရမှာက သုံးပုံတစ်ပုံထဲပါ။ " လို့ ပြောပြလိုက်တယ်။
ပါမောက္ခကြီးက သူ့ကို စိတ်မကောင်းတဲ့ မျက်နှာနဲ့ တစ်ချက်ကြည့်ပြီး..................
"စိတ်မကောင်းပါဘူး။ လွန်ခဲ့တဲ့ ၁၅မိနစ်ကပဲ မင်းလူနာ ဆုံးသွားပါပြီ" တဲ့လေ။

ဒီပုံပြင်တိုလေးဟာ Angel Shaper ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ မဂ္ဂဇင်း ဝတ္ထုတိုတစ်ပုဒ်လေးထဲကပါ။
ဝတ္ထုတိုလေးကိုတော့ သိပ်မမှတ်မိတော့ပါဘူး။ ဒီပုံပြင်လေးကတော့ ဝတ္ထုတိုထဲက
ကောင်မလေး၊ သူ့သူငယ်ချင်း ကောင်လေးကို ပြောပြထားတဲ့ပုံပြင်လေးပေါ့။

Angel Shaper ဒီပုံပြင်လေး ဖတ်မိတုန်းက တော်တော်လေး ငယ်ပါသေးတယ်။ ဒီပုံပြင်ဖတ်ပြီးတော့ ရင်ဘတ်ထဲကို ဘယ်လိုကြီးလဲ မသိတဲ့ ခံစားချက်တစ်ခု ရလိုက်တယ်။ စိတ်ထိခိုက်တာလား၊ နှမြောတာလား မသိဘူး။ ဘာမှန်းကို မသိတာပါဆို။ အင်မတန် ရှပ်ပြာပြာနိုင်ပြီး ပေါ့လျော့လွန်းတဲ့ Angel Shaper အတွက် သိပ်ကို တန်ဖိုးရှိတဲ့ပုံပြင်လေးပေါ့။ ပုံပြင်ထဲက ကျောင်းသားလေးကတော့ သူ့မာန်လေးတွေအတွက် ပေါ့လျော့ ခဲ့တာ ဖြစ်ပေမယ့်၊ မာန်တက်စရာဘာမှ မရှိတဲ့ Angel Shaper ကတော့ ရှပ်ပြာပြာနိုင်တဲ့ ပေါ့လျော့မှုတွေ အတွက်၊ စိတ်ဆတ်ပြီး စိတ်မြန်လွန်းတဲ့ အကျင့်လေးတွေအတွက် ပေါ့လေ။ ဒီပုံပြင်ကို မှတ်ထားပြီး ကျောင်းရောက်တော့ သူငယ်ချင်းတွေ အားလုံးကို ပြန်ပြောပြဖြစ်တယ်။ တို့တွေ ဒီပုံပြင်ထဲကကျောင်းသားလို အနာဂတ်ဘဝအတွက်၊ တို့ပတ်ဝန်းကျင်က လူတွေအတွက် မာန်တက်ပြီး ပေါ့လျော့နေမဲ့အစား သတိကြီးစွာ လူတွေကို ကယ်တင်ကြမယ်နော်။ ကြိုးစားကြမယ်နောဆိုပြီး အရွယ်နဲ့မလိုက်တဲ့ စကားလုံးအကြီးကြီးတွေသုံးပြီး သူငယ်ချင်းတွေကို ဆရာလုပ်ဖြစ်ခဲ့ဖူးတယ်။

ဒီလိုပါပဲ လူတွေအားလုံး မှားတတ်ကြတာပဲ။ မဆန်းပါဘူး။ ခဲတံလေးတွေမှာ ခဲဖျက်လေးတွေ ထည့်ပေးထားတာ မှားတတ်လွန်းတဲ့ လူတွေအတွက်ပဲ မဟုတ်လား။ "မမှားသော ရှေ့နေ၊ မသေသောဆေးသမား" ဆိုတဲ့ စကားပုံ လေးတောင် ရှိသေးတာပဲလေ။ မှန်ပါတယ်။ ဒါတွေက နောက်ပြန်ဆုတ်လို့ မရတဲ့ အမှားတွေ၊ ခြေလှမ်းတွေလဲ ရှိတယ်ဆိုတာ ဖော်ပြလိုက်တာပါပဲ။ ဒီလိုအမှားမျိုးက ကိုယ့်ဘဝ၊ ကိုယ့်အနာဂတ်ကိုသာမက၊ လူ့အသိုင်းအဝိုင်း ကိုယ့်ဘေးပတ်ဝန်းကျင်ကိုပါ ကြီးမားတဲ့ ဆုံးရှုံးမှုတွေတောင် ဖြစ်စေနိုင်တယ်လေ။ ဒီလိုအမှားတွေရဲ့ အခြေခံ ဇစ်မြစ်ဖြစ်တဲ့ ငါဆိုတဲ့ မာန်မာနလေးတွေ၊ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်း၊ ယုံကြည်မှု လွန်ကဲလွန်းနေတာတွေ လျှော့ပြီး အရာရာကို သတိကြီးစွာနဲ့ ဆုံးဖြတ် လုပ်ဆောင်ကြည့်ရင်တော့ ဒီလိုအမှားမျိုး မရှိသလောက်ကို နည်းသွားမယ် လို့ ထင်ပါတယ်။

တစ်ချို့ အမှားတွေကတော့ ပြန်ပြင်ယူလို့ရတဲ့ အပြင် ဘဝအတွက် သင်ခန်းစာတွေ၊ အတွေ့အကြုံတွေ၊ ရင့်ကျက် တိုးတက်မှုတွေတောင် ပေးတတ်ပါသေးတယ်။ ဒီလိုအရာလေးတွေ အတွက်တော့ အမှားကိုမြင်ပြီး ပြန်ဖျက်ရဲ ရမယ်။ ပြန်ရေးနိုင်ရမယ်လေ။ မှားတတ်လို့ ဆောင်ထားကြတဲ့ ခဲဖျက်လေးတွေလိုပေါ့။ ပြန်ဖျက်ပြီး ပြင်ယူသင့်ရင် ပြင်ယူရမယ်။ ဒါမှ ပိုကောင်းတဲ့အမှန်တရားတွေရလာမှာပေါ့။

ကဲ... တို့ အမှားလေးတွေလဲ ခဲဖျက်လေးနဲ့ ပြန်ဖျက်ယူလို့ရသလား? ဒါမှမဟုတ် ပြန်ဖျက်မရတဲ့ ပုံပြင်ထဲက ကျောင်းသားလေး လိုပဲ မာန်တွေတက်ပြီး ပေါ့လျော့မိလို့ ကိုယ့်အနာဂတ် သာမက ဘေးပတ်ဝန်းကျင်ကကိုပါ ဒုက္ခများပေးနေမိသလား ?
ကိုယ့် အတ္တ၊ မာန်မာနလေးတွေကြောင့် လူ့ ပတ်ဝန်းကျင်ကို ဆုံးရှုံးပျက်စီးစေခဲ့မိသလား၊ ဘယ်နှစ်မိနစ်ရှိနေပြီလဲ?


ချစ်ခြင်းများစွာဖြင့်
Angel Shaper
6.8.09 ( Thur; )
2:00 Am

Angel Shaper H1S1 ရောဂါကို အပြင်းအထန်ခံစား နေရပါတယ်။
ဒီဗိုင်းရပ်စ်ဟာ ခုတလော အရမ်းကို သောင်းကျန်းပြီး
ရက်ရက်စက်စက် နှိပ်စက်နေတယ်လေ။
အထူးသဖြင့် မိသားစု၊ မောင်နှမ၊ သူငယ်ချင်းတွေနဲ့
အကြာကြီး ခွဲပြီး နေနေရတဲ့ ဒီနေရာမှာ ရောဂါပိုဆိုးတတ်ပါတယ်။

ဒါတောင် ဒီမှာ အတူနေရတဲ့ သူတွေက မောင်နှမအရင်းလို ချစ်ခင်စည်းလုံးကြတာနော်။
ဒီက အကို၊ အမတွေ၊ မမြင်ဖူးသေးတဲ့သူငယ်ချင်းတွေ၊ ဘလော့ဂါ မောင်နှမတွေ၊
အွန်လိုင်းပေါ်က သူငယ်ချင်းတွေ၊
အားလုံး အားလုံးက နွေးနွေးထွေးထွေး ခင်ခင်မင်မင်နဲ့
ခံစားချက်တွေကို စာနာနားလည်ပြီး ကူညီရိုင်းပင်းခဲ့ကြပါလျက်နဲ့
ဒီရောဂါကို ဘာကြောင့်များခံစားနေရလဲ ဆိုတာ အဖြေရှာမရပါဘူး။
ဒီလူတွေနဲ့ မပျော်တာလဲ မဟုတ်ဘူး။ ပျော်လိုက်တာ၊ ကဲလိုက်တာမှ တခါတလေ အိပ်တောင် မအိပ်ရပါဘူးဆို။

ဒီ H1S1 ရောဂါဟာ သိပ်ဆိုးပါတယ်။
ခံစားဖူးတဲ့ သူတွေ၊ ခံစားနေရတဲ့သူတွေပဲ စာနာနားလည် ပေးနိုင်မှာပါ။

ဒီဗိုင်းရပ်စ် ဟာ လူကို တကယ် ဒုက္ခပေးပါတယ်။
လုပ်ချင်၊ ကိုင်ချင်စိတ်တွေ လျော့နည်းလာစေမယ်၊
အစာစားချင်စိတ်လည်း မရှိတော့ဘူး။
(Angel Shaper ကတော့ အဲဒီရောဂါကြောင့်လားမသိဘူး
ပိုပြီး အစားဝင်လာလို့ ဝိတ်နည်းနည်းတက်လာတယ်.. အဟိ)
စိတ်ရော၊ လူရော လုံးဝ နွမ်းပြီး၊ အခန့်မသင့်ရင် စိတ်ကျရောဂါပါ
ဝင်သွားစေနိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးဖြစ်ပြီး
ဘဝ တိုးတက်မှု အတွက် ကြီးမားတဲ့ အန္တရာယ်တစ်ပါးပါ။
အခန့်မသင့်ရင် စိတ်အနေအထားပါ ချို့ ယွင်းသွားတတ် ပါသေးတယ်။

ဒါကြောင့် Angel Shaper ဒီရောဂါကို ဒီအတိုင်း ဘလိုင်းကြီး ငြိမ်ခံနေလို့ မဖြစ်ဘူးဆိုပြီး
အစွမ်းကုန် တတ်သလောက်၊ မှတ်သလောက် ကိုယ်တိုင်ကုသနေပါတယ်။

Angel Shaper ကို နှိပ်စက်နေတဲ့ H1S1 ရောဂါဆိုတာ တခြားမဟုတ်ပါဘူး။
အားလုံးသိထားပြီးသား ရောဂါပိုးလေး တစ်မျိုးဖြစ်တဲ့ HOME SICKNESS ပါပဲ။
ခုချိန်မှာ ဒီရောဂါကို အစားများများ စားပေးခြင်း၊ အိပ်ရေးဝဝအိပ်ခြင်းနှင့် အစားထိုးကုသခြင်း၊
သီချင်းများများနားထောင်ခြင်း၊ ဂစ်တာတီး ၍ စိတ်ကြိုက်သီချင်းများ အော်ဟစ်ခြင်း၊
မောင်နှမများ၏ အိမ်များသို့  လည်ပတ်၍ စိတ်အစာကျွေးခြင်း၊
မတတ်တခေါက် စာလေးများရေးခြစ်ခြင်း တို့ နဲ့  ကုသမှု ခံယူနေပါတယ်။

တကယ်လို့ များ အားလုံးရဲ့ အနီးအနား ပတ်ဝန်းကျင်မှာ
ဒီရောဂါ ခံစားနေရတဲ့သူ များရှိခဲ့ရင် လက်တို့ ပြီး သတင်းပေးပါ။
Angel Shaper ရဲ့ ဆေးမြီးတိုလေးလဲ လက်ဆင့်ကမ်းပေးပေါ့။
အင်မတန်ထိရောက်ပါတယ်။

ကဲ... ဘယ်သူတွေ ဒီဗိုင်းရပ်စ်နှိပ်စက်ခြင်း ခံနေရလဲ?
ဆေးမြီးတိုလေး လက်ဆင့်ကမ်းရင်း အားလုံးပဲ ပြုံးပျော်ကြည်နူးနိုင်ကြပါစေလို့  ဆန္ဒပြုရင်း

ချစ်ခြင်းများစွာဖြင့်
Angel Shaper
28.7.09 ( Tue; )
1:50 Am

" ဖြတ်သန်းသွားလာခွင့်မပြု " ဆိုတဲ့ ငါ့နှလုံးသားကိုမှ
နင်က ဝင်လာချင်တယ်။
ငါ့ခွင့်ပြုချက်အပြည့်အဝမရခင် အတင်း ဝင်ချလာတယ်။

နင့်ရဲ့ အတ္တတွေ၊ မာနတွေအတွက် ငါ့ကိုထားခဲ့ပြန်တယ်။
နင် ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို့ ရအောင်
ငါ့နှလုံးသားကို ကျောင်းဝင်းထဲက ကင်တဲန်းများမှတ်နေလား?

စိုင်းစိုင်းခမ်းလှိုင်ကပြောတယ် " အချစ်နှစ်ခု ပေါင်းစပ်တဲ့အခါ၊
မိဘအသိုင်းအဝိုင်းရဲ့ စွက်ဖက်မှုတွေမပါရင် သိပ်ကောင်းမှာနော် " တဲ့။
ငါတို့ နှစ်ယောက်ရဲ့ အချစ်ကို ဝင်ရောက်စွက်ဖက်သွားတာ မိဘအသိုင်းအဝိုင်းတွေ မဟုတ်သလို၊
မတူညီတဲ့သဘောထားတွေကြောင့်လဲ မဟုတ်ပါဘူး။
ငါတို့ နှစ်ယောက် စိတ်တူကိုယ်တူ ချစ်ခဲ့ကြပါလျက်နဲ့
ငါတို့ ရဲ့ ဦးနှောက်နဲ့ မာနတရားတွေက ဝင်ရောက် စွက်ဖက်သွားကြတာပါ။
နင်အဲဒါကို မသိချင်ယောင်ဆောင်ပြီး နှုတ်ဆိတ်နေခဲ့တာ ငါတကယ် ရင်နာတယ်။

ငါ့ရဲ့ နှလုံးအိမ်မှာ ကိုယ့်သဘောနဲ့ကိုယ် Sign Up လုပ်သွားပြီးမှ Password ကိုဖျောက်ထားခဲ့တယ်။
ငါ့ကိုလဲ ညာလိုက်သေးတယ်နော်။ " ငါ Password မေ့သွားပြီ။ ဝင်လို့ မရတော့ဘူး " တဲ့။
ဟဟဟားးးးးးးးးးးးးးးးး လို့ သာအော်ရယ်လိုက်ချင်ပါတယ်ဟာ။
ငါ့နှလုံးသားကလဲ Password မပါရင် ဝင်လို့မရတာ နင်အသိပါလေ။

ခုဆို ဘယ်သူပဲ ကြိုးစားကြည့်နေပါစေ...........
Wrong User Name Or Password!!!!! ဆိုတာပဲ ပေါ်နေလေရဲ့။
ငါလဲ ဘယ်လိုမှ မတတ်နိုင်တော့ဘူးဟာ။
ခုတော့ User မရှိတော့တဲ့ ငါ့နှလုံးအိမ်မှာ လာရောက်ပြင်ဆင်ပြီး၊
ထပ်မံဖြည့်စွက် ပြုပြင်မဲ့သူမရှိရှာတော့ စုတ်ပြတ်သတ်နေပြီပေါ့။

ဘာပဲဖြစ်ဖြစ်.........ခံရခက်တယ်။ ခါးသီးတယ်။
ဒါပေမဲ့ဝဋ်တစ်ခုကျွတ်တယ်။
နင်ပျော်နေပါစေ။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
25.7.09 ( Sat; )
10:20 Pm

ကိုသားကြီးရဲ့ တက်ဂ်လေး ရေးကြည့်လိုက်မှ သိလိုက်ရတယ်။
ကိုယ်ဘယ်လောက် ပေါ့ဆလိုက် ပါသလဲဆိုတာကိုပါ။ စိတ်လဲလုံးဝမကောင်းပါဘူး။
ကိုယ့်ကို ဝင်မန့်ထားတာလေးတွေ ကို ပြန်လှန်ကြည့်လိုက်တော့လေ......
ငါ့ညီမလေးငှက်က အဖေ့အတွက် ကဗျာမှာ မန့် ခဲ့တုန်းက တက်ဂ်သွားကြောင်း ပြောခဲ့သေးတာပဲနော်။ တကယ်ပါပဲ။။။ ငှက်ရေ...မင်းအမဟာလေ မင်းလိုမဟုတ်ပါဘူးကွယ်။
ညံ့ပါ့၊ တုံးပါ့။ ရှက်ရှက်နဲ့ ဝန်ခံပါရစေကွယ်နော်။
ညီမလေး အဖြစ်ချင်ဆုံး ဆန္ဒဆိုတာလေးရေးတဲ့ ပိုစ့်ကို ဖတ်ခဲ့သေးတယ်။
ကိုယ့်နာမည်တွေ့ တော့ အော် သူခင်တဲ့သူတွေ နာမည်ချရေးတာပဲလို့ ထင်ခဲ့မိတာပါ။
တက်ဂ်ဆိုတာ ကိုမသိခဲ့တာပါကွယ်။ (မျက်နှာဘယ်ထားရမှန်းမသိတော့ဘူး..ဟီးးးးးးးး ရှက်လိုက်တာ) အဲဒီတုန်းက " မမရေ အားလည်းနာတယ်နော် မမကို တက်ဂ်ထားတယ် " ဆိုတာကို နားမလည်လို့ ယောင်ချာချာနဲ့  ဘာပြောသွားမှန်းတောင်မသိလိုက်တာဟေ။
မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါတယ်။ ဂယ်ပါပဲ...
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမည် ဆိုလျှင်ဖြင့် သူငယ်ချင်းတို့ ၏ ဘလော့များ ဝင်ဝင်ဖတ်မှ တက်ဂ်ဆိုတာကိုသိလိုက်ရခြင်းဖြစ်ပါ၏။
အဘိဓာန်ဆိုသည်ကိုလည်း ပျင်းရိသော အကျင့်ကြောင့် မသိသော စကားလုံးရှိလည်း မလှန်မိပါ။
ဤသူမှာ အခြားသူမဟုတ်ပါ ညံ့ဖျင်း ၍ ပျင်းရိလွန်းသော အကျွန်ုပ် ပင်ဖြစ်ပါ၏။
ညီမလေးရေ... တကယ်စိတ်မကောင်းပါဘူး။
ငါ့ညီမလေး ထင်ရှာရော့မယ်.... သူ့ ကိုဂရုမစိုက်ဘူးလို့ လေ။
မဟုတ်ဘူးနော်။ တကယ်တောင်းပန်ပါတယ်ကွယ်။
ပြန်ရေးပေးမယ်နော်။ ခွင့်လွှတ်ပါကွယ်။
ဖြစ်အောင်တော့ ရေးကိုရေးပစ်လိုက်ဦးမယ်။
ပထမဦးဆုံးရဖူးသောတက်ဂ်ကလေးရဲ့ ရှေ့မှာ ရရှိခဲ့ဖူးတဲ့ တက်ဂ်ဦးလေးလို့ လေ။

အကျွန်ုပ် Angel Shaper သည် အဖြစ်ချင်ဆုံးသောဆန္ဒဟူသည့်
ချစ်ငှက်မလေး၏ တက်ဂ်ပိုစ့်အား ကြိုးစား၍ မကြာမီရေးပေးပါမည်ဟု
ဤတောင်းပန်စာဖြင့် အများသိစေရန် ၀န်ခံဂတိပြု လက်မှတ်ထိုးပါ၏။
မကြာမီ၊ လာမည်၊ မျှော်......

ချစ်ခြင်းများစွာဖြင့်
Angel Shaper
19.7.09 ( Sun; )
3:5 Am

ဟူးးးးးးးးး ပညာရှိသတိဖြစ်ခဲတဲ့။ (ခုထိမလျော့သေး....ဟိဟိ)
(အဟဲ... ငါ့တောင်းပန်စာလေး အာဇာနည်နေ့ အမှတ်တရ ပိုစ့်လေးတောင်
ဖြစ်မှန်းမသိဖြစ်သွားပါရော့လား ...ဟရို့ )

လူ့လောကကြီးထဲမှာ တစ်နေ့ တစ်နေ့  လှုပ်ရှားရုန်းကန်နေကြရတယ်။
လူတွေလူတွေ မနက်အလုပ်သွား၊ ညနေ ပြန်လာ ဒီလိုနဲ့ ပဲ
တစ်နေ့ တာအချိန်တွေ ပြီးသွားတော့လဲ ပြီးသွားတာပါပဲ။

တစ်ရက်တစ်ရက် စားဖို့ သောက်ဖို့  ဈေးသွား ဝယ်ခြမ်းပြီး၊ ပြင်ဆင် ချက်ပြုတ်၊
စားကြ သောက်ကြ၊ ပြီးသွားတော့လည်း ပြီးသွားတာပါပဲ။

လှဖို့ ပဖို့  တစ်နေ့ တစ်နေ့  ပြင်ရဆင်ရ ဖြီးရ လိမ်းရ၊
ညနေမိုးချုပ် မိတ်ကပ်ပြန်ဖျက် မျက်နှာပြန်သစ်ရနဲ့ အင်းးးးးး ပြီးသွားတော့လည်း ပြီးသွားတာပါပဲ။

အချစ်ဆုံးသူငယ်ချင်းတွေ တွေ့ကြဆုံကြ၊ ခင်ကြမင်ကြ၊ ပျော်ကြပါးကြ၊
ပြန်ခွဲခွာကြရနဲ့ သံသရာ စက်ဝိုင်းထဲ လည်ပတ်ရင်း ပြီးသွားတော့လဲ ပြီးသွားတာပါပဲ။

ကောင်လေးနဲ့ ကောင်မလေး စတွေ့ ချစ်ကြိုက်၊ ခွဲကြ ကွဲကြ၊ အသည်းကွဲကြ
အချိန်တန်တော့လည်း ပြီးသွားတော့လဲ ပြီးသွားတာပါပဲ။

ရွက်ဟောင်းတွေကြွေ ရွက်သစ်လေးတွေဝေလို့ 
အသက်လေးတွေ တဖြည်းဖြည်းကြီးရင့်လာတယ်၊ ဘာကိုမှ မယ်မယ်ရရ မလုပ်ဖြစ်သေးဘူး။
ပြီးသွားတော့လည်း ပြီးသွားမှာပါပဲလား? ......
ဒါ လောကဓမ္မတာတဲ့လား? ........

အဲလိုမဖြစ်ချင်ဘူး..........
ဟင့်အင်း...... လွယ်လွယ်နဲ့ ဘာမှ ပြီးမသွားစေချင်ဘူး။
မျှော်လင့်ချက်လက်ကျန်လေးတွေ ပိုက်ထွေးလို့ 
ဘဝ.... ဘဝ.... လေးတွေ အတွက်
ဆက်လက် ကြိုးစား ရုန်းကန်ချင်သေးတယ်။

ဘဝတစ်ခု ပြီးဆုံးမသွားခင် တစ်ခုခုတော့ ဖြစ်ခဲ့ချင်သေးတယ်။ လုပ်ခဲ့ချင်သေးတယ်။
ဘဝဆိုတာကြီးကို ရေစုန်မမျှော လိုက်ချင်ဘူး။ မျှောမပစ်လိုက်နိုင်ဘူး။
ငါ..... ဘာလုပ်ရမလဲ... ဘာလုပ်သင့်လဲ?
ငါဘယ်လို ရှေ့ဆက်ကြိုးစား သွားရမလဲ?

ချစ်ခြင်းများစွာဖြင့်
Angel Shaper
12.7.09 ( Sun; )
2:40 Am

လက်ဆောင်ဆိုတာ လူတိုင်းလက်ခံရှိခဲ့ဖူးကြ သလိုပဲ၊ ပြန်လည်ပေးခဲ့ကြဖူးပါတယ်။
မွေးနေ့ လက်ဆောင်၊ အမှတ်တရလက်ဆောင်၊ ............လက်ဆောင်....စသဖြင့်ပေါ့ အမျိုးမျိုးပေးခဲ့၊ ရခဲ့ ကြတယ်နော်။
Angel Shaper...... ရင်ဘတ်ထဲကနေ ပေးခဲ့ဖူးတဲ့ လက်ဆောင်တွေ၊ ရခဲ့ဖူးတွေ လက်ဆောင်တွေကို ပြန်ပြီး ထုတ်ပြောမနေချင်ပါဘူး။ ကြွားရာရောက်နေမှာစိုးလို့ ။ ဟီးး ဟီးးးးးးးး
ခုတော့ ပုဂ္ဂိုလ်အလိုက် ပေးချင်တဲ့ လက်ဆောင်လေးတွေကို ပြောပြချင်တယ်။


ပထမဆုံး....ကျေးဇူးရှင် ဖေဖေ့ကို ရိုသေခြင်းဆိုတဲ့ လက်ဆောင်လေးပေးချင်တယ်။
မေမေ့ကိုတော့ ကောင်းမွန်တဲ့ စာရိတ္တလေးပေါ့။
မိဘကိုရိုသေတယ်လို့ ကိုယ့်ကိုယ်ကို ထင်မိတတ်ပေမယ့် တခါတခါ မရိုမသေလေး
ပြောမိ၊ဆိုမိ၊ ပြုမူမိနေတတ်သေးလို့ပါ။ ပြီးတော့ ကိုယ့်ကို ပုံသက်သေကောင်းတွေ ပြခဲ့ကြပါလျက်နဲ့ 
ကြမ်းတမ်းတဲ့ အပြုအမူလေးတွေကို လုပ်ပြမိတတ်တယ်လေ။
ကိုယ့်ရဲ့ မသိတတ်မှုလေးတွေက သူတို့ အပေါ် သောကတွေဘယ်လောက်များ ပေးမိနေပြီလဲ ဆိုတာ မစဉ်းစားရဲပါဘူး။ ဒါကြောင့် သားသမီးရတာနာ ထက် သားသမီးရတနာလေး ပိုဖြစ်ချင်ပါတယ်။

မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေအပေါ်မှာတော့ နားထောင်ခြင်းဆိုတဲ့ လက်ဆောင်လေးပေးလိုက်မယ်။ Angel Shaper က ကိုယ်ပဲ ပြောပြချင်ပြီး လူတဖက်သားကို နားထောင်ပေးရမှာ တခါတခါ အတ္တကြီးစွာ မေ့လျော့တတ်လို့ ပါ။
မိတ်ဆွေတွေရဲ့ စကားကို နားထောင်ပေးမှ အသိပညာတိုးမယ်၊ နောက်ပိုင်းလိုအပ်ရင် သူတို့ ကိုတောင် ပြန်ကူညီလို့ ရတာပေါ့။

ကိုယ့်ကို ရန်သူလို့သဘောထားသူတွေကိုတော့ ခွင့်လွှတ်ခြင်းဆိုတဲ့ လက်ဆောင်လေး ပေးလိုက်ပါ့မယ်။
ဒါမှ ကိုယ့်ရဲ့ ရန်သူက ကိုယ့်ရဲ့ မေတ္တာ၊ စေတနာ ကိုနားလည်ပြီး ကိုယ့်ရဲ့ အကောင်းမွန်ဆုံးသော
မိတ်ဆွေတောင် ပြန်ဖြစ်နိုင်သေးတာပဲ။ မနာလို မုန်းတီးမှုတွေလည်း မရှိတော့ဘူးပေါ့။

ကိုယ့်ရဲ့ ပြိုင်ဘက်အပေါ်မှာတော့ သည်းခံပေးဖို့  ဆုံးဖြတ်လိုက်တယ်။
ဒါမှ သူ့ ဆီက အကြံဥာဏ်တွေတောင် ပြန်ယူလို့ ရမယ်လေ။
ကိုယ်တောင် ပိုတိုးတက် ဦးမယ်နော်။

လူသားတွေအားလုံးအပေါ်မှာ Angel Shaper ပေးမဲ့ လက်ဆောင်ကတော့
ဖြူစင်တဲ့ မေတ္တာဂရုဏာလေးပေါ့။
ဘာလို့ လဲ ဆိုတော့ မေတ္တာဆိုတာ သူတပါးအတွက် အာဟာရ ဖြစ်သလို
ကိုယ့်တွက်လဲ အာဟာရ ဖြစ်လို့ ပါ။

မောင်တွေ၊ ညီမတွေ၊ အငယ်လေးတွေအပေါ်မှာတော့ ကောင်းမွန်တဲ့ ပုံသက်သေလေးတွေ ပေးချင်ပါတယ်။
ဒါမှ ဘာမှနားမလည် မသိတတ်သေးတဲ့ အဖြူထည်လေးတွေ
ကမ္ဘာကြီးကို ငြိမ်းချမ်းလှပအောင် စွမ်းဆောင်တဲ့ အချိန်မှာ အသုံးလေးတော့ ဝင်မှာပေါ့။

ကိုယ့်ကိုယ်ကိုတော့ လေးစားခြင်းဆိုတဲ့ လက်ဆောင်လေးကို ဂုဏ်ယူစွာ ပေးလိုက်ချင်ပါတယ်။
ကိုယ့်ကိုယ်ကိုမှ မလေးစားရင် ဘယ်သူမှ လေးစားမှာ မဟုတ်လို့ ပေါ့။
ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့ ၊ လေးစားနိုင်ဖို့ ကတော့ အတော်လေးကို ခက်ခဲတဲ့ အရာလေးပါ။
ဘာလို့ လဲဆိုတော့ ကိုယ့်ကိုယ်ကို အရင် ပြန်ဆန်းစစ်ဖို့ ၊ ပုံသွင်းဖို့ ၊ ဆုံးမဖို့ ၊ ပြုပြင်ဖို့ ကို လူတွေက မိုက်မဲစွာ လျစ်လျူရှုထားတတ်မိကြတာကိုး............... ကိုယ်ကိုယ်တိုင်လည်း ထိပ်ဆုံးက ပါဝင်တယ်လေ။

ဒီလက်ဆောင်လေးတွေကို Angel Shaper ပေးနိုင်ခဲ့ပြီလို့  မပြောလိုပါဘူး။
ဒီအချိန်ကစပြီး ပေးနိုင်အောင်ကြိုးစားကြဖို့  အားလုံးကို ဖိတ်ခေါ်ရင်း၊ ပြန် သတိပေးလိုက်တာပါ။
ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ပြန်ရိတ်ကြတာပဲမို့ လား။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
9.7.09 ( Thur; )
1:40 pm

အကယ်၍သာ....
ပွင့်သောပန်းတိုင်း ထာဝရတည်ရှိမည်ဆိုလျှင်
ဤကမ္ဘာကြီးသည် ပန်းတို့ နှင့် လွှမ်းခြုံထားသော
ကမ္ဘာလုံး တစ်ခုနှင့် တူနေပေမည်။
မေတ္တာဟူသော ဝေါဟာရကို ကြွေးကြော်တိုင်းသာ ပီပြင်လာမည် ဆိုလျှင်
ဤကမ္ဘာလောကကြီးသည် မေတ္တာတို့ နှင့် လွှမ်းခြုံထားသော
ပျော်ရွှင်စရာ လှပသောနေရာလေး တစ်ခုနှင့် တူနေပေလိမ့်မည်။

သို့ သော်.....
ပွင့်သောပန်းတို့  နွမ်းကြွေ ခြောက်သွေ့ကာ
ပျက်စီး ပျောက်ကွယ်ခဲ့ရ သကဲ့သို့ 
ကြွေးကြော်သော မေတ္တာတို့ သည်လည်း လေထဲလွင့်ပါ ပျောက်လွင့်ရ စမြဲပင်။

သို့ ရာတွင်....
ပျက်စီးဆုံးပါးသွားသော ပန်းပွင့်လေးများနေရာတွင်
အခြားအပင်မှ ပန်းပွင့်ကလေးများဖြင့် အစားထိုးလိုက်ခြင်းကြောင့်သာ
ဤကမ္ဘာကြီးတွင် ပန်းတို့ သည် တည်မြဲနေရခြင်း ဖြစ်သည်။

ထိုနည်းတူစွာ....
အောင်မြင်မှု မရှိပဲ ဆုံးရှုံးခဲ့ရသည့် မေတ္တာတို့ နေရာတွင်
အခြားသော အပင်သစ်ကလေးများကို စိုက်ပျိုးပေးကြပါက
ဤလူ့ ကမ္ဘာတွင် မေတ္တာသည် ဆက်လက်ရှင်သန်နေဦးမည်သာ............

သမီးရဲ့ မြန်မာစာဆရာ ဆရာလင်းချင်း သင်ပေးခဲ့ဖူးတဲ့ ကဗျာတွေ စာတွေထဲက
မှတ်သားထားတာလေးကို ပြန်ပြီး ပုံဖော်လိုက်မိတာပါ။ ဆရာ့ကို ကျေးဇူးတင်ပါတယ်။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
4.7.09 ( Sat; )
11:30 Pm

မိန်းကလေး တစ်ယောက်ရဲ့ အချစ်ကို မင်းတတ်နိုင်သမျှ မာယာတွေနဲ့ 
ဖြားယောင်းသွေးဆောင်ခဲ့ပြီး၊
အဲဒီမိန်းကလေးဟာ မင်းရဲ့ မာယာတွေ ထဲမှာ အလဲလဲ အပြိုပြို ငြိတွယ် ဆင်းသက်ခဲ့ပြီးကာမှ
မင်းက ဘာမှမလုပ်လိုက်မိသလို၊ အေးတိအေးစက်နဲ့  ပျောက်ကွယ်သွားတော့
အဲဒီ မိန်းကလေးမှာ မင်းကို နားမလည်နိုင်တော့ ပဲ...........
မင်း ပစ်လွှတ်လိုက်တဲ့ မြှားချက်တွေ တပွေ့ တပိုက်ကြီးနဲ့ 
မင်းကို စောင့်မျှော်ရင်း.............
တန်ဖိုးရှိလှတဲ့ သူ့ ရဲ့ အနာဂတ်လေးတွေ မှေးမှိန်သွားကုန်တော့တာပေါ့။
မင်းနောက် အဲလို မလုပ်မိပါစေနဲ့ တော့ကွာ။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
2.7.09 ( Thur; )
1:40 Am

သူငယ်ချင်း..........
နင့်ကို ငါ အကြိမ်ကြိမ် အခါခါ ပြောခဲ့ပါရဲ့နဲ့ 
ငါ့စကားကို နင်နားမထောင်ခဲ့ဘူးနော်။

ဘာလဲ....
ငါ့စေတနာကို နင်အသိအမှတ်မပြုတာလား.....
ဒါမှမဟုတ်....... ဂရုကိုမစိုက်ခဲ့တာလား... ဟင် ............

သူငယ်ချင်းရယ်... နင်ဟာ......
ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်ပါဟာ။

နင် သူနဲ့ စချတ်တဲ့ အချိန် ငါ မှတ်မိပါသေးတယ်။
ပထမဆုံး မိတ်ဆက်ကြ၊ ဓာတ်ပုံတွေ ပို့ ၊
သူငယ်ချင်းတွေဖြစ်လို့ ။
ငါတောင်ပြောခဲ့သေးတာပဲ......
သူပို့ တဲ့ ဓာတ်ပုံ ကသူဖြစ်ချင်မှဖြစ်မယ်လို့ လေ။

နင်....ညည မအိပ်ပဲသူနဲ့ ချတ်ပြီး၊
နောက်တော့ ချစ်သူတွေဖြစ်သွား ကြတယ်ဟုတ်။
နင့်မှာ သူနဲ့ ချစ်သူတွေလဲဖြစ်ရော သူငယ်ချင်းတွေကို ပစ်ထား၊
ကွန်ပျူတာနဲ့ ပဲ တချိန်လုံး အချိန်ကုန်ပြီး
မနက်မိုးလင်းလို့  နင့်ကိုလာကြည့်ရင် နားမှာ နားကြပ်ကြီးတန်းလန်းနဲ့ ။
ငါ့မှာဆို စိတ်တောင်မကောင်းဘူး၊ နားရင်းထတီး ချင်စိတ်လဲ ဖြစ်မိတယ်။ ဟင်းးးး
အင်း ခုဆို........ ငါကြိုက်တဲ့ နင့်လက်ရာ.... ပဲကုလားဟင်းသီးစုံ ချဉ်ရည်နဲ့ 
ကြက်သားဟင်း လေးကို တောင် နင် ချက်မကျွေးတာ ဘယ်လောက်ကြာပြီလဲ။ ဟွန်းးးးးးးး
နင့်လက်ရာ စားရဖို့ နေနေသာသာ၊ အစားတောင် နင်မှန်မှန် မစားနိုင်တော့ဘူးမို့ လား။

ငါနင့်ကို ပြောလိုက်ရင် ပြုံးပြုံးလေးနဲ့  ပြန်မပြော၊ နားမထောင် လုပ်ခဲ့တာ
ခုလို နင်ခံစားရဖို့ ဖြစ်မယ်ဆိုတာ..... အဲဒီအချိန်ကတည်းက နင်သိခဲ့ရင်
ငါ့စကား နားထောင်ဖြစ်မလားဟင်................
ငါ နင့်ကိုပြောခဲ့တာ မှတ်မိသေးလား........
အဲဒီလို ချစ်တယ်ဆိုတဲ့ စကားလုံးတွေဟာ......
ကွန်ပျူတာရဲ့ ကီးဘုတ်ပေါ်က ထွက်ကျလာတဲ့ စကားလုံးတွေပါလို့ ။
ငါ နင့်ကို အထင်သေးဖို့ မပြောခဲ့သလို၊
အထင်ကြီး ပြီး ဇွတ်မှိတ်ယုံလိုက်ဖို့ လဲ အကြံမပေးခဲ့ဘူး မို့ လား။

ခုလို........
နင်ရင်နာကြေကွဲနေတာမြင်ရရင်
ငါ နင့်ထက်ပို ပြီး ရင်နာတယ်၊ ခံပြင်းတယ်ဆိုတာ နင်ယုံကြည်ပေးပါဟာ။
ငါဆိုတဲ့ လူဟာလဲ နင်တို့ လို သူငယ်ချင်းတွေ အပေါ်မှာ အဲလောက်သံယောဇဉ် တွယ်တာတတ်တာနင်အသိဆုံးပါ။

နင့်ထက် ငယ်ပေမယ့်၊ နင့်ထက် အသက်ကြီးတဲ့ သူတွေနဲ့ ပဲ
ပေါင်းသင်းလာခဲ့တဲ့ ငါလို ကလေးဆိုးတစ်ယောက်ရဲ့ စကားကို နင် အရေးမထားခဲ့တာ
ငါသိပ်ဝမ်းနည်းတယ်။
ခုတော့ သူနင့်ကို BLOCK လုပ်လိုက်ပြီ။
နင်လဲ ကြေကွဲ ခံစားနေရပြီ။
ငိုကြွေးနေရပြီလေ။
င့ါမှာ နင့်အတွက် ရင်ဘတ်ထဲက ခံပြင်းစိတ်လေးတွေ၊ သူ့ ကိုမုန်းတီးတဲ့စိတ်လေးတွေ မျိုသိပ်ပြီး
လိုက်စုံစမ်းပေးခဲ့ရတာ သူက ကလေးအဖေ ဖြစ်နေတယ်လေဟာ..................
ကဲ..... ငါတို့ တွေ ဘာဆက်လုပ်သင့်လဲ......
ဘာဆက်လုပ်ကြမလဲ..........................................

ကဲ.... သူငယ်ချင်းရေ....
မလိုအပ်တဲ့ အပေါစားခံစားချက်လေးတွေကို ဘေးချိတ်ထားလိုက်စမ်းပါဟာ.....
နင့်ကို မှမရရင် ငါသေမှာပဲ ဆိုပြီး၊ တကယ်လဲ ကွဲရော...
နှာစေးချောင်းဆိုးလေးတောင် မဖြစ်ကြပါဘူး ဟ .... ဟဟားးးးးးးးးးး
တန်ဖိုးရှိတဲ့ အနာဂတ်သစ် အတွက် နေ့ သစ်တွေကို စိတ်သစ်ကိုယ်သစ်နဲ့ 
ကြိုးစား လျှောက်လှမ်းကြပါစို့ ဟာ... နော်။။။။။

ဒါကိုယ့်စိတ်ကူးလေးပါနော်။
ဟီးးးးးး ကြိုပြီး ဖြေရှင်းမထားရင် ငှက်ကလေးနဲ့ ကိုသားကြီးက အသေတွယ်တာ။
အမှန်အတိုင်းလုပ်ပါဟာ အချင်းချင်းပဲ ဆိုတာမျိုး၊
မမရေ ကိုယ်တွေ့ လားဆိုတာမျိုး တွေ လာဦးမယ်လေ....ဟဟဟားးးးးးးး
ဒါကြောင့် ကြားဖူးနေကျတွေထဲက အရာလေးတွေကို စေတနာစိတ်လေးနဲ့  လျှောက်ရေးကြည့်တာပါလို့ ။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
2.7.09 ( Thur; )
1:40 Am


Angel Shaper ငယ်ငယ်ကတည်းက သီချင်းဆိုတာ ၀ါသနာပါတယ်။ မောင်နှမတွေ အားလုံး ဆုံရင် အရင်ဆုံးဆော့ဖြစ်တာက အဆိုတော်လုပ်တမ်းပေါ့။ ကိုယ့်အလှည့် ခဏခဏကျအောင် ဥာဏ်နီ ဥာဏ်နက်သုံးပြီး အားလုံးကို အသံနဲ့ နှိပ်စက်နေကျ။ Sunday School တက်တဲ့အရွယ် ရောက်ပြန်တော့ ဆရာမက ဘုရားကျောင်းမှာ သီချင်းတွေတက်ဆိုခိုင်းတယ်။
အဲလိုနဲ့ပဲ မူကြိုအရွယ်ကတည်းက သီချင်းတွေ ဆိုလာခဲ့တာပါ။ အသက် ၁၃ နှစ်လောက်မှာ အဖေသင်ပေးခဲ့တဲ့ မိုင်နာကောဒ့်လေးတွေနဲ့ အပတ်တိုင်းဟဲဖြစ်ခဲ့ပြန်ပေါ့။ ၁၀တန်းလည်းရောက်ရော သူငယ်ချင်း ကောင်မလေး၊ ကောင်လေးတွေအတွက် ပေါက်တတ်ကရစာတွေရေးပေးရင်း ကဗျာလေးဘာလေးတွေကြောင့် အတန်းထဲက တယောက်ကတောင် ဘာလိုလို ညာလိုလို ဖြစ်ခဲ့သေးတယ်။ အဟဲ..........

အိမ်ရှေ့ကို သီချင်းလာဆိုတဲ့ ကောင်လေးတွေ အရှုံးနဲ့ လှည့်ပြန်သွားအောင် မောင်နှမတွေ၊ ၀မ်းကွဲတွေ အုပ်စုလိုက်ကြီး ၀ရံတာကနေ ကြိုးကြိုးစားစား တက်ညီလက်ညီ အော်ဟစ်ဆူပူပြီး အောင်ပွဲခံလာခဲ့ဖူးပါတယ်။
ကောင်မလေးတွေ အဆောင်ရှေ့လည်းမရှောင် ၀ါသနာအရင်းခံပြီး သူငယ်ချင်းတွေကို မေတ္တာ၊ စေတနာ အပြည့်နဲ့ကူညီတတ်တာလည်း Angel Shaper ပါပဲ။ ဒေါ်လေး မုံရွာမှာ စီးပွားရေးတက္ကသိုလ်တက်တော့အလည် ခဏသွားဖြစ်ခဲ့သေးတယ်။ သူတို့နေတဲ့ အိမ်ရှေ့သီချင်းလာဆိုတဲ့ ကောင်လေးတွေဆီကဂစ်တာတောင်းပြီး သူတို့ ကို ဆိုခွင့်မပေးပဲ၊ သူတို့ နားထောင်ချင်တာလေးတွေ ဆိုပြပြီး ပြန်ခိုင်းခဲ့တာလည်း Angel Shaper ပါပဲ။

သီချင်းကတော့ ကျောင်းခရစ်စမတ်ပွဲတွေမှာလည်း တက်ဆိုဖြစ်ဆဲ။ စတိတ်ရှိုးဆိုထိပ်ဆုံးက၊ ဆရာကန်တော့ပွဲ ဆိုလည်းကိုယ်ပါမှ၊ အဲလိုပွဲကြမ်းလာခဲ့တာ ရန်ကုန်ရောက်တော့ ကျူရှင်က ဝါသနာတူသူငယ်ချင်းတွေနဲ့ စတူဒီယိုတွေသွားပြီး သောင်းကျန်းခဲ့တယ်။ ကျေနပ်သွားလို့ ရှိရင် တယောက်ယောက်အိမ်ဝင်ပြီး သီချင်းတွေ လျှောက်ရေး၊ လျှောက်ဆိုတတ်ကြသေးတယ်။ မွေးနေ့ ပွဲတိုင်းလည်း ကိုယ့်ဟော်လိုသံလေး၊ သီချင်းသံလေးပါမှ ပွဲပြီးတာ။ စိတ်ညစ်ရင် သီချင်းလေးအော်ဆို၊ ပျော်ရင်လည်း ဟဲ၊ ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ်
လျှောက်အော်နေရမှ ကျေနပ်တတ်သူ Angel Shaper ဟာ ကုလားကားတွေထဲက သရုပ်ဆောင်တွေများဝင်စား ထားသလား အောက်မေ့ရပါတယ်။

လွန်ခဲ့တဲ့အပတ်တုန်းက အတူနေအမတွေနဲ့ကမ်းခြေသွားပြီး အပြတ်သောင်းကျန်းလာတာ ပရိတ်သတ် တော်တော်လေး ရလိုက်သေးတယ်။ (ကံကောင်းလို့ ကုလား အိမ်လိုက်မလာတယ်။ ဟဟားးးးးးးးးး) ခုတလော အကို၊ အမတွေ၊ သူငယ်ချင်းတွေ ရေးတဲ့စာတွေဖတ်ပြီး အားကျလို့ ဟိုဟာဒီဟာ ရေးချင်တာ လျှောက်ရေး နေလေရဲ့။ (အဟုတ်ကြီးလဲ ဟုတ်ပဲနဲ့......ဟီးးးးးးးးးးး ) အခုတော့ သူငယ်ချင်း ကိုသားကြီး၊ ငှက်ကလေး တို့ နဲ့ ဇီးသီးထုတ်ပြီး လောကကြီးကို သီချင်းလေးတွေနဲ့  နှိပ်စက်ဖို့ အဲလေ... အလှဆင်ဖို့ တောင် လုပ်နေကြပြီပေါ့။

အားပေးကြပါဦးနော်။
"သုံးယောက်ပေါင်းပြီး နှိပ်စက်နေပြီ" ဆိုတဲ့ ဇီးသီးလေး မကြာမီ၊ လာမည်၊ မျှော်.........

ချစ်ခြင်းများစွာဖြင့်
Angel Shaper
20.6.09 ( Sat; )
2:50 Am

One Of The Most Special
Places In My Heart Will Always Be Saved For You.

You.........
The One Person I Can Always Talk To;
The One Person Who Understands.

For Loving Me In Spite Of Myself,
And Always Putting Me Back On My Feet Again.

For Giving Me Someone To Believe In;
Someone Who Lets Me Know That
There Really Is Goodness And Kindness
And Laughter And Love In The World.

For Being One Of The Best Parts Of My Life,
And Proving It Over And Over Again.

With Love,
Angel Shaper
18.66.09 ( Thur; )
1:20 Am