တစ်ခါတုန်းက စာတော်ပြီး အရမ်းကြိုးစားတဲ့ ဆေးကျောင်းသားတစ်ယောက်ရှိတယ်။ အတန်းတိုင်းမှာလဲ ပထမရခဲ့တဲ့ သူက ပညာမာန်လေးလဲ ရှိသတဲ့လေ။ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားဖြစ်တဲ့ သူ့မှာ နှုတ်ဖြေဖြေဖို့ပဲ လိုတော့တဲ့ အချိန်လေးအတွက် တော်တော်လေးကို ပြင်ဆင်နေတယ်။ သူ့ကိုယ်သူလဲ ယုံကြည်မှု အပြည့်အဝရှိနေတယ်လေ။
ဒီလိုနဲ့ စာမေးပွဲနေ့ရောက်လို့ ပါမောက္ခကြီးက မေးခွန်းစမေးပါတယ်။
"မင်းဆီကို အသည်းအသန်ဖြစ်နေတဲ့ လူနာ တစ်ယောက်ရောက်လာမယ်။ မင်း ဒီဆေးတိုက်ရမယ်၊ ဟုတ်တယ်နော်။ ကဲ...မင်းသူ့ကို ဘယ်လောက်တိုက်မလဲ?" လို့ အင်မတန်လွယ်တဲ့ မေးခွန်းမေးလိုက်ပါသတဲ့။
အရမ်းတော်တဲ့ သူ့အတွက်ကတော့ ဒါဟာ အလွန်လွယ်တဲ့ မေးခွန်းလေးပါ။
သူ့ကိုတောင်မမေးသင့်ဘူးလို့ သူက ယူဆထားတာပေါ့လေ။ သူပြင်ဆင်ထားတာတွေနဲ့ ယှဉ်ကြည့်လိုက်ရင်တော့ မိုင်နာလေးပေါ့။ သူက ပြုံးပြီးတော့ ချက်ချင်း ပြန်ဖြေလိုက်တယ်။
"ကျွန်တော့်လူနာကို ကျွန်တော် ဒီဆေး တစ်ဝက်တိုက်ပါမယ်"။
ဒီလိုနဲ့ စာမေးပွဲပြီးလို့ သူ ပြန်လာတယ်။
လမ်းမှာ သူဖြေခဲ့တာတွေကို ပြန်စဉ်းစားလိုက်တယ်။ သူတိုက်လိုက်တဲ့ ဆေးတစ်ဝက်ဟာ အသည်းအသန် ဖြစ်နေတဲ့ လူနာတစ်ယောက်အတွက် တော်တော်လေး များနေတယ်။ အမှန် သူတိုက်ရမဲ့ ဆေးက သုံးပုံတစ်ပုံပဲ ဆိုတာ သူပြန်သတိရလိုက်တယ်။
ဒီလိုနဲ့ စာမေးပွဲခန်းထဲကို သူ အမြန်ပြေးလားပြီး ပါမောက္ခကြီးကို ဝင်ခွင့်တောင်းတယ်။
"ပါမောက္ခကြီး ခင်ဗျာ၊ ကျွန်တော့်ကို ဝင်ခွင့်ပြုပါ။ ကျွန်တော်တိုက်လိုက်တဲ့ဆေး အရမ်းများသွားပါတယ်။
တကယ်တိုက်ရမှာက သုံးပုံတစ်ပုံထဲပါ။ " လို့ ပြောပြလိုက်တယ်။
ပါမောက္ခကြီးက သူ့ကို စိတ်မကောင်းတဲ့ မျက်နှာနဲ့ တစ်ချက်ကြည့်ပြီး..................
"စိတ်မကောင်းပါဘူး။ လွန်ခဲ့တဲ့ ၁၅မိနစ်ကပဲ မင်းလူနာ ဆုံးသွားပါပြီ" တဲ့လေ။
ဒီပုံပြင်တိုလေးဟာ Angel Shaper ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ မဂ္ဂဇင်း ဝတ္ထုတိုတစ်ပုဒ်လေးထဲကပါ။
ဝတ္ထုတိုလေးကိုတော့ သိပ်မမှတ်မိတော့ပါဘူး။ ဒီပုံပြင်လေးကတော့ ဝတ္ထုတိုထဲက
ကောင်မလေး၊ သူ့သူငယ်ချင်း ကောင်လေးကို ပြောပြထားတဲ့ပုံပြင်လေးပေါ့။
Angel Shaper ဒီပုံပြင်လေး ဖတ်မိတုန်းက တော်တော်လေး ငယ်ပါသေးတယ်။ ဒီပုံပြင်ဖတ်ပြီးတော့ ရင်ဘတ်ထဲကို ဘယ်လိုကြီးလဲ မသိတဲ့ ခံစားချက်တစ်ခု ရလိုက်တယ်။ စိတ်ထိခိုက်တာလား၊ နှမြောတာလား မသိဘူး။ ဘာမှန်းကို မသိတာပါဆို။ အင်မတန် ရှပ်ပြာပြာနိုင်ပြီး ပေါ့လျော့လွန်းတဲ့ Angel Shaper အတွက် သိပ်ကို တန်ဖိုးရှိတဲ့ပုံပြင်လေးပေါ့။ ပုံပြင်ထဲက ကျောင်းသားလေးကတော့ သူ့မာန်လေးတွေအတွက် ပေါ့လျော့ ခဲ့တာ ဖြစ်ပေမယ့်၊ မာန်တက်စရာဘာမှ မရှိတဲ့ Angel Shaper ကတော့ ရှပ်ပြာပြာနိုင်တဲ့ ပေါ့လျော့မှုတွေ အတွက်၊ စိတ်ဆတ်ပြီး စိတ်မြန်လွန်းတဲ့ အကျင့်လေးတွေအတွက် ပေါ့လေ။ ဒီပုံပြင်ကို မှတ်ထားပြီး ကျောင်းရောက်တော့ သူငယ်ချင်းတွေ အားလုံးကို ပြန်ပြောပြဖြစ်တယ်။ တို့တွေ ဒီပုံပြင်ထဲကကျောင်းသားလို အနာဂတ်ဘဝအတွက်၊ တို့ပတ်ဝန်းကျင်က လူတွေအတွက် မာန်တက်ပြီး ပေါ့လျော့နေမဲ့အစား သတိကြီးစွာ လူတွေကို ကယ်တင်ကြမယ်နော်။ ကြိုးစားကြမယ်နောဆိုပြီး အရွယ်နဲ့မလိုက်တဲ့ စကားလုံးအကြီးကြီးတွေသုံးပြီး သူငယ်ချင်းတွေကို ဆရာလုပ်ဖြစ်ခဲ့ဖူးတယ်။
ဒီလိုပါပဲ လူတွေအားလုံး မှားတတ်ကြတာပဲ။ မဆန်းပါဘူး။ ခဲတံလေးတွေမှာ ခဲဖျက်လေးတွေ ထည့်ပေးထားတာ မှားတတ်လွန်းတဲ့ လူတွေအတွက်ပဲ မဟုတ်လား။ "မမှားသော ရှေ့နေ၊ မသေသောဆေးသမား" ဆိုတဲ့ စကားပုံ လေးတောင် ရှိသေးတာပဲလေ။ မှန်ပါတယ်။ ဒါတွေက နောက်ပြန်ဆုတ်လို့ မရတဲ့ အမှားတွေ၊ ခြေလှမ်းတွေလဲ ရှိတယ်ဆိုတာ ဖော်ပြလိုက်တာပါပဲ။ ဒီလိုအမှားမျိုးက ကိုယ့်ဘဝ၊ ကိုယ့်အနာဂတ်ကိုသာမက၊ လူ့အသိုင်းအဝိုင်း ကိုယ့်ဘေးပတ်ဝန်းကျင်ကိုပါ ကြီးမားတဲ့ ဆုံးရှုံးမှုတွေတောင် ဖြစ်စေနိုင်တယ်လေ။ ဒီလိုအမှားတွေရဲ့ အခြေခံ ဇစ်မြစ်ဖြစ်တဲ့ ငါဆိုတဲ့ မာန်မာနလေးတွေ၊ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်း၊ ယုံကြည်မှု လွန်ကဲလွန်းနေတာတွေ လျှော့ပြီး အရာရာကို သတိကြီးစွာနဲ့ ဆုံးဖြတ် လုပ်ဆောင်ကြည့်ရင်တော့ ဒီလိုအမှားမျိုး မရှိသလောက်ကို နည်းသွားမယ် လို့ ထင်ပါတယ်။
တစ်ချို့ အမှားတွေကတော့ ပြန်ပြင်ယူလို့ရတဲ့ အပြင် ဘဝအတွက် သင်ခန်းစာတွေ၊ အတွေ့အကြုံတွေ၊ ရင့်ကျက် တိုးတက်မှုတွေတောင် ပေးတတ်ပါသေးတယ်။ ဒီလိုအရာလေးတွေ အတွက်တော့ အမှားကိုမြင်ပြီး ပြန်ဖျက်ရဲ ရမယ်။ ပြန်ရေးနိုင်ရမယ်လေ။ မှားတတ်လို့ ဆောင်ထားကြတဲ့ ခဲဖျက်လေးတွေလိုပေါ့။ ပြန်ဖျက်ပြီး ပြင်ယူသင့်ရင် ပြင်ယူရမယ်။ ဒါမှ ပိုကောင်းတဲ့အမှန်တရားတွေရလာမှာပေါ့။
ကဲ... တို့ အမှားလေးတွေလဲ ခဲဖျက်လေးနဲ့ ပြန်ဖျက်ယူလို့ရသလား? ဒါမှမဟုတ် ပြန်ဖျက်မရတဲ့ ပုံပြင်ထဲက ကျောင်းသားလေး လိုပဲ မာန်တွေတက်ပြီး ပေါ့လျော့မိလို့ ကိုယ့်အနာဂတ် သာမက ဘေးပတ်ဝန်းကျင်ကကိုပါ ဒုက္ခများပေးနေမိသလား ?
ကိုယ့် အတ္တ၊ မာန်မာနလေးတွေကြောင့် လူ့ ပတ်ဝန်းကျင်ကို ဆုံးရှုံးပျက်စီးစေခဲ့မိသလား၊ ဘယ်နှစ်မိနစ်ရှိနေပြီလဲ?
ချစ်ခြင်းများစွာဖြင့်
Angel Shaper
6.8.09 ( Thur; )
2:00 Am