တစ်ခါတုန်းက စာတော်ပြီး အရမ်းကြိုးစားတဲ့ ဆေးကျောင်းသားတစ်ယောက်ရှိတယ်။ အတန်းတိုင်းမှာလဲ ပထမရခဲ့တဲ့ သူက ပညာမာန်လေးလဲ ရှိသတဲ့လေ။ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားဖြစ်တဲ့ သူ့မှာ နှုတ်ဖြေဖြေဖို့ပဲ လိုတော့တဲ့ အချိန်လေးအတွက် တော်တော်လေးကို ပြင်ဆင်နေတယ်။ သူ့ကိုယ်သူလဲ ယုံကြည်မှု အပြည့်အဝရှိနေတယ်လေ။

ဒီလိုနဲ့ စာမေးပွဲနေ့ရောက်လို့ ပါမောက္ခကြီးက မေးခွန်းစမေးပါတယ်။
"မင်းဆီကို အသည်းအသန်ဖြစ်နေတဲ့ လူနာ တစ်ယောက်ရောက်လာမယ်။ မင်း ဒီဆေးတိုက်ရမယ်၊ ဟုတ်တယ်နော်။ ကဲ...မင်းသူ့ကို ဘယ်လောက်တိုက်မလဲ?" လို့ အင်မတန်လွယ်တဲ့ မေးခွန်းမေးလိုက်ပါသတဲ့။
အရမ်းတော်တဲ့ သူ့အတွက်ကတော့ ဒါဟာ အလွန်လွယ်တဲ့ မေးခွန်းလေးပါ။
သူ့ကိုတောင်မမေးသင့်ဘူးလို့ သူက ယူဆထားတာပေါ့လေ။ သူပြင်ဆင်ထားတာတွေနဲ့ ယှဉ်ကြည့်လိုက်ရင်တော့ မိုင်နာလေးပေါ့။ သူက ပြုံးပြီးတော့ ချက်ချင်း ပြန်ဖြေလိုက်တယ်။
"ကျွန်တော့်လူနာကို ကျွန်တော် ဒီဆေး တစ်ဝက်တိုက်ပါမယ်"။
ဒီလိုနဲ့ စာမေးပွဲပြီးလို့ သူ ပြန်လာတယ်။

လမ်းမှာ သူဖြေခဲ့တာတွေကို ပြန်စဉ်းစားလိုက်တယ်။ သူတိုက်လိုက်တဲ့ ဆေးတစ်ဝက်ဟာ အသည်းအသန် ဖြစ်နေတဲ့ လူနာတစ်ယောက်အတွက် တော်တော်လေး များနေတယ်။ အမှန် သူတိုက်ရမဲ့ ဆေးက သုံးပုံတစ်ပုံပဲ ဆိုတာ သူပြန်သတိရလိုက်တယ်။
ဒီလိုနဲ့ စာမေးပွဲခန်းထဲကို သူ အမြန်ပြေးလားပြီး ပါမောက္ခကြီးကို ဝင်ခွင့်တောင်းတယ်။
"ပါမောက္ခကြီး ခင်ဗျာ၊ ကျွန်တော့်ကို ဝင်ခွင့်ပြုပါ။ ကျွန်တော်တိုက်လိုက်တဲ့ဆေး အရမ်းများသွားပါတယ်။
တကယ်တိုက်ရမှာက သုံးပုံတစ်ပုံထဲပါ။ " လို့ ပြောပြလိုက်တယ်။
ပါမောက္ခကြီးက သူ့ကို စိတ်မကောင်းတဲ့ မျက်နှာနဲ့ တစ်ချက်ကြည့်ပြီး..................
"စိတ်မကောင်းပါဘူး။ လွန်ခဲ့တဲ့ ၁၅မိနစ်ကပဲ မင်းလူနာ ဆုံးသွားပါပြီ" တဲ့လေ။

ဒီပုံပြင်တိုလေးဟာ Angel Shaper ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ မဂ္ဂဇင်း ဝတ္ထုတိုတစ်ပုဒ်လေးထဲကပါ။
ဝတ္ထုတိုလေးကိုတော့ သိပ်မမှတ်မိတော့ပါဘူး။ ဒီပုံပြင်လေးကတော့ ဝတ္ထုတိုထဲက
ကောင်မလေး၊ သူ့သူငယ်ချင်း ကောင်လေးကို ပြောပြထားတဲ့ပုံပြင်လေးပေါ့။

Angel Shaper ဒီပုံပြင်လေး ဖတ်မိတုန်းက တော်တော်လေး ငယ်ပါသေးတယ်။ ဒီပုံပြင်ဖတ်ပြီးတော့ ရင်ဘတ်ထဲကို ဘယ်လိုကြီးလဲ မသိတဲ့ ခံစားချက်တစ်ခု ရလိုက်တယ်။ စိတ်ထိခိုက်တာလား၊ နှမြောတာလား မသိဘူး။ ဘာမှန်းကို မသိတာပါဆို။ အင်မတန် ရှပ်ပြာပြာနိုင်ပြီး ပေါ့လျော့လွန်းတဲ့ Angel Shaper အတွက် သိပ်ကို တန်ဖိုးရှိတဲ့ပုံပြင်လေးပေါ့။ ပုံပြင်ထဲက ကျောင်းသားလေးကတော့ သူ့မာန်လေးတွေအတွက် ပေါ့လျော့ ခဲ့တာ ဖြစ်ပေမယ့်၊ မာန်တက်စရာဘာမှ မရှိတဲ့ Angel Shaper ကတော့ ရှပ်ပြာပြာနိုင်တဲ့ ပေါ့လျော့မှုတွေ အတွက်၊ စိတ်ဆတ်ပြီး စိတ်မြန်လွန်းတဲ့ အကျင့်လေးတွေအတွက် ပေါ့လေ။ ဒီပုံပြင်ကို မှတ်ထားပြီး ကျောင်းရောက်တော့ သူငယ်ချင်းတွေ အားလုံးကို ပြန်ပြောပြဖြစ်တယ်။ တို့တွေ ဒီပုံပြင်ထဲကကျောင်းသားလို အနာဂတ်ဘဝအတွက်၊ တို့ပတ်ဝန်းကျင်က လူတွေအတွက် မာန်တက်ပြီး ပေါ့လျော့နေမဲ့အစား သတိကြီးစွာ လူတွေကို ကယ်တင်ကြမယ်နော်။ ကြိုးစားကြမယ်နောဆိုပြီး အရွယ်နဲ့မလိုက်တဲ့ စကားလုံးအကြီးကြီးတွေသုံးပြီး သူငယ်ချင်းတွေကို ဆရာလုပ်ဖြစ်ခဲ့ဖူးတယ်။

ဒီလိုပါပဲ လူတွေအားလုံး မှားတတ်ကြတာပဲ။ မဆန်းပါဘူး။ ခဲတံလေးတွေမှာ ခဲဖျက်လေးတွေ ထည့်ပေးထားတာ မှားတတ်လွန်းတဲ့ လူတွေအတွက်ပဲ မဟုတ်လား။ "မမှားသော ရှေ့နေ၊ မသေသောဆေးသမား" ဆိုတဲ့ စကားပုံ လေးတောင် ရှိသေးတာပဲလေ။ မှန်ပါတယ်။ ဒါတွေက နောက်ပြန်ဆုတ်လို့ မရတဲ့ အမှားတွေ၊ ခြေလှမ်းတွေလဲ ရှိတယ်ဆိုတာ ဖော်ပြလိုက်တာပါပဲ။ ဒီလိုအမှားမျိုးက ကိုယ့်ဘဝ၊ ကိုယ့်အနာဂတ်ကိုသာမက၊ လူ့အသိုင်းအဝိုင်း ကိုယ့်ဘေးပတ်ဝန်းကျင်ကိုပါ ကြီးမားတဲ့ ဆုံးရှုံးမှုတွေတောင် ဖြစ်စေနိုင်တယ်လေ။ ဒီလိုအမှားတွေရဲ့ အခြေခံ ဇစ်မြစ်ဖြစ်တဲ့ ငါဆိုတဲ့ မာန်မာနလေးတွေ၊ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်း၊ ယုံကြည်မှု လွန်ကဲလွန်းနေတာတွေ လျှော့ပြီး အရာရာကို သတိကြီးစွာနဲ့ ဆုံးဖြတ် လုပ်ဆောင်ကြည့်ရင်တော့ ဒီလိုအမှားမျိုး မရှိသလောက်ကို နည်းသွားမယ် လို့ ထင်ပါတယ်။

တစ်ချို့ အမှားတွေကတော့ ပြန်ပြင်ယူလို့ရတဲ့ အပြင် ဘဝအတွက် သင်ခန်းစာတွေ၊ အတွေ့အကြုံတွေ၊ ရင့်ကျက် တိုးတက်မှုတွေတောင် ပေးတတ်ပါသေးတယ်။ ဒီလိုအရာလေးတွေ အတွက်တော့ အမှားကိုမြင်ပြီး ပြန်ဖျက်ရဲ ရမယ်။ ပြန်ရေးနိုင်ရမယ်လေ။ မှားတတ်လို့ ဆောင်ထားကြတဲ့ ခဲဖျက်လေးတွေလိုပေါ့။ ပြန်ဖျက်ပြီး ပြင်ယူသင့်ရင် ပြင်ယူရမယ်။ ဒါမှ ပိုကောင်းတဲ့အမှန်တရားတွေရလာမှာပေါ့။

ကဲ... တို့ အမှားလေးတွေလဲ ခဲဖျက်လေးနဲ့ ပြန်ဖျက်ယူလို့ရသလား? ဒါမှမဟုတ် ပြန်ဖျက်မရတဲ့ ပုံပြင်ထဲက ကျောင်းသားလေး လိုပဲ မာန်တွေတက်ပြီး ပေါ့လျော့မိလို့ ကိုယ့်အနာဂတ် သာမက ဘေးပတ်ဝန်းကျင်ကကိုပါ ဒုက္ခများပေးနေမိသလား ?
ကိုယ့် အတ္တ၊ မာန်မာနလေးတွေကြောင့် လူ့ ပတ်ဝန်းကျင်ကို ဆုံးရှုံးပျက်စီးစေခဲ့မိသလား၊ ဘယ်နှစ်မိနစ်ရှိနေပြီလဲ?


ချစ်ခြင်းများစွာဖြင့်
Angel Shaper
6.8.09 ( Thur; )
2:00 Am

31 comments:

ပထမဆုံးဖတ်ပြီး...ပထမဆုံးကွန်မန့် လာပေးသွားတယ်နော်...ပျော်ရွှင်ပါစေဗျာ....

ဟုတ်တယ်နော် ဘာတွေကို မာန်တက်နေမှန်းမသိဘူး. ငါလည်းလုပ်လိုက်ရင် တလွဲတွေကြီးပဲ
ပြင်ရဦးမယ်...

ပြင်လို့ ရတဲ့..အမှားနဲ့ ..ပြင်လို့ မရတဲ့အမှား..မှာ.
ပြင်လို့ ရတဲ့အမှား.ပဲ..ကူးလွန်တာပိုကောင်းပါတယ်.ရှင်..

ခဲဖျက်ရော မှင်ဖျက်ဆေးပါဆောင်ထားတယ်ဗျိုးးး
ကိုယ့်ကိုကိုယ်မှားတတ်လွန်းမှန်းသိနေလို့
အတွေးအခေါ်ပါတဲ့စာလေးတွေဖတ်ရတာသဘောကျတယ်
သယ်ရင်းကရေးတတ်တယ်
ဂွတ်လေ၏ :)

ငှက်ကလေး said...

ဟုတ်တယ်မမရေ အင်ဂျင်နီယာ တယောက် စက်ကို ဆေးမှားပေးရင် လူမသေဘူး ပြင်လို့ရတယ် ဆရာဝန်ကတော့ ဆေးမှားပေးရင် လူသေတယ် သတိထားမှ တော်သေးရဲ့ ညီမလဲ ဆရာဝန်မဖြစ်တာ ကံကောင်းမဟုတ်ရင် ဟိဟိ

လောကကြီးထဲက လူတွေရဲ့ အမှားတွေအကြောင်းကို ရေးသွားလို့ သဘောကျမိတယ်။ ပြင်လို့မရတဲ့ အမှာတွေရှိပေမဲ့ အမှားထဲက သင်ခန်းစာယူတတ်ရင် အနာဂတ်အတွက် အမှားကျူးလွန်ခါနီးရင် ကောင်းကောင်းသိသွားနိုင်တဲ့ ဗဟုသုတလေးတွေရသွားလိမ့်မယ်။။။။။။။။

အော်..... ဒါနဲ့ အစ်မဆီလာလည်မန့်သွားတာ ကျေးဇူး ...... ညီမသိချင်တာကို နောက်မှ တိုးတိုးလေးပြောပြမယ်နှော်...... ဘယ်သူမှ ပြောရဘူးလို့ ဂတိအရင်ပေး ............ :)

လူဆိုတာ အမှားနဲ့ မကင်း။
မကင်းတဲ့ အမှားတွေမှာ ပြင်မရတာတွေက တစ်သက်စာ နောင်တတွေအဖြစ် ကျန်ရစ်ခဲ့တတ်ကြတယ်။

သတိလေးး၊ သတိလေးး ပါပဲ


ဒီပို့စ်လေးအတွက် ကျေးဇူးပါ

ကိုယ့်မာနကြောင့် တချို့အရာတွေ ပျက်စီးဆုံးရှုံးစေခဲ့တာတော့ အခု အသက်အရွယ် အထိပါပဲ.... ဒါကြောင့် ... မာနကြောင့် ဒုက္ခမရောက်ရအောင် ဆင်ခြင်တာတွေ အများကြီးပါပဲ....း))
ပို့စ်ကောင်းလေး အတွက် ကျေးဇူးပါ တီတီရေ..

အာဝါးးးးးးးးးးးးးးး

လာဖတ်သွားတယ်ညီမရေ
အခုတလော လက်ပ်တော့ ဆေးရုံ ပို့ ထားရလို့  သိပ်အိမ်မလည်ဖြစ်ဘူး

ပထမဦးဆုံးရောက်ဖူးတာပါ သူငယ်ချင်းရေ။
ရောက်ရောက်ခြင်းမှာ ဖတ်လိုက်ရတဲ့post
လေးနဲ့ တင်တော်တော်လေးသဘောကျ
ကျေနပ်မိပါတယ်။အတွေးလေးတွေက
နာမည်လေးအတိုင်းပဲ။:)
စာဖတ်သူလဲ အရမ်းဆုံးဖြတ်ချက်မြန်လို့ 
ခဏခဏမှားတက်သူများစာရင်းကထွက်
ဖို့ ကျိုးစားနေဆဲ။:)
အားပေးလျှက်...ခင်မာလာအောင်...:)

ကျွန်တော်က ပြန်ပြင်လို့မရတဲ့ အမှားတွေ များလွန်းတော့ တခါတခါ စဉ်းစားမိတယ်။ ငါက စမှားတာမဟုတ်ဘူးလို့ ... ငါ့ကို လူဖြစ်ခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကိုက မှားခဲ့တာနေမှာလို့။

ကျွန်တော်က ပြင်မရတဲ့ အမှားတွေ များလွန်းတော့ တခါတခါ စဉ်းစားမိတယ်... ငါက စမှားတာမဟုတ်ဘူးလို့ ငါ့ကို လူဖြစ်ခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကိုက မှားသွားတာလို့လေ။

ဟာဂျာ နှစ်ခါရှိပြီ ရ၀ူးဟ။ ဘယ်ပျောက်ပျောက်သွားတာလဲသိဝူး။

ဟုတ်တယ်နော် ဖြူစင်ရေ
အမှားကင်းပီး နေနိုင်ဖို့တော့ မဖြစ်နိုင်ပေမဲ့
မှားခဲ့မယ်ဆိုရင်တောင် စေတနာအမှား ပြန်ပြင်ဆင်ခွင့်ရှိတဲ့ အမှားမျိုးပဲ ဖြစ်ချင်ပါတယ် ဖြူစင်ရေ

ညီမ ဖြူစင်ကြယ်ရေ

အမှားတွေ ကို မှားမှန်းသိရင်တော့ ပြင်နိုင်ဖို့ လွယ်မှာပါ
ပြင်လို့မရတဲ့ အမှားတွေကိုတော့ နည်းနိုင်သမျှနည်းအောင်ကြီုးစားရပါအုံးမယ်

ခင်မင်စွာဖြင့်
သီဟသစ်

ပြင်ဆင်နိုင်တဲ့အမှားမျိုးဆိုရင်တော့ အမှားထဲကသင်ခန်းစာပေါ့ နော်..
ဘာမဆို အရင်စဉ်းစားပြီးမှလုပ်တာကောင်းတယ်..
တတ်နိုင်သမျှ ကောင်းအောင်ပေါ့နော်..
Think Twice and Act Wise ဆိုသလိုပေါ့..
အလျင်စလို လုပ်မိလို့ မှားမိခဲ့တာတွေကို ပြောပြရရင်တော့်..ဟဲ..နည်းဘူးဟ...
ဗဟုသုတရလို့ နင့်ကို ချီး..........
ကျူး..........သွားပါတယ်...
ပျော်ပါစေ.. ဘော်ဒါရေ...

ညီမရေ အသေအချာလေးဖတ်ကြည့်တော့ အတွေးကောင်းလေး ရေးထားတာပဲ။လေးစားပါတယ်ညီမရေ။အကိုအတွက်တော့ မိမိကိုယ်ကိုမိမိ သုံးသပ်ဖို့ အတွေးလေး ရသွားပါတယ်။လူတွေရောပဲ..?????????။အသေအချာကို တွေးလိုက်ပါတယ်။

မငုံ said...

မာန်တက်ပြီး လွဲတာတွေ လုပ်နေတာကို မသိသူအများကြီးပဲ Dim ရေ။ မငုံတို့လဲ မှားနေဆဲ။

တန်ဖိုးရှိလိုက်တဲ့စာလေး ညီမလေးရေ... ကောင်းတယ်။ အားပေးနေတယ်နော်

သယ်ရင်းရေ
တို့ကတော့ ဆေးမှားတိုက်ဖူးတယ်သိလား
ခေါင်းမူးတဲ့သူကို ဝမ်းပိတ်ဆေးတိုက်ဖူးတယ်...
ပြန်တွေးတိုင်း စိတ်မကောင်းဘူး..
သူငယ်ချင်းတွေက ကြုံတိုင်း ပြန်ပြောပြတယ်
နည်းနည်းတော့ ရီရပေမယ့်
စိတ်မကောင်းဖြစ်ရတာက များတယ်...

အသေအချာပါပဲ ဖြူစင်လေးရေ။
မာနဟာ ပညာနည်းနည်းလေးကို ပိတ်လှောင်ထားတဲ့ တံခါးကြီးပါပဲ။ ၀မ်းနည်းစရာက အဲဒီ့ ငါ့တံခါးကို ဘာလို့ ဖွင့်ရမှာလဲ ငါ့ပညာတွေ ထွက်ကုန်မှာပေါ့ ဘယ်ပညာက ငါ့မှာရှိတာထက် ကြီးကျယ်လို့လဲ ဆိုတဲ့ အတွေးတွေပါပဲ။ အသိတစ်ခုပေါ့ ကျင့်သုံးနိုင်ကြပါစေ။ ကျေးဇူး။

မမှားသောရှေ့ နေ ၊ မသေသော ဆေးသမား တဲ့  ....

အရင်ကတော့ ဆေးသမား မှားသွားတာကို ပိုပြီး အပြစ်ကြီးတယ် ထင်နေမိတာ ။
ခုလောလောဆယ်မှာတော့ ..ရှေ့ နေ ရယ်လို့ မဟုတ်..တရားသူကြီး က နေ မတရားသူကြီး လုပ်ပြီး စီရင်ချက် မှား ချ ရင်တော့ လူ့ အသက်တချောင်းတင် မက ..တို့ မြန်မာပြည်သားတွေရဲ့  ဘဝတွေ ၊အသက်တွေ အများကြီး ဆုံးရှုံးကြရလိမ့်အုံးမယ် ။

အရက်သမား အမှားတထောင် ။
အာဏာရူးများ ကတော့......သိသိကြီးနဲ့ မပြင်ရဲတာ...

ချစ်သမီးကြီးဖြူစင်ကြယ်ရေ
မာမားစာလာဖတ်သွားတယ်။
သေချာမှတ်သွားပါတယ်။
သတိထားစရာလေးတွေလေ။
ချစ်သမီးကြီးပျော်ရွှင်ပါစေနော်။
ချစ်တဲ့
မာမားမုန်း(မသုံးလုံး)

“ကိုယ့် အတ္တ၊ မာန်မာနလေးတွေကြောင့် လူ့ပတ်ဝန်းကျင်ကို ဆုံးရှုံးပျက်စီးစေခဲ့မိသလား၊.”

ဒီစာသားလေးကို အရမ်းနဲ့ တွေးမိသွားပါတယ်။ ကိုယ့်အတ္တ၊ ကိုယ့်မာန်မာနက ကိုယ့်ဘ၀ကို ပဲ ဆုံးရှူံးစေတာလို့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ်။

အခုတော့ အတွေးအသစ်တစ်ခု ရသွားပါတယ်။

ကျေးဇူးတင်စွာဖြင့်
yu ya

လာလည်သွားတယ် ညီမလေးရေ။အသစ်
လေးတွေကိုစောင့်နေတယ်နော်။:)

အဲဒီဟာသလေးကို ငယ်ငယ်က တှိုမေမေ ပြောပြဘူးတာသတိရသွားပြီ.... :)

ဟိန်... ကော်မန့် လဲပွတ်မရဘူး.... နင်ငါ့ကိုပြုစားထားလား..... အီး....ဟီး....ဟီး...

အပလုဘယ်ကြီး နဲ့ကိုးးးးးး ခိခိ

အရမ်းကောင်းတယ်။ လာလည်ဖတ်ရှုသွားပါတယ်။

အမှားနည်းအောင် စာအုပ်လေးတွေ ကိုင်ပြီး ဆေးကုကြရင် သိပ်ကောင်းမယ်။ မြန်မာနိုင်ငံမှာ ဆရာဝန်တွေ စာအုပ်ကိုင်ရင် မတတ်ဘူးလို့  ထင်ကြမှာ။ မဟုတ်ပါဘူး သူတို့ သေချာ ချင်တာ မှားမှာ စိုးတာ ..... စာအုပ်ကိုင်ပြီး အမှား နည်းအောင် ကြိုးစားခွင့်ပြုကြရအောင် ......... အေးမြသာယာပါစေ မဖြူစင်

စာဖတ်သူကို ဆုံးမထားတာပါလား...
ရသွားပြန်ပြီ တမှတ်...

းဝ)