ချင်းအမျိုးသားနေ့ဆိုတာ ချင်းလူမျိုးတို့ရဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့် ပြန်လည်ရရှိရေးနဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှုတို့ ရရှိရေးအတွက် နှစ်ပေါင်း(၄၀)ကျော် ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်လာခဲ့ရာကနေ ပေါ်ပေါက်လာတဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ် တစ်ခုပါ။ ၁၈၉၅-၁၉၄၈ခုနှစ်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိတဲ့အထိ စဉ်ဆက်မပြတ် ရုန်းကန်လှုပ်ရှားရင်း ဖြစ်ပေါ်လာခဲ့တာပါ။ ချင်းလူမျိုးစုဟာ ၁၈၉၇ ခုနှစ် အင်္ဂလိပ်နယ်ချဲ့လက်အောက် မကျရောက်ခင်ကာလအထိ ကိုယ့်မင်းကိုယ့်ချင်းဖြင့် မိမိတို့ကိုယ် မိမိတို့ အုပ်ချုပ်ခဲ့ကြတဲ့ လူမျိုးဖြစ်ပါတယ်။

မေမြို့ (အခု ပြင်ဦးလွင်မြို့) အခြေစိုက်အင်္ဂလိပ်စစ်တပ်မှာတာဝန်ထမ်းဆောင်နေကြတဲ့ ချင်းအမျိုးသားတွေဟာ ၁၉၁၈ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ချင်းအမျိုးသားများပညာရည်မြှင့်တင်ရေး အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့ကြပြီး ချင်းအမျိုးသားတို့ရဲ့ ပညာရည်မြှင့်တင်ရေးကို စပြီးကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ ချင်းအမျိုးသားတို့ရဲ့ သမိုင်းမှာ ပထမဦးဆုံးဖွဲ့စည်းခဲ့တဲ့ ဒီအဖွဲ့အစည်းမှာ ဥက္ကဋ္ဌအဖြစ် ဆူဗီဒါအွမ်ပိုင်း (ကန်ပက်လက်ခရိုင်)၊ ဒု-ဥက္ကဋ္ဌအဖြစ် ဦးဝမ်သူးမောင် (ဝမ်းသူးရွာ၊ မင်းတပ်မြို့နယ်)၊ အတွင်းရေးမှူးအဖြစ် ဦးရမ်းလောင်းလိန် (ကန်ပက်လက်မြို့နယ်)၊ အဖွဲ့ဝင်များအဖြစ် မြေပြန့်အရှိုချင်းများ၊ လူရှည်ချင်း အမျိုးသားတို့ပါဝင်ခဲ့ကြတယ်။ ဒီအဖွဲ့အစည်းကြောင့်ပဲ ချင်းအမျိုးသားနေ့ သတ်မှတ်ရေးအတွက် အရေးပါတဲ့နေ့တစ်ရပ် ဖြစ်လာခဲ့ရတယ်။

၁၉၂၈ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ချင်းအမျိုးသားတို့ရဲ့ ပထမဆုံး ချင်းနိုင်ငံရေးပါတီဖြစ်တဲ့ ချင်းတောင်ညီညွတ်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ကြပြီး ၁၉၃၃မှာ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ ဆိုပြီး အမည်ပြောင်း မှည့်ဆိုခဲ့ကြတယ်။ ၁၉၃၄ စက်တင်ဘာလ၂၉ရက်နေ့မှာ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ ညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး ဗြိတိသျှဆီမှ ချင်းအမျိုးသားတို့ရဲ့ အခွင့်အရေးနဲ့ နှစ်နာချက် ၉ ချက်ကို တင်ပြ တောင်းဆိုခဲ့ကြတယ်။ အဲဒီ ညီလာခံရဲ့ အရေးကြီးဆုံး တောင်းဆိုချက်ဟာ ပြည်မကို လွတ်လပ်ရေးပေးရင် ချင်းတောင်ကိုလည်း လွတ်လပ်ရေး ပေးရမယ်။ အခြားတိုင်းရင်းသား လူမျိုးတွေနည်းတူ ချင်းအမျိုးသားများကိုလည်း တန်းတူအခွင့်အရေး ပေးရမယ် လို့တောင်းဆိုခဲ့ကြပါတယ်။

၁၉၃၈ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ရဲ့ တောင်းဆိုချက် ၉ ချက်ကို ဆွေးနွေးဖို့ အနယ်နယ်အရပ်ရပ်က ချင်းအမျိုးသား ကိုယ်စားလှယ် ၃၀၀၀ခန့် နဲ့ အင်္ဂလိပ် အာဏာပိုင် တို့ဟာ ကန်ပက်လက်မြို့ မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ရဲ့ တောင်းဆိုချက်ကို ဗြိတိသျှ အာဏာပိုင်တို့အနေနဲ့ "မည်သို့မျှလိုက်လျောပေးနိုင်မည်မဟုတ်" ဆိုတဲ့ တုံ့ပြန်ချက်ကြောင့် ချင်းအမျိုးသား ကိုယ်စားလှယ်အနေနဲ့လည်း ဆန္ဒပြပြီးတုံ့ပြန်ခဲ့ကြပါတယ်။ ၁၉၃၉ ခုနှစ်မှာ အင်္ဂလိပ်အစိုးရဟာ ချင်းအမျိုးသားညီညွှတ်ရေးကို တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေငြာခဲ့ပြီး ဦးဝမ်သူးမောင်နှင့်အဖွဲ့ ၉ ဦးတို့ကို ဖမ်းဆီးခဲ့ကြပါတယ်။ သူတို့အဖွဲ့ကို ဖလမ်း၊ ဟားခါး၊ တီးတိန်၊ မြင်းခြံ၊ မန္တလေး၊ ကသာ ထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ခဲ့တယ်။ ဦးဝမ်သူးမောင်ဟာ အကြိမ်ကြိမ်အဖမ်းခံရပြီး သူ့ရဲ့ အိမ်ကိုပါ မီးရှို့ပစ်ခြင်းကို ခံခဲ့ရသူပေါ့။

၁၉၄၈ ဖေဖော်ဝါရီလ ၁၉-၂၂ ရက်များမှာ ချင်းဝိသေသတိုင်း၊ တိုင်းလုံးဆိုင်ရာ ညီလာခံတစ်ရပ်ကို ဖလမ်းမြို့ မှာ ကျင်းပခဲ့ပြီး ချင်းဝိသေသတိုင်း အနယ်နယ်အရပ်ရပ်က ပြည်သူလူထု ၅၀၀၀ ကျော် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရွာသူကြီး၊ တိုက်သူကြီး၊ အုပ်ချုပ်ရေး၊ ပြောင်းခွန်၊ လူခွန်၊ အမဲခွန် ပေးဆောင်တဲ့စနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရင်း ဖေဖော်ဝါရီလ၂၀ရက်နေ့မှာ ချင်းအမျိုးသားနေ့အဖြစ် ထောက်ခံအတည်ပြုခဲ့ကြပါတယ်။

ဒီလိုနဲ့ ၁၉၁၈-၁၉၄၈ထိဟာ ချင်းအမျိုးသားတို့အတွက် သမိုင်းဝင်အဖြစ်အပျက်တွေ တစ်ခုပြီး တစ်ခု ဆက်တိုက် ဖြစ်ပွားခဲ့တဲ့အတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် တရားဝင်သတ်မှတ်ဖို့ ၁၉၅၀ အောက်တိုဘာလ ၉ ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ ချင်းအမျိုးသားရေးရာကောင်စီ အစည်းအဝေးကနေ သတ်မှတ် အတည်ပြု ပြဌာန်းခဲ့ကြပါတယ်။ မင်းတပ်မြို့မှာ ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ကို ပြုလုပ် ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးအချို့ တက်ရောက်အားပေးခဲ့ကြပါတယ်။ နိုင်ငံတော် သမ္မတရဲ့ သဝဏ်လွှာကို နိုင်ငံတော်ဝန်ကြီးချုပ်က ဖတ်ကြားအားပေးခဲ့ပါတယ်။

ဒါတွေကတော့ ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ အကျဉ်းချုပ်လေးပေါ့။ ချင်းလူမျိုးတွေရဲ့ချစ်စရာ ရိုးရာဓလေ့အချို့  Angel Shaper သိသလောက်ပြောပြရမယ်ဆိုရင်တော့ ချင်းလူမျိုးတွေဟာ အရင်ဘိုးဘွားခေတ်ကတည်းက အင်မတန်မှကို ရိုးသားဖြူစင်ပြီး သစ္စာတရားကို တန်ဖိုးထားတဲ့ လူမျိုးစုတွေဖြစ်ခဲ့ပါတယ်။ ဒီလူမျိုးစုကို သစ္စာရှိတဲ့ တောင်ဇလပ်ပန်းနီလေးတွေ၊ အောက်ချင်းငှက်ကလေးတွေနဲ့ ကိုယ်စားပြုခဲ့တယ်လေ။

တောင်ဇလပ်ပန်းဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံး၊ အမွှေးဆုံး နဲ့ နာမည်အကြီးဆုံးပန်း မဟုတ်ခဲ့ပေမယ့် သူ့သဘာဝနဲ့သူ ပွင့်ဖူးတတ်တဲ့ပြီး နေဒဏ်၊ မိုးဒဏ်၊ လေဒဏ် အားလုံးကို ကြံ့ကြံ့ခံရင်း သစ္စာရှိရှိ ပွင့်ဖူးတတ်တဲ့ သစ္စာရှိတဲ့ပန်းကလေးတစ်မျိုးပါ။ တောင်ဇလပ်ပန်းဟာ ပင်စည်ကနေ ခူးဆွတ်ပေမယ့် သူ့သဘာဝကိုက အကြာကြီး ပွင့်လန်းနိုင်စွမ်းရှိတဲ့ ထူးဆန်းတဲ့ပန်းတစ်မျိုးပေါ့။ ဒီပန်းလေးတွေဟာ မြေပြန့် ဒေသတွေမှာ မပွင့်နိုင်ပါဘူး။ ဒီလိုအေးချမ်းတဲ့ တောင်ပေါ်ဒေသမှာပဲ ထူးခြားစွာ ပွင့်တတ်တဲ့ ပန်းတစ်မျိုးပါ။ တောင်ဇလပ်ပန်းတွေဟာ ချင်းပြည်နယ်ကို ကိုယ်စားပြုအလှဆင်နေတဲ့ သဘာဝကပေးတဲ့ လက်ဆောင်ပါ။

အောက်ချင်းငှက်ရဲ့ သဘာဝဟာဆိုရင် သူတို့ဟာသစ္စာရှိတဲ့အမျိုးတွေဖြစ်တယ်။ ဘယ်လောက်ထိ သစ္စာရှိသလဲ ဆိုရင်တော့ တစ်ကောင်သေရင် ကျန်ခဲ့တဲ့တစ်ကောင်ကပါ သူ့ချစ်သူသေတဲ့နေရာဒေသကိုရောက်အောင် ဟိုးအမြင့်ဆုံးကောင်းကင်ပေါ်ကနေ ထိုးဆင်းကျပြီး အသက်သေခံရင်း ချစ်ခြင်းမေတ္တာ၊ သစ္စာတရား ကြီးမားခဲ့ ကြတဲ့ ငှက်ကလေးတွေပေါ့။ သူတို့ရဲ့သစ္စာတရားဟာ ချင်းလူမျိုးတွေအတွက် အကောင်းမွန်ဆုံးသော ပုံသက်သေ ကောင်းတွေ ဖြစ်လာခဲ့ပါတယ်။

ဥပမာလေးတစ်ခုပြောရရင် အရင်ခေတ်တုန်းက ချင်းလူမျိုးတွေရဲ့တောင်ပေါ်ဒေသ တောရွာတွေမှာ သော့ဆိုတာ မရှိခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပစ္စည်းပျောက်တယ်။ ခိုးတယ်၊ ဝှက်တယ်၊ သူခိုး ဆိုတာ မရှိခဲ့ဘူးလေ။ တစ်ယောက်နဲ့တစ်ယောက်ဟာ ယုံကြည်မှုရှိတယ်။ သစ္စာရှိကြတယ်။ လယ်ထွန်သွား၊ အပြင်သွားတဲ့အချိန်တွေမှာတော့ ကျွဲ၊ နွား တိရိစ္ဆာန်တွေရဲ့ ရန်ကနေ ကာကွယ်ဖို့လောက်ပဲ သစ်လုံးတွေနဲ့ အကာအကွယ်ပြု ခဲ့ကြတာပါ။ အဲဒီလောက် အေးချမ်းခဲ့တာပေါ့။

နောက်ပြီး ချစ်စရာဓလေ့တစ်ခုကတော့ လူပျို၊ အပျိုတွေဟာ မိဘနှစ်ပါးရဲ့ မျက်စိအောက်မှာပဲ ချစ်ရေးဆို တတ်ကြတယ်။ ချစ်ခွင့်ပန်ကြပါတယ်တဲ့လေ။ အချစ်ရေးဆိုတဲ့အခါမှာလဲ ကဗျာတွေ၊ သီချင်းလေးတွေဖွဲ့ဆိုပြီး ချစ်ရေးဆိုတတ်ကြတာ ဓလေ့တစ်ခုပေါ့။ လူပျိုလှည့်ပြီဆိုရင် လူသူရှိတဲ့နေရာ အဓိကကတော့ အပျိုလေးရဲ့ နေအိမ်မှာ မိဘ၊မောင်နှမရှိနေချိန်တွေမှသာ လည်ခွင့်ရှိပါတယ်။ သမီးရည်းစားချိန်းတွေ့ကြမယ်ဆိုရင်တော့ မိသားစုအားလုံးနဲ့ မီးဖိုဘေးမှာမီးကလေးလှုံရင်း တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းစကားပြောကြပြီး ချစ်ကြည်နူးကြရတယ် ဆိုပဲ။ ဒီခေတ်လူငယ်တွေလို လူသူပါးပြီး မှောင်တဲ့နေရာတွေ၊ ရုပ်ရှင်ရုံတွေ၊ ပန်းခြံရဲ့ ထောင့်နေရာလေးတွေ၊.... စတဲ့ စတဲ့ နေရာလေးတွေမှာ ချိန်းတွေ့ကြတာ မဟုတ်ဘူးလို့ပြောချင်တာပါ။ အဟဲ။ ချစ်သူချင်းလဲ အောက်ချင်းငှက်တွေလိုပဲ သစ္စာရှိကြတယ်။ သေတဲ့အထိကိုပဲ တစ်ဦးနဲ့တစ်ဦး တန်ဖိုးထားပြီး ချစ်မြတ်နိုးတတ်ကြပါတယ်။

ချင်းလူမျိုးတွေမှာ ချင်းစကား၊ ချင်းအမျိုးအနွယ်ပေါင်း အများကြီး အများကြီး ရှိပါတယ်။ (အကုန်လုံးကို ဖော်ပြရင် ပိုစ့်ကအရမ်းကို ရှည်သွားလိမ့်မယ်။ ဒီတော့ အခွင့်ကြုံမှ ဖော်ပြပါ့မယ်)။ ပန်းအိုးလေးတစ်လုံးကို အလှဆင်ဖို့ အတွက် ပန်းပွင့် အမျိုးစုံ၊ အရောင်စုံ အသုံးပြုမှသာ လိုအပ်သလို အလှပဆုံး အလှဆင်နိုင်သလိုပဲ၊ ချင်းလူမျိုးတွေ ဟာလဲ မြောက်များစွာသော အမျိုးနွယ်စု၊ ဘာသာစကားစုတွေကြောင့်သာ ပိုပြီး လှပသက်ဝင် အဓိပ္ပာယ်ရှိရခြင်း ဖြစ်ပါတယ်။ ဒီကနေ့ ၂၀၁၀ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာကျရောက်တဲ့ (၆၂) ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒီပိုစ့်လေးကို ရေးသားရခြင်းပါ။ ပြည့်ပြည့်စုံစုံ မဖော်ပြနိုင်တာ Angel Shaper ရဲ့ အားနည်းချက် ဖြစ်သလို၊ သေချာလေ့လာပြီးမှ ချင်းပြည်နယ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာအချို့ ကို အခွင့်ရှိရင် တင်ပြပါဦးမယ်။

ဒီပိုစ့်လေးအတွက် လိုအပ်တဲ့ အချက်အလက်တွေကို စိတ်ရှည်လက်ရှည် အကြံပေးပြီး ကူညီပြောပြပေးတဲ့ အကို (U Sianpu) နဲ့ သူငယ်ချင်း ပေါက်စီကို ကျေးဇူးအကြီးကြီးတင်ပါတယ်။ သူငယ်ချင်းပေါက်စီ ဆွဲထားတဲ့ ဒီဇိုင်းလေးကြောင့်လဲ ကျေးကျေးစ်နော်။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
19.2.2010 (Fri;)
11:25 Pm

ည........... မှောင်မိုက်လွန်းတဲ့ ည
မှောင်မိုက်မှုတွေ ကြားက
အလင်းရောင် တစ်ချို့ တဝက် ဖြန့်ကျက်လို့နေလေရဲ့။
အော်..... လရောင်နဲ့အတူ အေးချမ်းမှုတွေများ ပါလာမလားလို့ ငါခိုလှုံခဲ့မိတယ်။
ရင်ထဲမှာပူလောင်ခြင်းတွေကိုပဲ ငါခံစားရရှိခဲ့တယ်။

အိပ်လို့ မပျော်တဲ့ ည......
ရင်မှာ အမျိုးအမည်မသိတဲ့ခံစားမှုတစ်ချို့ 
ပူလောင်နေတာလား၊ ခံရခက်တာလား မသိတဲ့ ခံစားမှုတစ်ချို့ 
ဒီလိုနဲ့ ပဲ အချစ်ဆိုတာကို အကျွမ်းတဝင်ဖြစ်မှန်း သိခဲ့ရတယ်။

အထီးကျန် ခြောက်သွေ့တဲ့ည.......
တစ်ယောက်တည်း အတွေးတွေ များစွာထဲက
ပျော်ရွှင်တာတွေ၊ ဝမ်းနည်းတာတွေ ခံစားဖူးတယ်။
နှစ်ဦးသား အတိုင်းမသိပျော်ရွှင်ခဲ့ဖူးတယ်။

ခုတော့လည်း ငါ့တစ်ယောက်တည်း
ရယ်ချင်ရယ်နေတယ်။ မျက်ရည်လေးတွေ ဝဲချင်ဝဲနေတယ်။
ဘယ်သူမှမသိတဲ့ တစ်ကိုယ်တည်းလွမ်းဆွတ်မှု
ရူးကြောင်ကြောင် အတွေးများလား......
အင်းးးးးးးးးး သေချာတာတော့ ငါအခုထက်ထိ အိပ်မရသေးတာပါပဲ။

အိပ်မပျော်တဲ့ သမီးကြီးအိန်ဂျယ့်ကို အရထူးတဲ့ အကိုတော်ကိုလောက်ကြီး (ခေါ်) ကိုခလောက်
(ကိုအိုက်ခီလောက်)က သနားလို့တဲ့...... မူးမူးနဲ့ လက်ဆောင်ရေးပေးလိုက်တဲ့ ကဗျာလေးပေါ့။
ကိုလောက်ကြီးရေ.......ကျေးဇူးကြီးးးးကြီးးးးးးးးးးးနော်။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
6.2.2010 (Sat;)
3:20Am